စစ်ဟာ ချိနဲ့နဲ့ ကမ္ဘာကို အုံလိုက်ကျင်းလိုက် ငတ်မွတ်မှုဆီ တွန်းပို့နေတယ်။ ဒါကို မွမ်းမံဖာထေးဖို့ဟာ အားလုံးရဲ့ တာဝန်သာ ဖြစ်တယ်။
ယူကရိန်းကို စစ်မက်ပြုလိုက်ခြင်းအားဖြင့် ဗလာဒီမာပူတင်ဟာ စစ်မြေပြင်နဲ့ အလွန်ကွာလှမ်းတဲ့ ဒေသက လူပေါင်းများစွာရဲ့ အသက်တွေကို ဖျက်ဆီးပစ်လိုက်ပါတော့မယ်။ ဘယ်အထိလဲဆိုရင် နောင်တစ်ချိန်မှာ ပူတင်ကိုယ်တိုင် နောင်တ ရသွားနိုင်တဲ့အထိပါ။ စစ်ပွဲဟာ ကိုဗစ်-၁၉၊ ရာသီဥတုပြောင်းလဲမှုနဲ့ စွမ်းအင်ပြတ်လပ်မှုတွေကြောင့် ချိနဲ့နေပြီးဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်ဖြန့်ချိမှုစနစ်ကို နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း ဖြစ်စေလျက်ရှိပါတယ်။
ယူကရိန်းရဲ့ ကောက်ပဲသီးနှံနဲ့ ဆီထွက်သီးနှံ တင်ပို့မှုအများစု ရပ်တန့်သွားခဲ့ပြီး ရုရှားရဲ့ သီးနှံတင်ပို့မှုဟာလည်း အခြိမ်းခြောက်ခံနေရပါတယ်။ ဒီနှစ်နိုင်ငံပေါင်းဟာ ကမ္ဘာမှာ တင်ပို့ရောင်းချနေတဲ့ အစားအစာစုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းကို ဖြန့်ချိပေးနေတာပါ။ ဂျုံဈေးဟာ နှစ်စကနေ ကြည့်ရင် ၅၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မေလ ၁၆ ရက်နေ့မှာ အိန္ဒိယက အပူလှိုင်းအကြောင်းပြချက်နဲ့ ဂျုံတင်ပို့မှု ရပ်ဆိုင်းဖို့ ထုတ်ပြန်ပြီးနောက် နောက်ထပ် ခြောက်ရာခိုင်နှုန်း ဈေးထပ်တက်သွားပြန်ပါတယ်။
လူနေမှုစရိတ်ကြီးမြင့်မှုအကျပ်အတည်းလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတဲ့ ယူဆချက်ဟာ ရှေ့မှာကြုံလာရမယ့် ပြဿနာရဲ့ ကြီးလေးမှုကို လွှမ်းခြံနိုင်စွမ်း မရှိပါဘူး။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် Antonio Guterres (အန်တိုနီယိုဂူတားရက်ဇ်) မေလ ၁၈ ရက်နေ့မှာ သတိပေးလိုက်တာက လာမဲ့လတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုတစ္ဆေ စခြောက်ခံရတော့မယ်၊ ဒါဟာ နှစ်ပေါင်းများစွာ ကြာညောင်းဦးမယ်လို့ ဆိုပါတယ်။
အခြေခံစားသောက်ကုန်စရိတ်စက ကြီးမြင့်မှုကြောင့် အစားအစာ စားရဖို့ မသေချာသူဦးရေ သန်း ၄၄၀ ထပ်တိုးလာပြီး စုစုပေါင်း ၁ ဒသမ ၆ ဘီလျံအထိ ရောက်ရှိနှင့်ပြီးပါပြီ။ အဲဒီထဲကမှ လူဦးရေ သန်း ၂၅၀ လောက်ဟာ ဒုဗ္ဘိက္ခန္တရကပ်ထဲကို ကျလုကျခင် ဖြစ်နေပါတယ်။ အကယ်၍ စစ်ပွဲဟာ (ဖြစ်ဖို့ များနေတဲ့အတိုင်း) ဆက်လက်တာရှည်နေပြီး ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ရောင်းကုန်တွေကို အကန့်အသတ်ဖြစ်စေမယ်ဆိုရင် နောက်ထပ် လူသန်းရာပေါင်းများစွာချီပြီး ဆင်းရဲတွင်းထဲ သက်ဆင်းကြရဦးမှာပါ။ နိုင်ငံရေးမတည်ငြိမ်မှုတွေ ကျယ်ပြန့်လာမယ်၊ ကလေးငယ်တွေ ပိန်လှီလာမယ်။ လူတွေ ငတ်မွတ်ခေါင်းပါးလာကြတော့မယ်။
