တောင်သူလယ်သမားနေ့မှာ စတင်လိုက်တဲ့ ကုလားပဲ၊ ပဲထောပတ် စုပေါင်းရောင်းချပွဲ

03/03/2022 14:00 PM တွင် ရူပါအောင်ဝင်း ရူပါအောင်ဝင်း မှ ရေးသား

၂၀၂၂ ကုလားပဲနဲ့ ပဲထောပတ်ရာသီမှာ သီးနှံစုပေါင်းရောင်းချပွဲကို မတ် ၂ ရက် တောင်သူလယ်သမားနေ့ မနက် ၈ နာရီခွဲမှာ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့များ၊ မကွေးမြို့နဲ့ ရန်ကုန်မြို့အခြေစိုက် သီးနှံဝယ်ယူရေးကုမ္ပဏီများ၊ ပွင့်ဖြူ၊ စလင်း၊ စကု၊ မင်းဘူး စတဲ့ဒေသတွေက ပဲစိုက်တောင်သူများ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီသတင်းကို မကွေးမြို့အခြေစိုက် မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ ဦးမြင့်အောင်က အခုလိုပြောပါတယ်။

“ ပဲထောပတ်နဲ့ ကုလားပဲက ဝယ်ဖြစ်သွားတာကတော့ ပဲထောပတ်ကလည်း အိတ်စ်ပို့တ်ပဲဆိုတော့ နောင်တစ်ချိန် မှာ ကျွန်တော်တို့ ဓာတုဓာတ်ကြွင်းနဲ့ ပတ်သက်လို့ GAP စနစ်ကိုတက်လှမ်းနိုင်ဖို့အတွက်ရယ်၊ အခုကအစပျိုးတဲ့ အနေနဲ့ပေါ့နော် စဉ်းစားတာ။ နောက်တစ်ခုက မြစ်အနောက်ခြမ်းမှာ ဒီလို အစုအဖွဲ့တွေနဲ့ စုပေါင်းရောင်းချတဲ့ စနစ်က ဓလေ့ကမထွန်းကားသေးဘူး။ အဲ့ဒါမျိုးလေးတွေကိုလည်း ကျွန်တော်တို့က ထွန်းကားအောင်ရယ် RFDA ရဲ့အဖွဲ့ဝင်မန်ဘာတောင်သူများ ပိုပြီးတော့ရရှိလာပြီးတော့ ကုန်ပစ္စည်းတွေကို များများမျိုးစုံရောင်းနိုင်အောင် ရည်ရွယ်ပါတယ်ခင်ဗျ ”

သီးနှံစုပေါင်းရောင်းချပွဲများရဲ့ ကနဦးစီမံကိန်းဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှာ စတင်အကောင်ထည်ဖော်ခဲ့သော ရေရှည်တည်တံ့ပြီး ကောင်းမွန်ခိုင်မာတဲ့ ဈေးကွက်ဖွံဖြိုးရေးစီမံကိန်းစတင်ကတည်းက မြင့်မြတ်တော်ဝင် ကုမ္ပဏီဟာ ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အရည်အသွေးကောင်းသီးနှံဈေးကွက်ဖွံ့ဖြိုးရေးကိုလိုလားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

စုပေါင်းရောင်းချပွဲကျင်းပရာဒေသတွေမှာ နိုဝင်ဘာလကနေ ဒီဇင်ဘာလအတွင်း ကုလားပဲနဲ့ ပဲထောပတ်အပြင် စားတော်ပဲ၊ ပဲလွမ်း၊ ပဲကြီး၊ ငရုတ် စတာတွေကို စိုက်ပျိုးကြပါတယ်။ အဲ့ဒီနောက် မိုးကြိုရေသွင်းနှမ်းနက်နဲ့ မိုးရာသီရောက်တဲ့အခါ စပါးကိုပြန်လည်စိုက်ပျိုးကြပါတယ်။

တစ်နှစ်ကို သီးနှံ ၃ ကြိမ်စိုက်ပျိုးထုတ်လုပ်တဲ့ဒေသမှာ သီးနှံ ဈေးကွက်ကောင်းမွန်ပြီး သတ်မှတ်ထားတဲ့ အချိန် အတွယ်စနစ်တွေ မှန်ကန်မှသာ တောင်သူအတွက်အကျိုးအမြတ်ရရှိမှာ ဖြစ်ပါတယ်။

