ကယ်လီဖိုးနီးယားမှာ အသုံးများလာတဲ့ ပျားသူခိုးဖမ်း နည်းပညာ

28/02/2022 13:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အမေရိကားမှာ ပျားအုံသူခိုးတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတာကြောင့် ပျားမွေးမြူသူတွေဟာ သူတို့ ပျားအုံတွေကို သူခိုးရန်က ကာကွယ်ဖို့ နည်းပညာ အမျိုးမျိုး အသုံးပြုလာကြရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က ပျားမွေးမြူသူတွေဟာ ကမ္ဘာ့အကြီးဆုံး ဝတ်မှုန်ကူးပွဲတော်ကြီးတစ်ခုအတွက် ပြင်ဆင်နေကြတာပါ။ ဒီပွဲအတွက် အမေရိကားတစ်ဝန်းမှာရှိတဲ့ ပျားမွေးမြူရေးသမားတွေက သန်းပေါင်းထောင်ချီ တဲ့ ပျားတွေကို ကယ်လီဖိုးနီးယားပြည်နယ်ဆီ ပေးပို့လာကြပါတယ်။ ပြည်နယ်ထဲက မက်မွန်တောင်သူတွေဟာ ပျားမွေးမြူရေးသမားတွေကို ပိုက်ဆံပေးပြီး ပြည်နယ်ရဲ့ အဖိုးထိုက်တန်ဆုံးသီးနှံအတွက် ဝတ်မှုန်ကူးဖို့ ပျားတွေကို အသုံးပြုကြပါတယ်။

အခြားပြည်နယ်က ပျားတွေ ကယ်လီဖိုးနီးယားကို ရောက်လာချိန်မှာ ပြည်နယ်အတွင်း ပျားသူခိုး သောင်းကျန်းနေချိန်နဲ့ ကြုံနေပါတယ်။ ဒီလိုပြဿနာတွေ တွေ့ရကြုံရများလာတာကြောင့် ပျားမွေးမြူသူတွေဟာ သူတို့ ရင်းနှီးမြှုပ်နှံထားတာတွေကို ကာကွယ်ဖို့အတွက် ခြေရာခံကိရိယာတွေ၊ ကင်မရာတွေနဲ့ အခြားနည်းပညာတွေ အသုံးပြုလာကြပါတယ်။

နိုင်ငံရဲ့ အခြားဒေသတွေမှာလည်း ပျားခိုးယူမှုဖြစ်စဉ်တွေ ပေါ်ပေါက်နေပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ် ထဲက အစားအသောက်ကုမ္ပဏီတစ်ခုရဲ့ ဝတ်မှုန်ကူးကွင်းထဲမှာ ပျားကောင်ရေ ၆၀၀၀၀ လောက် မကြာသေးခင်က အခိုးယူခံခဲ့ရပါတယ်။ ဝတ်မှုန်ကူးပွဲကြီးတွေ ရှိနေတဲ့ ကယ်လီဖိုးနီးယားမှာတော့ ပြဿနာက ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း မွေးမြူရေးခြံတွေကနေ ဒေါ်လာ ထောင်ပေါင်းများစွာ တန်ကြေးရှိတဲ့  ပျားအုံ ၁၀၃၆ အုံ အခိုးခံခဲ့ရတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

အများပြားဆုံး ခိုးယူခံရမှုအဖြစ် ကယ်လီဖိုးနီးယားမြောက်ပိုင်း မန်ဒိုစီနိုကောင်တီထဲမှာ ခြံတစ်ခြံတည်းကနေ ပျားအုံ ၃၈၄ အုံ ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ပျားမွေးမြူရေးအသင်းဟာ ပျားသူခိုး သတင်းပေး နိုင်သူကို ဒေါ်လာ ၁၀၀၀၀ ဆုကြေး ပေးအပ်ဖို့ ထုတ်ပြန်ခဲ့ရပါတယ်။

"ပျားတွေကို တစ်နှစ်ပတ်လုံး တယုတယ မွေးမြူလာခဲ့ရပြီးမှ အခိုးခံလိုက်ရတဲ့ ခံစားချက်ဟာ မပြောပြတတ် အောင်ပါပဲ" လို့ ပျားအခိုးခံရသူ ကလာရီတူဇာက ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ 

နောက်တစ်ရက်ရောက်တော့ လူတစ်ယောက် သတင်းလာပေးတာကြောင့် တာဝန်ရှိသူတွေဟာ ပျောက်ဆုံးသွားတဲ့ ပျားအုံအများစုနဲ့ လယ်ယာသုံးပစ္စည်းအချို့ကို ပြန် ရယူနိုင်ခဲ့ပါတယ်။ သံသယရှိသူတစ်ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ပျားအုံ ၂၈၂ အုံ ပျောက်သွားတဲ့ တခြား ပျားမွေးမြူရေးသမား ဟီလီယိုမီဒီနာ ပိုင်ဆိုင်တဲ့ ပစ္စည်းအချို့ကိုလည်း ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သူခိုးတွေ လုပ်လို့ သူ့လုပ်ငန်းလည်ပတ်မှု အများကြီး ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ မီဒီနာက ပြောပါတယ်။ ဒီနှစ်တော့ သူက ပျားအုံတွေထဲမှာ GPS ခြေရာခံစနစ် ထည့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပျားအုံတွေကို သော့ခတ် ပိတ်ထားတဲ့အပြင် အနီးအနားမှာ ကင်မရာတွေပါ တပ်ဆင်ထားပါတယ်။

