စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၂) 

31/07/2022 11:30 AM တွင် Htet Zaw Htun (organic Farming Coach) Htet Zaw Htun (organic Farming Coach) မှ ရေးသား

Azolla စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များ

မြေရွေးချယ်ခြင်းနှင့် ရေကန်တည်ဆောက်ခြင်း

  • အလွယ်တကူ ကြီးကြပ်နိုင်၊ ထိန်းသိမ်းမှုပြုလုပ်နိုင်တဲ့ မြေနေရာကိုရွေးချယ်သင့်ပါတယ်။ 
  • ရေပေးရန် လုံလောက်မှုရှိနိုင်တဲ့နေရာ ဖြစ်သင့်ပြီး Azolla စိုက်ပျိုးဖို့အတွက် တစ်စိတ်တစ်ပိုင်း အရိပ်ရနိုင်တဲ့နေရာဖြစ်သင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အရိပ်အာဝါသ အစီအစဉ်များ ဖန်တီးပေးဖို့ လိုပါတယ်။
  • Azolla ရဲ့ ကြီးထွားမှု ဧရိယာဟာ ကန်ရဲ့လိုအပ်ချက်တွေပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။
  • ပုံမှန်အားဖြင့် အကျယ်အဝန်း (6 x 4) ပေ ရှိတဲ့ ကန်တစ်ကန်ဟာ တစ်နေ့ကို Azolla 1 ကီလို ဂရမ် (၆၂ ကျပ်သားခန့်) ထွက်ရှိနိုင်ပါတယ်။
  • မြေကို သေချာသန့်စင်ပြီး ညှိပေးရပါမယ်။ ရေကန်ကို အုတ်ခဲများဖြင့် သို့မဟုတ် မြေသားကို ဖယ်ထုတ်ခြင်းဖြင့် မြှင့်တင်ထားတဲ့ တာတမံဖြင့် ဖန်တီးနိုင်ပါတယ်။ 
  • ဧရိယာကို တာရှည်ခံဖို့နဲ့ လေပြင်းတိုက်ခတ်ချိန်မှာ ကာကွယ်နိုင်စေဖို့အတွက် အုတ်များဖြင့် ဖုံးအုပ်ထားသင့်ပြီး ဧရိယာအားလုံးကို အကြမ်းခံသော တာပေါ်လင်ဖြင့် ဖုံးအုပ်ထားသင့်ပါတယ်။
  • တာပေါင်ကနေ ရေယိုစိမ့်ခြင်းမှ ကာကွယ်ရန် အပေါက်များ မရှိစေဖို့ ဂရုပြုရပါမယ်။ သစ်သားတိုင်များ သို့မဟုတ် ဝါးတုတ်များသုံးပြီး ရေကန်ပတ်လည်မှာ အရိပ်ရဇာပိုက်စများကို မိုးပေးသင့်ပါတယ်။



