တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ (၅)
၂၀၂၂ ခုနှစ် မိုးရာသီရဲ့ မုတ်သုန်ဝင်ရောက်မှုကာလဟာ ပုံမှန်လို့ဆိုရမှာပါ။ ဧပြီလ နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံအနှံ့အပြား မိုးရရှိခဲ့ပြီး မိုးဦးသီးနှံဖြစ်ကြတဲ့ နှမ်း၊ မြေပဲ၊ငရုတ်၊ ပဲစင်းငုံနဲ့ နွေစပါး အောင်ရေရရှိခဲ့တာဟာ တောင်သူတွေ အသက်ရှူ ချောင်စေခဲ့ပါတယ်။
စာရေးသူတို့ စိုက်ပျိုးရေးနည်းပညာပေး အဖွဲ့များလည်း စပါး၊ နှမ်း၊ မြေပဲစိုက် ဒေသများဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းရှိ တောင်သူဦးကြီးများနဲ့ ရင်းနှီးစွာ တွေ့ဆုံပြီးသကာလ...
သီးနှံတွေအကြာင်း၊ မြေကြီးအကြောင်း၊ စျေးကွက်အလားအလာ စသဖြင့် အားပါးတရ ဆွေးနွေး ဟောပြောရတာ ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ရသလို ဝမ်းသာပီတိဖြစ်ရပါတယ်။
(ကိုဗစ်ကာလတွေမှာ ၂ နှစ်လောက် အဆက်အသွယ်ပြတ်တောက်ထားရတာဆိုတော့ ခုလိုပြန်တွေ့ရတာ ပိုနွေးထွေးနေတာပေါ့..)
ဒီတခေါက် စာရေးသူတို့ ကွင်းဆင်းရောက်ရှိတဲ့နေရာကတော့ ရမည်းသင်းမြို့နယ်၊ သက္ကယ်ကျင်းရွာမှာပါ။
အခြေအနေအရ ကျယ်ဝန်းတဲ့နေရာမှာ ဟောပြောပွဲကျင်းပဖို့ အခက်အခဲရှိလို့ အိမ်ဝိုင်းကျယ်ထဲမှာ အရိပ်စင်အောက် မိုးကာခင်းပြီး စုဝေးစေရပါတယ်။
တောင်သူတွေ တောပြန်ချိန် နေ့လယ် ၁၂ နာရီ (ထမင်းစားပြီးချိန် ) အချိန်ရသခိုက် ဆွေးနွေးပေးရတာပါ။ သူတို့က ညနေ ၂-၃ နာရီဆို တောထဲ ပြန်ဆင်းကြရပါတယ်။
ဆိုတော့ ဆွေးနွေးဟောပြောဖို့ အချိန် ၁ နာရီခွဲလောက်ပဲ ရပါတယ်။
ဟောပြောသူဆိုတာက အလိုက်သိ/အကင်းပါးစွာနဲ့ လိုရင်းတိုရှင်း အချိန်ကိုက် အသုံးချတတ်ဖို့ လိုပါတယ်။
ဒီနေရာမှာ စေတနာပိုပြီး ၃-၄ နာရီ ဟောရင် တောင်သူပရိသတ် ငြီးငွေ့ စေပါတယ်။
ဆွေးနွေးပွဲ မပြီးနိုင်လို့ ယောက်ျားဖြစ်သူက လိုက်လာပြီး လင်မယားရန်ဖြစ်တာတွေတောင် ရှိတတ်ပါတယ်။
(အချို့ ဆရာများကလည်း အပြောအဟောကောင်းလိုက်တာ ၄ နာရီတောင် ကြာသတဲ့။ ဖန်းလင့်က ဦးသာပို ဆိုရင် "နာမည်မိတ်ဆက်...နာရီဝက် “ လို့ကို ဆိုကြသတဲ့..)
ဒီနေ့ ဆွေးနွေးပွဲမှာလည်း..လက်ပ်တော့အိတ်လေးဆွဲပြီး အိမ်ထဲဝင်ကာရှိသေး.. ရောက်နှင့်နေတဲ့ အမျိုးသမီးပရိသတ်ထဲက နှုတ်ခွန်းဆက်သလိုက်ပုံများ...
" ရွှေမန်းတင်မောင်...ကြီး..
တရားလည်း..တိုမှ
စကားလည်း ချိုမှ ကောင်းသတဲ့ တော့..။
ရုတ်တရက်ကြီး ပြောလိုက်တော့ ကြောင်သွားတယ်ပေါ့။
လျှပ်တပြက် စဥ်းစားလိုက်မှ.. သြော်.. ရှေ့ကဆရာတွေက.အချိန်အကြာကြီး ပြောပြီး နှိပ်စက်သွားပုံရတယ်..လို့.. သဘောပေါက်လိုက်ပါတယ်။
ဟုတ်ပါပြီ... ကျောင်းအမရယ်... ဒါပေမဲ့
ရွှေမန်းတို့က..
