အသက်ကို ဉာဏ်စောင့်ပါတယ်

06/07/2022 12:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မနေ့က ဇူလိုင် ၅ ရက်နေ့အထိ ၂၄ နာရီအတွင်းမှာ ပြင်းအား ၄.၀ နဲ့ အထက်ရှိတဲ့ ငလျင်တွေ ဆက်တိုက်ဆိုသလိုလှုပ်သွားတာရယ်၊ ရန်ကုန်မြောက်ပိုင်းနေရာအတော်များများက ခံစားသိရှိလိုက်တဲ့ ငလျင်လှုပ်သွားတာရယ် စု ပြီး "ငလျင်"ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကြီးအပေါ်မှာ လူအတော်များများအာရုံစိုက် သတိထားလာကြပါတယ်။

၂၄ နာရီအတွင်း ၂၄ ကြိမ်လှုပ်လိုက်တဲ့ နေရာ နီကိုဘာကျွန်းနဲ့ အန်ဒါမန်ကျွန်းစုရှိတဲ့နေရာတွေကလည်း ငလျင်သမိုင်းမှာ အကြီးကြီးတွေလှုပ်တာ၊ ဆူနာမီလှိုင်းကြီးတွေဖြစ်ပြီး ကပ္ပလီပင်လယ်တင်မက ဘင်္ဂလားပင်လယ်နဲ့ထိစပ်တဲ့နိုင်ငံတော်တော်များများအထိ ဆူနာမီလှိုင်းရိုက်ခတ်တာတွေ၊ အင်ဒိုနီးရှားနိုင်ငံ စုမာတြားကျွန်းပေါ်က ဘန်ဒါအာချေးနဲ့ ဖူးခက်မှာ လူတွေအသေအပျောက်များသွားတာတွေ ဖြစ်ခဲ့တော့ ငလျင်ကြီးတစ်ခုထပ်များလှုပ်ဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာကြတာကိုလည်း ကိုယ်ချင်းစာမိပါတယ်။

အဲ့သည်လောက်ဆက်တိုက်လှုပ်လာတဲ့ ငလျင်ငယ်တွေကြောင့် အိန္ဒိယမြေထုချပ်နဲ့ ဘားမားမြေထုချပ်တည်ရှိရာ စစ်ကိုင်းပြတ်ရွေ့ကြီးအစပျိုးရာနေရာမှာ စိုးရိမ်စရာတွေဖြစ်လာတာ၊ ငလျင်ကြီးတစ်ခုတော့ ဖြစ်လာနိုင်မယ်ဆိုတဲ့ ယူဆချက်တွေ ပေါ်လာတာကြောင့် သတိပေးချက်တွေ၊ သတိပေးတဲ့ post တွေတင်ကြတာလဲတွေ့ရပါတယ်။ ဆက်တိုက်လှုပ်လာတဲ့ ငလျင်တွေနဲ့ နီးတဲ့နေရာကလူတွေအတွက်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် စိုးရိမ်စိတ်နဲ့ သတိပေးကြတာလဲ မမှားပါဘူး။ 

သို့သော် ပြဿနာက "လှုပ်မှာ"လို့ မပြောနိုင်သလို "မလှုပ်ဘူး"လို့လည်း အာမ မခံနိုင်တာပါပဲ။

ဒါဆိုရင် ငလျင်ကြီးတွေလှုပ်နိုင်တဲ့စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်က နေရာတွေ၊ ဆူနာမီလှိုင်းတွေရိုက်ခတ်တာခံရနိုင်မယ့် ကမ်းရိုးတန်းနေရာတွေက ပြည်သူတွေအနေနဲ့ ထိုင်ပြီး စိုးရိမ်ထိတ်လန့်နေမယ့်အစား ဖြစ်လာရင် ဘာတွေဘယ်လိုလုပ်မယ်ဆိုတဲ့ ပြင်ဆင်စရာတွေ(မပြင်ဆင်ရသေးရင်) စ ပြီး လုပ်ထားတာ မမှားပါဘူး။

"မပြေးသော် ကံရာရှိ" ... ရေကြီးတဲ့အခါနဲ့ မီးလောင်တဲ့အချိန်တွေအတွက် ကြိုတင်ပြင်ဆင်ထားသလိုပဲ ...

  • အရေးကြီးစာရွက်စာတမ်းတွေကို လုံလုံခြုံခြုံနဲ့ယူရလွယ်အောင်ထုတ်ပိုးပြင်ဆင်ထားတာ၊ 
  • မိသားစုတွေ လူစုကွဲသွားရင်၊ အဆက်အသွယ်ပြတ်သွားရင် ပြန်ဆုံနိုင်မယ့် "ဆုံရပ်" ၂ နေရာ ၃ နေရာလောက် သတ်မှတ်အသိပေးထားတာ၊ 
  • အနည်းဆုံး တစ်ပတ်စာ ရေနဲ့ အစာခြောက်ထုပ်တွေပြင်ဆင်ထားတာ၊ 
  • ညအချိန်မတော် သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံလာရင် မြင်ရအောင် ဓါတ်မီး၊ ဘက်ထရီမီးချောင်းစသည်ဖြင့် အားသွင်းပြင်ဆင်ထားတာ၊ 
  • အပေါ်က ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေကြောင့် အန္တရာယ်မဖြစ်အောင် နေရာရွှေ့ထားတာ၊ 
  • အဆောက်အဦနံရံတွေနဲ့ အုတ်စည်းရိုးတွေ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးတာ၊ 
  • အရေးပေါ်ဝင်ပုန်းလို့ရမယ့် ခိုင်ခန့်တဲ့ ခုံ/ခုတင်တို့လိုပစ္စည်းမျိုးတွေအောက်ကို လွယ်လွယ်ဝင်လို့ ရအောင်ရှင်းလင်းထားတာ၊စသည်ဖြင့် ကိုယ့်စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လိုအပ်မယ်ထင်တာကိုပြင်ဆင်ထားတာတော့ မမှားပါဘူး။
  • စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။
  • ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။

သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရင် သတိလွတ်မသွားအောင် ထိန်းသိမ်းရင် တစ်ခုတော့မှတ်ထား​ပါ။ 

         "အသက်ကို ဉာဏ်စောင့်ပါတယ်"

Photo Crd - မိုး/ဇလ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်