*Azolla မျိုးပွားခြင်း*



  • Azolla ဟာ မျိုးပွားပြီး တစ်နှစ်ပတ်လုံး ပွားများနိုင်ပါတယ်။ မျိုးများကို ပြန်လည်ပွားယူနိုင်ရန်အတွက် ရာသီတလျှောက်လုံး ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
  • အလွန်ပူပြီး အလွန်အေးတဲ့ အပူချိန်မျိုးဆိုရင်တော့ Azolla မျိုးစိတ်များကို ထိန်းသိမ်းခြင်းဟာ ခက်ခဲနိုင်လို့ ဂရုတစိုက် ကိုင်တွယ်သင့်ပါတယ်။
  • နွေရာသီကာလမှာဆိုရင် ကြီးထွားမှုထိန်းသိမ်းရန်နဲ့ ပိုးမွှားများရန်မှ ကာကွယ်ဖို့ သင့်တော်တဲ့ သဘာဝပိုးသတ်ဆေးတမျိုးမျိုးကို အသုံးပြု ကာကွယ်ပေးရပါမယ်။
  • Azolla စိုက်ပျိုးဖို့ဆိုရင် အဓိက နည်းလမ်းနှစ်ခုကို အသုံးပြုနိုင်ပါတယ်။
  • တနည်းက ပျိုးခင်းမှာ စိုက်ပျိုးပြီးနောက် မျိုးပွားဖို့အတွက် စပါးခင်းများ နဲ့ တခြားရေမှာ စိုက်ပျိုးနိုင်တဲ့ စိုက်ခင်းများထဲမှာ ကြဲချတာပါ။  ဒုတိယတစ်မျိုးကတော့ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးဖို့ ဖြစ်ပါတယ်။
  • Azolla မျိုးပွားခြင်းမှာ မျိုးကွဲအားလုံးကတော့ မြင့်မားတဲ့ အပူချိန်ကို ခံနိုင်ရည်မရှိပါဘူး။ Azolla ရဲ့ မျိုးပွားမှု၊ ပိုးမွှားနှင့်ရောဂါကျရောက်မှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့တွေကတော့ အတော်လေးဂရုစိုက်ပေးဖို့ လိုပါတယ်။



*Azolla စိုက်ပျိုးခြင်းအတွက် ပတ်ဝန်းကျင်လိုအပ်ချက်*



  • Azolla ကို ရေကန်များ၊ မြောင်းများ၊ ပူနွေးသောရေစိုဒေသများနဲ့ အပူပိုင်းဒေသများမှာ အဓိကအားဖြင့် တွေ့ရှိရပါတယ်။ သူ့ရဲ့ကြီးထွားမှုနဲ့ အလင်းပြန်ခြင်းအတွက်ဆိုရင် တစ်စိတ်တစ်ပိုင်း အရိပ်နဲ့ အလင်းရောင် လိုအပ်ပါတယ်။
  •  Azolla စိုက်ပျိုးရေးအတွက် နေရောင်ခြည် လိုအပ်ချက်ကတော့ 25-50% ဖြစ်သည်။ အကောင်းဆုံးပျမ်းမျှအပူချိန်လိုအပ်ချက်ကတော့ 20-30˚C ဝန်းကျင်ပါ။ 
  • အပူချိန် 35˚C အထက်မှာဆိုရင်တော့ Azolla ကြီးထွားမှုကို အဟန့်အတားဖြစ်စေပြီး သူ့ရဲ့ပွားနှုန်းကို လျော့ကျစေပါတယ်။
  • ရေကန်ထဲမှာ အနည်းဆုံးရေပမာဏ ၄ -၆ လက်မ ရှိသင့်ပါတယ်။
  • Azolla စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အကောင်းဆုံးနှိုင်းရစိုထိုင်းဆကတော့ 85-90% ဝန်းကျင်ဖြစ်ပါတယ်။ စိုထိုင်းဆ 60% အောက်ဆိုရင် ဧရိယာအတွင်း ခြောက်သွေ့မှုကို ဖြစ်စေပြီး ပျက်စီး လွယ်သွားစေနိုင်ပါတယ်။
  • ကြီးထွားမှုအကောင်းဆုံး pH အနေနဲ့ကတော့ 5-7 အကြား ရှိသင့်ပါတယ်။ အယ်ကာလိုင်း သို့မဟုတ် အက်ဆစ်ဓာတ်များလွန်းတဲ့ pH ဟာ Azolla ကြီးထွားမှုအပေါ် ဆိုးရွားသော သက်ရောက်မှုရှိနိုင်ပါတယ်။ ရေငန်ဓာတ်မများစေဖို့ သတိထားသင့်ပါတယ်။