"ကျွန်တော်တို့ ပစ္စည်းကို ကျွန်တော်တို့ ကာကွယ်နိုင်ဖို့ လုပ်နိုင်တာ အကုန်လုပ်သွားရမယ်" လို့ မီဒီနာက The Associated Press သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။

သူခိုးတွေဟာ စိုက်ခင်းမှာ လူမရှိချိန်၊ ပျားအုံအတွင်း ပျားတွေ ပြန်ရောက်နေချိန် ညအခါမှာ လှုပ်ရှားလေ့ရှိပါတယ်။ ခိုးယူမှုများစွာကို ပျားမွေးမြူရေးသမားတွေနဲ့ ပျားသယ်ယူပို့ဆောင်ရာမှာ ပါဝင်သူတွေကလည်း ကျူးလွန်တာလို့ သိရပါတယ်။

"များသောအားဖြင့် သူတို့က ငွေရရင်ပြီးရော ခိုးကြတာ။ ပျားတွေကတော့ အကုန်သေကုန်တာပေါ့" လို့ ၂၀၁၃ ခုနှစ်ကတည်းက ပျားသူခိုးတွေကို ခြေရာခံလိုက်နေတဲ့ ဘတ်တီကောင်တီထဲက စုံထောက်ဖြစ်သူ ရိုဒီဂျေး ဖရီးမန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း မက်မွန်သီး လူကြိုက်များလာကာ ကယ်လီဖိုးနီးယားပြည်ဟာ ကမ္ဘာပေါ်မှာ မက်မွန်သီး ထုတ်လုပ်မှုအများဆုံး ဖြစ်လာပြီးနောက် ပျားကောင်လိုအပ်ချက်ကလည်း မြင့်တက်လာပါတယ်။ မက်မွန်စိုက်ပျိုးတဲ့ မြေဧရိယာဟာလည်း နှစ်ဆနီးပါး တက်လာပြီး ဟက်တာ ၅၂၆၀၀၀ ဝန်းကျင် ရှိလာပါတယ်။

ပျားမွေးမြူသူတွေအတွက်တော့ ပျားအုံတစ်အုံ ဆုံးရှုံးလိုက်ရတာနဲ့ ပျားရည်လည်း မထုတ်နိုင်တော့၊ ဝတ်မှုန်ကူးခလည်း မရတော့တဲ့အပြင် တစ်နှစ်ပတ်တာ ပျားမွေးမြူရေးစရိတ်စကတွေလည်း မကာမိတော့ပါဘူး။ ဒီလိုအခြေအနေ ကြုံရတဲ့အခါ အများစုဟာ အမြတ်ငွေ ရရှိဖို့ ရုန်းကန်ကြရပါတယ်။

ဒီနစ်ကွာရယ် ဆိုတဲ့အမျိုးသမီးက ပျားမွေးမြူသူတွေနဲ့ မက်မွန်တောင်သူတွေကို ချိတ်ဆက်ပေးနေသူပါ။ သူက Bee Hero ဆိုတဲ့ နည်းပညာကုမ္ပဏီနဲ့ ပေါင်းပြီး ပျားအုံသေတ္တာတွေမှာ GPS အာရုံခံစနစ်တွေ တပ်ဆင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘတ်တီကောင်တီ ထဲက စုံထောက် ဖရီးမန်းဟာ ပျားသူခိုးတွေကို လိုက်ဖမ်းတဲ့အလုပ် လုပ်နေရာကနေ ပျားမွေးမြူရေးထဲမှာပါ ဝင်လုပ်ဖြစ်နေပါတယ်။ သူက ပျားမွေးမြူသူတွေကို လုံခြံရေးကင်မရာ တပ်ဆင်ဖို့နဲ့ ပျားသေတ္တာတွေပေါ်မှာ နာမည်နဲ့ ဖုန်းနံပါတ်တွေ ရေးထားဖို့ အကြံပြုပါတယ်။

ပျားမွေးမြူသူတချို့ကတော့ SmartWater CSI လို့ခေါ်တဲ့ ခြေရာခံစနစ်တစ်ခုကိုပါ သုံးလာပြီလို့ ဖရီးမန်းက ပြောပါတယ်။ အဲဒီကိရိယာဟာ ရဲတွေ ပစ္စည်းပျောက်လိုက်ရာမှာ အထောက်အကူပေးပါတယ်။ အဲဒီစနစ်ထဲမှာ အရည်ကြည်တစ်မျိုး အသုံးပြုထားပြီး ခရမ်းလွန်ရောင်ခြည်အောက်မှာသာ အဲဒီအရည်ကြည်ကို မြင်နိုင်ပါတယ်။ ဒါကြောင့် ရဲတွေဟာ ခိုးရာပါပစ္စည်းတွေကို ဘယ်လိုပဲ ပုံဖျက်ထားထား ဖော်ထုတ်သိရှိနိုင်တာ ဖြစ်ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Beekeepers Turn to Technology to Prevent Hive Theft - VOA

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်