စကားချိုပေမယ့် ဟုတ်မှန်ရသလို..
တရားတိုပေမယ်. .တုတ်တန်ရင်တုတ်ရမှာ.. နော။
(ရယ်စရာ ပြောတာပါ..
မယားဆို ပျိုမှ
သမားဆို..အိုမှ..တဲ့။ ဒီသမားကြီးက..အိုပါပြီ။
တိုတိုတုတ်တုတ်..ပေါ့နော။)
အဓိက ဆွေးနွေးရမယ့် အကြောင်းအရာက ငရုတ်သီးနှံအတွက်ပါ။
- ငရုတ်စိုက်မြေရဲ့ မြေချဥ်မြေငန်ပြုပြင်ရေး
- အပင်ငယ် ခါးရိရောဂါ ကြိုတင်ကာကွယ်ရေး
- ငရုတ်ရွက်တွန့်(ရွက်သေးထိုး) ရောဂါ ကာကွယ်ရေး
- ငရုတ်သီး ဘက်တီးရီးယားပျော့ပုတ်ရောဂါ ကာကွယ်ခြင်း
- ငရုတ် ကိုင်းဖျားခြောက်ရောဂါ/မှည့်ပြောက်စွန်းရောဂါ ကာကွယ်ကုသခြင်း
- ငရုတ် အပင်အားဆေး/အသီးအပွင့်အားဆေး
- ငရုတ်ခင်း ပေါင်းမြက်ရှင်းလင်းရေး..
စတဲ့ ငရုတ်ခင်းပြဿနာများကို ပရိုဂျက်တာနဲ့ အသေးစိတ်ရှင်းလင်းပြသပါတယ်။
ဆွေးနွေးဖို့ ခေါင်းစဥ်နဲ့ ကိုက်ညီအောင်၊ ပါဝါပွိုင့်နဲ့ ဓာတ်ပုံတွေနဲ့တကွ ကြိုတင်ပြင်ဆင်ပြီးသားမို့ ၁ နာရီအချိန်ကိုက်ပါပဲ။
ပြီးရင် တက်ရောက်လာတဲ့ တောင်သူများက သိလိုတာ(သို့မဟုတ်)မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်းဖို့ အချိန်နာရီဝက် စီစဥ်ထားပါတယ်။
ဒါဟာ.. ဆွေးနွေးဟောပြောပွဲရဲ့ အသက်ပါပဲ။
စိတ်ဝင်စားမှုကောင်းလေ.. မေးမြန်းသူ များလေပါပဲ။
အမေးအဖြေကဏ္ဍပြီးတော့မှ.
တက်ရောက်လာကြသော တောင်သူများကို အမှတ်တရ လက်ဆောင်ပေးခြင်း၊ ကံစမ်းမဲ ဖောက်ခြင်းတွေ ပြုလုပ်ပေးရပါတယ်။
( တောင်သူစိတ်အဝင်စားဆုံး အစီအစဥ်ပေါ့)
ကဲဗျာ..
မေးစရာတွေလည်းမေး၊ ပေးစရာတွေလည်း ပေးပြီးပြီ။
ဘာတွေရလိုက်ကြသလဲတော့ မသိဘူး။
*ဇာတ်သမားလာတော့ မှတ်သားစရာပါရတယ်။
ဇာတ်သမားပြန်တော့..မှတ်သားစရာကျန်ရတယ်*..တဲ့။
အခုလည်း..
စိုက်ပျိုးရေးသမားလာတော့ ဘာပါရမလဲဗျာ.. ဆိုတော့
* လက်ဆောင်ပစ္စည်း ပါရပါမယ် * တဲ့..
ဗျာ......ဟုတ်တော့လည်း ဟုတ်တာပါပဲလေ။
နည်းပညာအပြင်...လက်ဆောင်လေးလည်း လိုသေးသကိုး..လို့။
ကိုယ်ပြောချင်တာက..
“ စိုက်ပျိုးရေးသမားလာရင်..နည်းပညာပါရတယ်
စိုက်ပျိုးရေးသမားပြန်ရင်..နည်းပညာ ကျန်ရမယ်” ဆိုတာပါ။
လက်ဆောင်ဆိုတာ သုံးပြီးရင်ကုန်ပေမယ့်..
နည်းပညာဆိုတာ...သုံးလို့မကုန်နိုင်ပါဘူးဗျာ.. နော်။
ဆွေးနွေးပြီးလို့ ပရိသတ်ထဲ မျက်လုံးဝေ့ကြည့်မိတော့...