အပင်ကြီးထွားရှင်သန်ရန် လိုအပ်ချက်များ

  • Azolla ဟာ ရေမှ အာဟာရများကို ရရှိပြီး ကြီးထွားမှုအတွက်ဆိုရင် လုံလောက်သော ဖော့စဖရပ်စ် ထောက်ပံ့ပေးဖို့က အလွန်အရေးကြီးပါတယ်။ 
  • တစ်ခါတစ်ရံမှာတော့ သူ့ရဲ့ကြီးထွားမှုအတွက် ပိုတက်စီယမ်မြေသြဇာကို လိုအပ်ပါတယ်။
  •  
ပျိုးပင်များ ကြီးထွားလာချိန်မှာ နီညိုရောင်ပြောင်းသွားတာကို တွေ့ရင် ဒါဟာ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ကြောင်း ညွှန်ပြတာဖြစ်ပြီး အာဟာရရေ၊ အီးအမ် စတာတွေကို အပင်တွေပေါ် ဖျန်းပေးဖို့ လိုပါတယ်။
  • သဘာဝမြေဩဇာ (ကြက်ချေး သို့မဟုတ် နွားချေး)နဲ့ ဖော့စဖိတ်ကျောက်မှုန့် တို့ကိုလည်း လိုအပ်သလိုထည့်သွင်းအသုံးပြုပေးရပါမယ်။ 
  • မိုးရာသီဟာ Azolla စိုက်ပျိုးခြင်းအတွက်ကောင်းမွန်ပြီး လျင်မြန်သော ကြီးထွားမှုကို သေချာပေါက် ရရှိစေနိုင်ပါတယ်။

ပိုးမွှားနှင့်ရောဂါထိန်းချုပ်ခြင်း

  • 

ပိုးမွှားနှင့် ရောဂါထိန်းချုပ်ရေး
အများအားဖြင့် နွေရာသီမှာဆိုရင် ပိုးမွှားတွေဟာ Azolla ကို လုံးဝပျက်စီးအောင်ဖျက်ဆီးနိုင်တာကြောင့် ဆိုးရွားတဲ့ပြဿနာတစ်ခုပါ။
  • Azolla ရဲ့ အရွက်ပေါ်မှာ ကျက်စားတဲ့ အဓိကအင်းဆက်ပိုးမွှားတွေကိုတော့ သင့်တော်တဲ့ သဘာဝအိမ်လုပ်ပိုးမွှားသတ်ဆေးတွေ ဖျန်းပေးသင့်ပါတယ်။
  • ခရုတွေ၊ ဖားတွေဟာလည်း Azolla ရဲ့ အမြစ်များနဲ့ အရွက်နုများကို စားသောက်ဖျက်ဆီးတတ်လို့  သူတို့ကိုလည်း သဘာဝနည်းလမ်းတွေနဲ့ ထိန်းချုပ်ဖို့လိုပါတယ်။ 
  • ( ဥမာ အီးအမ် ၅၊ တမာ နဲ့ အခြားအိမ်လုပ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းခြင်း)



*Azolla ရိတ်သိမ်းခြင်း*



  • Azolla ဟာ အချိန် ၂-၃ ပတ်အတွင်း လုံးဝကြီးထွားနိုင်ပြီး အဲ့ဒီလိုကြီးထွားမှုပြည့်ပြီးပြီဆိုရင် နေ့စဉ် ရိတ်သိမ်းလို့ ရပါပြီ။
  • သူ့ရဲ့ဇီဝဒြပ်ထုကို ပလတ်စတစ်ဆန်ခါများဖြင့် စုဆောင်းနိုင်ပြီး 6 x 4 ပေ အကျယ်အဝန်းကနေ တစ်နေ့ ပျမ်းမျှအထွက်နှုန်း ၁ ကီလိုဂရမ်ရှိနိုင်ပါတယ်။
  • ကိုယ်အသုံးပြုမယ့်ပမာဏထက်ပိုနေမယ်ဆိုရင် အရိပ်အောက်မှာ အခြောက်ခံပြီး နောင်အသုံးပြုဖို့အတွက် သိမ်းဆည်းထားနိုင်ပါတယ်။
  • လတ်ဆတ်သော သို့မဟုတ် ခြောက်သွေ့သောပုံစံဖြင့် မွေးမြူရေးအစာအဖြစ် အသုံးပြုနိုင်ပါတယ်။ 
  • ရိတ်သိမ်းပြီးပါက နွားချေးနံ့ ကင်းစင်စေဖို့ ရေဖြင့် သေချာဆေးကြောရပါမယ်။
  • အဲ့ဒီလို သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ရေကို မွေးမြူရေးကန်မှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။



