ထုံးကို စိုက်ပျိုးရေးတွင် သုံးသော် (၁)

20/03/2022 15:00 PM တွင် ဖုန်းမာန်တိုး ဖုန်းမာန်တိုး မှ ရေးသား

 စိုက်ပျိုးမြေ ပြုပြင် ပစ္စည်းများ (Soil Amendments) အနေဖြင့် အသုံးပြုလျက်ရှိသော အရာများစွာရှိပေသည်။ ထိုအရာများမှာ မြေဆွေးအမျိုးမျိုး၊ သစ်စိမ်းမြေဆွေး၊ ထင်း နှင့် ဝါး မီးသွေး၊ ပြာ၊ အီးအမ် ဘိုကာချီ၊ ကြက်ချေး၊ နွားချေးစတဲ့ ဩဂဲနစ် သက်ရှိရုပ်ကြွင်း ပစ္စည်းများသာမက ကျောက်မှုန့်၊ ထုံးမှုန့် စတဲ့ မြေကျောက်သား မှ ရရှိသည့် သတ္တုတွင်းထွက်များကိုလည်း သုံးလျှက်ရှိကြပါသည်။ 

စိုက်ပျိုးမြေ ပြုပြင် ပစ္စည်းများ (Soil Amendments) ကို အပင်အာဟာရဓာတ် ရရှိစေရန် မြေဩဇာအနေဖြင့်၊ မြေသား အရည်အသွေးကောင်းစေရန်၊ မြေဆောင်ပိုး နှင့် ရောဂါများကိုလျှော့ချရန် စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် သုံးကြပါသည်။

သို့ရာတွင် မည်သည့် မြေပြင် မြေခံ ပစ္စည်းကို မည်သည့် နေရာတွင် သုံးရမည်ကို သိရှိရန်လိုအပ်ပါသည်။ ပုံမှန်အားဖြင့် ဩဂဲနစ် သက်ရှိရုပ်ကြွင်း ပစ္စည်းများက ပြသနာမရှိလှသော်လည်းသတ္တုတွင်းထွတ်များကိုတော့ မှန်ကန်စွာသုံးသင့်ပါသည်။ ရှေးဦးစွာ စိုက်ပျိုးရေးတွင် သုံးလေ့ရှိသော သတ္တုတွင်းထွက်များ - ဒိုလိုမိုက် (Dolomite), ထုံး (Lime) နှင့် ကျောက်မှုန့် (Gypsum) တို့အကြောင်းကို လေ့လာကြည့်ကြပါစို့။

ထုံး (Lime) - ဩဂဲနစ် မဟုတ်သော ကယ်လ်ဆီယမ် ပါဝင်သည့် ဓာတ်ပေါင်း တစ်ခုဖြစ်ပြီး ထိုဓာတ်ပေါင်းသည် အယ်ကာလိုင်း ဖြစ်သည်။  (ချဉ်ငန်ကိန်း - pH တန်ဖိုးအားဖြင့် မြင့်သည်)။

ဒိုလိုမိုက် (Dolomite) - ထုံး အမျိုးအစားတစ်ခုဖြစ်သည်။ 

ကျောက်မှုန့် (Gypsum) - ထုံး အမျိုးအစားတစ်ခုဖြစ်သည်။

ထုံးကို အမျိုးအစားခွဲရာတွင် ပုံပါ ဇယားအတိုင်းတွေ့ရှိရပါမည်။

စိုက်ပျိုးရေးတွင် အသုံးချခြင်း 

ထုံးကျောက် (Calcium Carbonate)  ကို မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် သုံးပါသည်၊ တစ်ချို့သော မှိုရောဂါများ နှင့် ဘတ်တီးရီးယား များ ကိုလျှော့ချရန်လည်း သုံးပါသည်။ 

ကောင်းကျိုးများမှာ - မြေချဉ်ငန်ကိန်း (pH) ကို တက်စေသည်။ ထို့အတွက် အများလို အာဟာရ ဓာတ်များ ( N, P, K) တို့ကို အက်ဆစ်မြေ - မြေချဉ်ငန်ကိန်း (low pH) နိမ့်သောမြေများတွင် ရရှိစေနိုင်သည်။ ကယ်ဆီယမ် အဟာရဓာတ် ရရှိစေသည်။ အက်ဆစ်မြေ - မြေချဉ်ငန်ကိန်း (low pH) နိမ့်သောမြေများတွင် ရေစိမ့်ဝင် စီးဆင်းမှုကိုအားပေးသည်။ ဈေးသက်သာသည်။ 

နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) ၁ ယူနစ် တက်ရန် ဥပမာ pH 4 မှ 5 ဖြစ်ရန် တစ်ဧကကို ၂ တန်ခန့်  အနည်းဆုံး ထည့်ရမည်။

ဆိုးကျိုးများမှာ ..

မြေချဉ်ငန်ကိန်း (Soil pH) ကိုသိရှိရန် လိုအပ်သည်။ ထုံးကို မြေချဉ်ငန်ကိန်း (pH – 6) အောက်မြေများတွင် သုံးရပါမည်။ မြေချဉ်ငန်ကိန်း (pH – 6) အထက် မြေများတွင် သုံးမိပါက - အပင်များလောင်နိုင်၍ အာဟာရစုပ်ယူရာတွင် အဟန့်အတားဖြစ်စေနိုင်သည်။ 

မြေအတွင်းထဲနှံ့စပ်အောင် ရောက်ရှိရန် လုပ်ရကိုင်ရ ဝန်ကြီးမားသည်။ ထုံး၏ လုပ်ဆောင်ချက်မှာ နှေးကွေးသည်။ အာနိသင်ရရန် အနည်းဆုံး ၂ လ မှ ၆ လ လောက့်စောင့်ရသည်။

ရေတွင်ပျော်ဝင်မှုအားနည်းသည်။ ရေရှည်တွင် ပမာဏ များစွာ (ထုံး ပမာဏ ၄ တန် ကို တစ်ဧက တွင် ၂ နှစ်အတွင်း) ထက်ပိုသုံးလျှင် မြေကျပ်ခြင်း၊ ထုံးလွှာဖြစ်ပေါ်၍ ရေစီးဆင်းမှု မကောင်းခြင်းများ ကိုဖြစ်စေသည်။

ပင်ရည်စိမ့်ထွက်ခြင်း Plasmolysis ဖြစ်၍ အပင်ကြီးထွားမှုကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်။

 

ဒိုလိုမိုက် (Dolomite) နဲ့ ကျောက်မှုန့်/ လချေးမှုန့် (Gypsum) တို့ သုံးမယ်ဆိုရင် ဖြစ်လာမယ့် ကောင်းကျိုးဆိုးကျိုးတွေကို အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ 

စိုက်ပျိုးရေး အသိကြွယ်စေရန် ရည်ရွယ်၍ 

မှ

ဖုန်းမာန်တိုး  (ရေဆင်းရနံ့)

 

ကျမ်းကိုးများ - https://socratic.org/.../how-do-you-calculate-the...

https://www.dpi.nsw.gov.au/.../guides/soil-acidity/best-lime

https://www.fertilesoilsolutions.com/.../comparing.../

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်