သီးနှံစုပေါင်းရောင်းချပွဲတွေဟာ စတင်စိုက်ပျိုးစဉ်ကတည်းကနေ ရိတ်သိမ်းချိန်အထိ GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်စေတာဖြစ်လို့ သီးနှံအရည်အသွေးကောင်းမွန်လာစေခြင်း၊ သီးနှံများကို တစ်နေရာတည်းတွင် စုပေါင်း ရောင်းချခြင်းဖြင့် ပမာဏများများရရှိလာပြီး ပြည်ပပို့ ကုမ္ပဏီများနဲ့ တိုက်ရိုက်ချိတ်ဆက်ရောင်းဝယ်ခြင်းဖြင့် ဈေးအကုန်ရရှိလာခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

ဒါ့ကြောင့် မကွေးတိုင်းဒေသကြီး ပင့်ဖြူ၊ စလင်း၊ စကု၊ မင်းဘူး စတဲ့ ဒေသတွေမှာ သီးနှံများစုပေါင်းထုတ်လုပ် ရောင်းချတဲ့စနစ်ကို တောင်သူများက ကြိုဆိုလက်ခံကြတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဌ ဦးဟန်ညွှန့်က အခုလို ရှင်းပြပါတယ်။

“ သူတို့ မိရိုးဖလာရောင်းဝယ်တာကတော့ နီးစပ်ရာပွဲရုံတွေမှာ ကြုံသလိုဝယ်ရောင်းကြတာပဲ။ အိတ်ခွံတွေဆိုရင် လည်း မကွေးကုန်စည်ဒိုင်ကသတ်မှတ်တာက ၁၂.၅ ကျပ်သား ယူတာမဟုတ်ပဲနဲ့ သူတို့ဟာသူတို့ ၂၅ ကျပ်သား ယူတာတို့၊ ချိန်တဲ့အခါမှာ ၂၅ ကျပ်သား ယူတော့ ဥပမာ ၁၅ ပိဿာနဲ့ ၂၅ ကျပ်သားဆိုရင် ၁၅ ပိဿာနဲ့ ၂၅ ကျပ် သားကိုခေါ်တယ်။ ဒါပေမယ့် ၁၅ ပိဿာနဲ့ ၂၅ ကျပ်သားကြားမှာ ရှိတဲ့အလေးချိန်ဆိုရင် မခေါ်တာတို့၊ နောက် တစ်ခါ ၂၅ ကျပ်သားနဲ့ ငါးဆယ်သားကြားမှာရှိတဲ့ အလေးချိန်ကိုမခေါ်တာတို့။ သူတို့က ၂၅ ကျပ်သား၊ ၅၀ သား၊ ၇၅ ကျပ်သားပြည့်မှ ပိဿာပြည့်မှ ခေါ်တယ်ဆိုတော့ သူတို့က အဲ့ဒီဥစ္စာမှာ တစ်ဆွဲ၊ တစ်ဆွဲကို သူတို့က ၂၀ သားလောက်နာနေတာတွေပြောပြတယ်။ ကျွန်တော်တို့ဘက်ကကျတော့ အိတ်ကို ၁၂ ကျပ်သားပဲယူတယ်။ ခုန တုန်းက အလေးကိုလည်း အရှိအတိုင်းလည်းခေါ်ပေးတယ်။ နောက်တစ်ခါ ပွဲခလည်းမယူဘူး၊ အလုပ်သမား ခလည်းမယူဘူးဆိုတော့ အဲ့စနစ်ကိုသူတို့ကရောက်ချင်နေတာ။ ဆိုတာရှင်းပြတယ်။ သူတို့ခံနေရတဲ့စနစ် တွေကို လည်း ပြန်ပြောပြတယ်”

သီးနှံစုပေါင်းရောင်းချပွဲတွေက သီးနှံအလိုက် ပြည်ပပို့ကုမ္ပဏီများနဲ့ တိုက်ရိုက်ချိတ်ဆက်ကာရောင်းဝယ်နိုင်တဲ့ အတွက် ဒေသတွင်းက တခြား တစ်ဆင့်ခံသီးနှံကုန်စည်ဒိုင်တွေရဲ့ သီးနှံပေါက်ဈေးထက်ဈေးများလေ့ရှိပါတယ်။ ဒါကြောင့် အခြားကုန်စည်ဒိုင်များက သီးနှံစုပေါင်းရောင်းချပွဲကျင်းပတဲ့ ကုန်စည်ဒိုင်များနဲ့အတူ ဈေးပိုပေးလာ ပေမယ့် တောင်သူများမနစ်နာအောင် သတ်မှတ်ထားတဲ့ ပဲတစ်တင်းကို ၁၉ ပိဿာထက်ပိုပြီး မယူအောင် အလေးတင်းတောင်းသတ်မှတ်အချိန်အတွယ်များ မှန်ကန်စေဖို့ သက်ဆိုင်ရာဌာနများက ကြပ်မတ်ဆောင်ရွက်ပေး သင့်တယ်လို့ မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ ညှိုနှိုင်းရေး အရာရှိ ဦးစည်သူထွန်းက ပြောပါတယ်။