ဒီ နေ့ မှ..ထူထူးခြားခြား..အမျိုးသမီးတယောက်ပုံစံက ဆွေးနွေးပွဲကို သဘောမကျသေးတဲ့ပုံစံက မျက်နှာမှာ ပေါ်နေတယ်..
"ဘယ့်နှယ့်လဲ အမရဲ့.. ဆွေးနွေးပွဲက မကောင်းဘူးလား..
ဘာများ အလိုမကျပါလိမ့်..ဗျာ" လို့ မေးတော့..
" ကောင်းတော့ ကောင်းပါတယ်..ဒါပေမဲ့.. ကိုယ်ကြည့်ချင်တဲ့ ပုံလည်းမပါဘူး.."တဲ့..
ဟောဗျာ..ဘယ်ပုံကိုများ ကြည့်ချင်လို့ပါလိမ့်..လို့။
ဘေးနားက အမျိုးသမီးကို အကူအညီတောင်းတဲ့ပုံစံနဲ့ မေးငေါ့ပြလိုက်မှ..
"ညည်းကလည်းအေ..အရင်းမပါ အဖျားမပါနဲ့.. ပြောတာက.။ ဟိုပုံ. ပြောတာပါဆရာရယ်. ငရုတ်ပင် သေနေတဲ့ပုံ..ဘာကြောင့် သေရတာလဲ..သိချင်တာ..အဲဒါပြောတာ..ဟုတ်တယ်မို့လား ”
အဲဒီတော့မှ..စာရေးသူ သဘောပေါက်လိုက်ပါတယ်။
ဆွေးနွေး ဟောပြောတဲ့အထဲမှာ.ပါဝါပွိုင့်နဲ့ ပြတဲ့အထဲမှာမပါတဲ့..
* ငရုတ်ပင် ဘာကြောင့် ကွက်ကြားသေရသလဲ..* ဆိုတာကို.. သိချင်တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ရေးရခြင်း အကြောင်းအရာက အခုမှ စတာပါ။
ငရုတ်စိုက်ခင်း အတော်များများမှာ အသီးကင်းဝင်ချိန်ရောက်မှ ရုတ်တရက် တပင်လုံး စိမ်းညှိုးညှိုးပြီး ဟိုတပင် သည်တပင် သေတတ်ပါတယ်။
အပင်ငယ်စဥ် သေခဲ့ရင် အစားထိုးချိန်ရပေမယ့် အသီးသီးချိန်မှ ရုတ်တရက် သေတာဆိုရင်တော့ တောင်သူကို စိတ်ထိခိုက်စေပါတယ်။
ငရုတ်ပင်သေရခြင်းအကြောင်းတရားများကတော့..
- ရေလောင်းစနစ် မမှန်ခြင်း (Improper watering)
- နေပူရှိန်ပြင်းထန်ခြင်း (Too much Sunlight)
- ပြောင်းရွှေ့စိုက်ချိန် ထိခိုက်ခြင်း (Transplant shock)
- မြေသြဇာများလွန်းခြင်း (Over fertilization)
- ပိုးမွှား/ ရောဂါကျရောက်ခြင်း (Disease /pests)
စတဲ့ .. အကြောင်းတရားတွေထဲက တခုခုကြောင့် ဖြစ်တတ်ပါတယ်။
ယခုဖြစ်စဥ်အရ အပင်ကြီးမှ ကွက်ကြားညှိုးသေခြင်းမှာတော့ အကြောင်းရင်းနှစ်ခု တွေ့ရပါတယ်။
- မြေဆောင်မှိုရောဂါကြောင့် သေရခြင်း (Rhyzoptonia spp disease)
- မြေသြဇာထည့်သွင်းမှုများခြင်း/ မှားခြင်း (Over fertilization/fertilizer application error)
ကြောင့်လို့ သုံးသပ်ပါတယ်။
အပင်ညှိုးသေလက္ခဏာ
ညှိုးသေတဲ့အပင်ကိုနုတ်ပြီး အမြစ်ကိုကြည့်ပါက..