Azolla ကို အသုံးချခြင်း


  • Azolla ကို စပါးစိုက်ပျိုးခြင်းမှာ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုကြပြီး 20% အထွက်တိုးလာတာကို သုတေသနများကနေ တွေ့ရပါတယ်။
  • Azolla အခြောက်ဟာ အာဟာရပါဝင်မှု မြင့်မားပြီး lignin ပါဝင်မှုနည်းတာကြောင့် မွေးမြူရေးအစာအဖြစ် အသုံးပြုလို့ ရပါတယ်။ 
  • ကြက်ငှက်တွေကို ကျွေးမယ်ဆိုရင် ကိုယ်အလေးချိန်နဲ့ ဥထုတ်လုပ်နိုင်စွမ်း တိုးစေပါတယ်။ 
  • နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ယုန်နဲ့ ငါးတို့ကိုလည်း ကျွေးနိုင်ပါတယ်။
  • စိုက်ပျိုးရေးဧရိယာမှာ သဘာဝအော်ဂဲနစ်မြေစာအဖြစ် လုပ်ဆောင်နိုင်သလို ရေမျက်နှာပြင်ပေါ်မှာ ထူထပ်သောအလွှာအဖြစ် ပေါက်ရောက်တာကြောင့် စပါး သို့မဟုတ် လယ်ကွင်းတွေမှာ စိုက်ပျိုးတဲ့အခါ ပေါင်းမြက်တွေကို ထိန်းချုပ်နိုင်ပါတယ်။
  • ရေငွေ့ပျံနှုန်းကို နှေးကွေးစေလို့ မြေဆီလွှာအစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။



*အကြံပြုချက်များ*

  • 
Azolla ဟာ လျင်မြန်စွာ ကြီးထွားတာကြောင့် နေ့စဉ် ရိတ်သိမ်းဖို့ အကြံပြုထားပါတယ်။
  • သဘာဝမြေဩဇာနဲ့ အနည်းလိုအာဟာရဓာတ်တွေကို တစ်ပတ်လျှင်တစ်ကြိမ် ပေါင်းထည့်ခြင်းက သူ့ရဲ့ကြီးထွားမှုကို အားကောင်းစေပါတယ်။
  • ကန်ထဲမှ အနည်းဆုံးရေ 30% ကို ရေချိုဖြင့် အစားထိုးပေးခြင်းဖြင့် နိုက်ထရိုဂျင်ပမာဏကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။
  • ၆ လတစ်ကြိမ် ရေကန်တစ်ခုလုံးကို သန့်ရှင်းလတ်ဆတ်သော ပစ္စည်းတွေနဲ့ လဲပေးရပါမယ်။
  • မြေဩဇာနှင့် အခြားအာဟာရဓာတ်များ အောက်ခြေတွင် အနည်ထိုင်စေဖို့ ၂ ရက် သို့မဟုတ် ၃ ရက်ကြာမှ Azolla ကို အတုံးသေးသေးလေးတွေဖြစ်အောင် ခွဲပြီး ရေကန်ထဲကို ထည့်ပေးရင် ပွားနှုန်းကို ပိုပြီးမြန်ဆန်စေပါတယ်။ 

အထက်ဖော်ပြပါအချက်တွေအရ အေဇိုလာဟာ ကောင်းကျိုးများစွာရရှိနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တပိုင်တနိုင်စိုက်ပျိုးလုပ်ကိုင်ကြတဲ့ စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ် အသုံးချနိုင်ဖို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်