“ အဓိက ကတော့တောင်သူအစုအဖွဲ့တွေနဲ့လုပ်လိုက်တော့ ဘာပဲဖြစ်နေနေ တောင်သူတော့ ဈေးပိုရလာတယ် ဒီလိုတော့ ပြောရမှာပေါ့နော်။ ဒါပေမယ့် ဒီဥစ္စာမှာတော့ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုးနဲ့ ဆိုရင်တော့ ကျွန်တော်တို့ ပိုပြီးတော့ ကြိုဆိုရမှာပေါ့နော်။ ဈေးလိုက်ပေးတဲ့အခါမှာ ဒီလိုအနေထားမှာ အလေးချိန်တွေပေါ်၊ ဘာတွေ အပေါ်ဆိုရင်တော့ သိပ်ပြီးတော့ မကောင်းဘူးပေါ့နော်။ စီးပွားကူးသန်းတို့ ကုန်စည်ဒိုင်တို့ သူတို့ရဲ့ အခန်းကဏ္ဍ တွေက သေသေချာချာလေး သတ်သတ်မှတ်မှတ်ဖြစ်လာရင်တော့ ကောင်းတာပေါ့ဗျာ။ အခုဟာက ၁၉ ပိဿာ တစ်တင်းဈေးနှုန်းလို့ သတ်မှတ်ထားရင် အဲ့ဈေးနှုန်းအတိုင်း လုပ်သင့်တာပေါ့နော်။ တခြား မမှန်မကန်ကိစ္စတွေ ဖြစ်လာရင်တော့ နားမလည်တဲ့တောင်သူက အဆင်မပြေဘူးပေါ့လေ”

မတ်လ ၂ ရက်နေ့ သီးနှံပေါက်ဈေးမှာတော့ အရည်အသွေး A အဆင့်ရှိ ကုလားပဲ တစ်တင်းကို ကျပ် ၃၉၈၀၀ သတ်မှတ်ခဲ့ပြီး စားတော်ပဲ တစ်တင်းကို ၈၆၀၀၀ ကျပ်နဲ့ အခြား ပဲလွမ်း၊ ပဲကြီးတစ်တင်းကိုကျပ် ၈၅၀၀၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။ ကုလားပဲကို အရည်အသွေး နှစ်မျိုးခွဲခြားထားပြီး၊ ပဲထောပတ်ကိုတော့အရည်သွေး ၃မျိုးခွဲခြားထားပါတယ်။

အခု ကုလားပဲနှင့်ပဲထောပတ်သီးနှံစုပေါင်းရောင်းချပွဲကို မတ် ၂ ရက်ကစလို့ တစ်လကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သီးနှံဝယ်ယူရေးမှာ ကုလားပဲတန်ချိန် ၁၇၀၀ နဲ့ ပဲထောပတ်တန်ချိန် တစ်ထောင်ဝယ်ယူသွားဖို့ ပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကုလားပဲစိုက်ဧက တစ်သန်းနီးပါးရှိပြီး ပဲထောပတ်ကိုတော့ အခြား ပဲမျိုးစုံ ထဲမှာ ထည့်သွင်းထားပြီး အစိုးရက စိုက်ဧကအားဖြင့် ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။ နှစ်စဉ်ကုလားပဲကို အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကို တင်ပို့နေတဲ့အပြင် ပြည်တွင်းသုံးစွဲမှုများတဲ့ သီးနှံအမျိုးအစားလည်းဖြစ်ပါတယ်။  ပဲထောပတ်ကိုတော့ ဂျပန်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ထံ တင်ပို့နေခြင်းဖြစ်ပါတယ်။

သီးနှံစုပေါင်းရောင်းချပွဲတွေအနေနဲ့ ယခုနှစ်ဆောင်းရာသီကာလ ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ပဲစင်းငုံသီးနှံစုပေါင်း ရောင်းချပွဲကို စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရောင်းချပွဲမှာ ပဲစင်းငုံ တန်ချိန် ၁၅၀၀ ကျော် ဝယ်ယူခဲ့ပြီး ပဲစင်းငုံတစ်တင်းကို ၃၃၅၀၀ ကနေ ၄၅၂၀၀ အထိ သတ်မှတ်ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယမြောက်အနေနဲ့ ကုလားပဲနဲ့ ပဲထောပတ်စုပေါင်းရောင်းချပွဲအစီအစဉ်ကို အခု ဆက်လက် ကျင်းပခြင်း ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်