- ခါးရိပြီးအမြစ်ဇုန်တခုလုံး မဲပုပ်နေတာက ရေဝပ်ကြာလို့ အမြစ်ပုပ်(Root rot) သေတာပါ။ ဒီလက္ခဏာကရှင်းပါတယ်။
- အမြစ်မွှေးလေးတွေရော ရေသောက်မြစ်ပါ မဲပုပ်နေပြီး ရေသောက်မြစ် ဆွေးနေပါက (အမြစ်ဆွေးခြောက်ရောဂါ Dry root rot) ကြောင့်ပါ။
- အမြစ်မွှေးလေးတွေ (အစာစားမြစ် root hairs) ကောင်းပြီး ရေသောက်မြစ်အဖျား ဆွေး ခြောက်နေတယ်ဆိုရင်တော့ fertilizer application error) ကြောင့် ဖြစ်နိုင်ပါတယ်။
* မြေဆောင်မှိုကြောင့် အပင်သေခြင်း *
- အမြစ်ဇုန် (root zone)တခုလုံး ညိုမဲပုပ်တဲ့လက္ခဏာကတော့ မြေဆောင်မှို (Rhyzoptonia spp) ကြောင့်ပါ။
- မြေကြီးချဥ်ရင်(pH နိမ့်ရင်) ဖြစ်တတ်ပါတယ်။
- ရေဝပ် ခါးကြပ်ရင် (အမြစ်ဇုန် အောက်စီဂျင် ပြတ်လပ်ရင်)ဖြစ်တတ်ပါတယ်။
ကာကွယ်ကုသနည်းကတော့..
- မြေချဉ်ငန် တိုင်းပြီး မြေပြုပြင်ပါ။ စစိုက်စဥ် ထရိုင်ကိုဒါးမား ထည့်သွင်းအသုံးပြုပါ။)
နောက်တမျိုးကတော့..
* မြေဆီကျွေးပုံမှားယွင်းမှုကြောင့်အပင်သေခြင်း *
စာရေးသူ အတွေ့အကြုံလေးတခုကို ဥပမာပြုပါရစေ။
ပဲခူးတိုင်းမှာ ဖရဲကို ရေလောင်းစိုက်ကြပါတယ်။
ဖရဲပျိုးထုပ်ကို ကျင်းချစိုက်စဥ်မှာ ၁၅ ပတ်လည်မြေဩဇာကို စိုက်ကျင်းတကျင်းမှာ နှစ်ဇွန်းစာခံပြီး စိုက်လေ့ရှိကြပါတယ်။
- အဲဒီစိုက်စနစ်မှာ ဖရဲပင်က အပင်ငယ်စဥ် အပင်ဖြစ်ပေမယ့် အပင်ကြီးလာလို့ ရေသောက်မြစ်က ဓာတ်မြေသြဇာနဲ့ တိုက်ရိုက်ထိပြီးဆိုတာနဲ့ အမြစ်ပုပ်တော့တာပါဘဲ။
- (ရေမလုံလောက်လို့၊ မြေဆီပျော်ဝင်မှုနည်းတာလည်း ဖြစ်နိုင်ပါတယ်)
- သေချာတာကတော့.. ရေသောက်မြစ်ပုပ်တော့ တပင်လုံးစိမ်းညှိုးတော့တာပါပဲ။
- (ဒီနေရာမှာ ဘက်တီးရီးယား စိမ်းညှိုးရောဂါနဲ့ မှားနိုင်ပါတယ်။ အမြစ်နုတ်မကြည့်ရင် မသိနိုင်ပါဘူး)
- ရေဖန်ခွက်ထဲထည့်ပြီး စမ်းသပ်မှသာ ဘက်တီးရီးယား ဟုတ်မဟုတ် ခွဲခြားနိုင်မှာပါ။
- အခု ငရုတ်ခင်းသေတဲ့ပြဿနာမှာလည်း ထိုနည်း၎င်းပါ။
- ငရုတ်ပျိုးပင် ကျင်းချစိုက်ချိန်၊ ၁၅ပတ်လည်ကို ကျင်းခံစိုက်ပြီး ရေသောက်မြစ်နဲ့ တိုက်ရိုက်ထိချိန် တဖြည်းဖြည်း အမြစ်ဖျားပုပ်ပြီး ရေငတ်သလို ညှိုးလာတတ်ပါတယ်။
ဆိုတော့ကား...
- ၁၅ ပတ်လည်ထဲမှာ ယူရီးယား ၁၅% ပါဝင်ပါတယ်။
- ယူရီးယားက အက်ဆစ်ပုံစံပြောင်းပြီး အမြစ်နဲ့ တိုက်ရိုက်မထိအောင် ကျင်းဘေးပတ်လည်ကို ခံပါ။
- အောက်တည့်တည့် မခံပါနဲ့(သို့မဟုတ်) အောက်ခံမြေနဲ့ ရောသမမွှေပြီးမှ စိုက်ပါ။ ရေဝအောင်လောင်းပါ။
- စိုက်ဘောင်ပေါ်မှာ ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်အောင် သဘာဝမြေသြဇာနဲ့ ဂျစ်ဆန်(ကယ်လ်စီယံဆာလဖိတ်) ထည့်ပြီးစိုက်ပါ။
ကဲ. တရားရှည်ရင် တရေရှားတော့မှာမို့ ဒီလောက်နဲ့ပဲ နားပါရစေဗျာ..။
အားလုံး..ကျန်းမာချမ်းသာကြပါစေ..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။