ဒုတိယအကြိမ် ဆေးထိုးသားဖောက်ပုံအဆင့်ဆင့်
မြက်စားငါးကြင်းငါးအမများကို ဒုတိယအကြိမ်ဆေးထိုးခြင်းကို ပထမအကြိမ်ဆေးထိုးပြီးနောက် ၆ နာရီခြား၍ ပြုလုပ်ရပါမည်။
ဂလင်းဖျော်စပ်ပုံ
ဥပမာ- မျိုးငါးအမ အလေးချိန် တစ်ကီလို (1Kg) အတွက် အသုံးပြုရမည့် ဂလင်း = 3.5 mg (၃.၅ မီလီဂရမ်) ဖြစ်သည်။
မျိုးငါးအမ အလေးချိန် 3.1 kg အတွက်ဆိုပါက အသုံးပြုရမည့် ဂလင်း = 3.1x3.5=10.85 mg
ဂလင်းအလေးချိန် 1mg ရရန် ခေါင်းခွဲငါး(ခေါင်းခွဲပြီးဂလင်းထုတ်ယူမည့် ငါးအထီး) အလေးချိန် = ၃၀ ကျပ်သားလိုပါမယ်။
ထို့ကြောင့် ဂလင်းအလေးချိန် 10.85 mg အတွက် လိုအပ်သော ခေါင်းခွဲငါးအလေးချိန်မှာ - 30 x 10.85 ကျပ်သား = 325.5 ကျပ်သား (၃.၃၂ ပိဿာ) ဖြစ်ပါတယ်။
ခေါင်းခွဲငါးအလေးချိန် 0.625 ပိဿာလျှင် 1kg နှင့် ညီပါသည်။
ဆိုတော့ ခေါင်းခွဲငါးအလေးချိန် 3.25 ပိဿာဆိုပါက = 3.25/0.625 = 5.2 kg ဖြစ်သည်။
ထို့ကြောင့် ဒုတိယအကြိမ် မျိုးငါးအမ 3.1kg အတွက် ဂလင်းထုတ်ယူရမည့် ခေါင်းခွဲငါး အလေးချိန်မှာ = 5.2 kg ဖြစ်ပါသည်။
ဂလင်းထုတ်မည့် ခေါင်းခွဲငါးအား 5.2kg(သို့) 3.25 ပိဿာ ကိုချိန်တွယ်၍ ခေါင်းခွဲပြီး ဂလင်းထုတ်ယူပါ။
ရရှိသောဂလင်းအား ချေဆုံတွင် ကြိတ်ချေပြီး မိုးရေ(သို့) နော်မယ်ဆလိုင်း(Normal Saline)ကို ငါးအမ ၁ ကောင်လျှင် 1cc နှင့်ရော၍ ရင်ရေယက်၏ အတွင်းဖက်အခြေရှိ အဆီဖုကို ထိုးသွင်းရပါမည်။ပထမအကြိမ်ကို ဘယ်ဖက်ထိုးပြီးပြီမို့ ဒုတိယအကြိမ်ကို ညာဖက်ထိုးရပါမည်။
ငါးအမများကို ဒုတိယအကြိမ်ဆေးထိုးပြီးချိန်တွင် အထီးအား ၁ ကောင်လျှင် ဂလင်း ၃ လုံး၊ အလေးချိန်အားဖြင့် ခေါင်းခွဲငါး ၂၀ ကျပ်သားခန့်ကို ၃ ကောင်အသုံးပြုပြီး 1cc နှုန်းဖြင့် ၁ကြိမ်သာ ထိုးရပါမည်။
ဒုတိယအကြိမ်ဆေးထိုးပြီးနောက် အထီးအမများကို ရောနှောပြီး ရေရှင်ဖန်တီးထားသော မျိုးဖောက်ကန်ထဲသို့ ပြောင်းရွှေ့လွှတ်ပေးရပါမည်။
ဆေးဖြင့် ဖျော်စပ်ပုံ
L.H.R.H ဟော်မုန်းဆေးဖြင့် ထိုးလျှင် ပါဝင်သော ဆေးပြင်းအားပေါ်မူတည်၍ ဆေးထိုးသားဖောက် ပြုလုပ်ရသည်။
ဥပမာ။ ။ L.H.R.H ဟော်မုန်းဆေးပြင်းအား 100u ရှိ ဆေး ၁ ပုလင်းအား ဒုတိယအကြိမ် ငါးအမအလေးချိန် 1kg အတွက် 20u(သို့)25u နှုန်းဖြင့် ငါးအမ၏ အခြေ အနေပေါ်မူတည်၍ အသုံးပြုရပါမည်။
ပုံစံအားဖြင့် ငါးအမ(၁)နှင့်(၂)တို့၏ စုစုပေါင်းအလေးချိန် = 3.1 kg အတွက် အသုံးပြုရမည့် ဆေးပမာဏမှာ = 3.1x25 = 79.5u(သို့)80 u သုံးရပါမည်။
သုံးစွဲရမည့် ဆေးပမာဏ 80u ကို ပထမအကြိမ် ဆေးထိုးရာတွင်ဖျော်စပ်သည့်နည်းအတိုင်း ပြုလုပ်၍ ထိုးရပါမည်။
ငါးအမများကို ဒုတိယအကြိမ် ဆေးထိုးပြီးနောက် အထီးများကို ၁ကောင်လျှင် 5u နှုန်းဖြင့် ၁ကြိမ်သာလျှင် ထိုးပေးရပါမည်။
ငါးအထီး၊ အမများကို ဒုတိယအကြိမ် ဆေးထိုးပြီးနောက် ၅ နာရီ(သို့)၆နာရီ အကြာတွင် မိတ်လိုက်ဥချသည်ကို တွေ့ရပါမည်။မိတ်လိုက်ဥချချိန်မှ ၃ နာရီအကြာတွင် သန္ဓေအောင်ဥများကို ပိတ်စဖြင့်စစ်ယူရန် ငါးအထီး၊ အမများကို ပထမဦးစွာ ဖမ်းဆီးရပါမည်။သို့မှသာ သန္ဓေအောင်ဥများ စစ်ယူရာတွင် ဥကွဲခြင်းမှ ကာကွယ်နိုင်ပါမည်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
မှီငြမ်း-ငါးလုပ်ငန်းစခန်းတွင် သင်တန်းတက်ခဲ့စဥ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။