မစ္စတာပူတင်အနေနဲ့ အစားအစာကို လက်နက်တစ်ခုသဖွယ် အသုံးမပြုကောင်းပါဘူး။ ရှားပါးပြတ်လပ်မှုတွေကို စစ်ပွဲဖြစ်လို့ မလွှဲမရှောင်သာ ကြုံလာရတဲ့ ဘေးထွက်ဆိုးကျိုးမျှသာလို့လည်း မှတ်ယူလို့မရပါဘူး။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဒီအငတ်ဘေးကို ကမ္ဘာလုံးဆိုင်ရာဖြေရှင်းချက်တစ်ခု အမြန်ဆုံး လိုအပ်နေတဲ့ ကမ္ဘာ့ပြဿနာတစ်ရပ်လို ရှုမြင်သင့်ကြပါပြီ။
ရုရှားနဲ့ ယူကရိန်းဟာ ကမ္ဘာ့ဂျုံတင်ပို့မှုရဲ့ ၂၈ ရာခိုင်နှုန်း၊ မုယောစပါးတင်ပို့မှု ၂၉ ရာခိုင်နှုန်း၊ ပြောင်းဖူးတင်ပို့မှု ၁၅ ရာခိုင်နှုန်းနဲ့ နေကြာဆီတင်ပို့မှု ၇၅ ရာခိုင်နှုန်းတို့ကို ရောင်းချပေးနေတာပါ။ ရုရှားနဲ့ ယူကရိန်းဟာ လက်ဘနွန်နဲ့ တူနီးရှားတို့ နှံစားသီးနှံတင်သွင်းမှုပေါင်းရဲ့ ထက်ဝက်ကို ရောင်းပေးနေတယ်။ လစ်ဗျားနဲ့ အီဂျစ်တို့အတွက်တော့ တင်သွင်းမှုရဲ့ သုံးပုံနှစ်ပုံအထိ ရောင်းပေးနေတာဖြစ်တယ်။ ယူကရိန်း စားနပ်ရိက္ခာတင်ပို့မှုဟာ လူဦးရေသန်း ၄၀၀ ကို ကျွေးမွေးဖို့လုံလောက်တဲ့ ကယ်လိုရီပမာဏနဲ့ ညီမျှပါတယ်။ စစ်ပွဲက အဲဒီရောင်းကုန်တွေကို ဖြတ်တောက်ပစ်နေတယ်။ အကြောင်းကတော့ ယူကရိန်းကလည်း ကျူးကျော်စစ်ကို ဟန့်တားကို သူ့ရေပိုင်နက်အတွင်း မိုင်းတွေ ထောင်ထားသလို ရုရှားကလည်း ယူကရိန်းရဲ့ အရေးကြီးပင်လယ်နက်ဒေသဆိပ်ကမ်း အိုဒက်ဆာ ကို ဝန်းရံပိတ်ဆို့ထားတာကြောင့်ပါ။
စစ်ပွဲမတိုင်ခင်တုန်းကတောင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၂၀၂၂ ခုနှစ်ဟာ ဆိုးဝါးတဲ့နှစ် ဖြစ်လာမယ်လို့ သတိပေးထားခဲ့တာပါ။ ဂျုံထုတ်လုပ်မှုအများဆုံး တရုတ်နိုင်ငံကလည်း ပြီးခဲ့တဲ့နှစ်တုန်းက မိုးကြောင့် ဂျုံစိုက်နောက်ကျခဲ့ရတဲ့အတွက် ဂျုံသီးနှံအထွက် အနိမ့်ကျဆုံးဖြစ်လာမယ်လို့ ထုတ်ပြန်ထားတယ်။ ယခုအခါ ကမ္ဘာ့ဂျုံထုတ်လုပ်မှု ဒုတိယအများဆုံး အိန္ဒိယမှာ အပူလှိုင်းတွေ ကြုံနေရတယ်။ ဒါ့အပြင် မိုးခေါင်မှုဟာ အမေရိကားရှိ ဂျုံစိုက်ဒေသတွေကနေ ပြင်သစ်ဒေသတွေထိ ပါဝင်တဲ့ အခြားပေါင်မုန့်ဖိုဒေသကြီးတွေရဲ့ ဂျုံအထွက်ကို လျော့ပါးလာစေဖို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကဦးချိုဒေသမှာဆိုရင် ဆယ်စုနှစ် လေးခုအတွင်း အဆိုးဆုံးသော မိုးခေါင်မှုရဲ့ ဖျက်လိုဖျက်ဆီးဒဏ်ကို ခံနေရပါတယ်။ ရာသီဥတုဖောက်ပြန်မှု ခေတ်ကာလက ကြိုဆိုလိုက်တာပါပဲ။
ဒါတွေအားလုံးဟာ ဆင်းရဲနွမ်းပါးသူတွေအပေါ် ကြီးလေးစွာ သက်ရောက်လာပါတော့မယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အိမ်ထောင်စုတွေဟာ သူတို့ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲနေရပါတယ်။ အာဖရိက ဆာဟာရတောင်ပိုင်းဒေသမှာဆိုရင် အသုံးစရိတ်ရဲ့ ၄၀ ရာခိုင်နှုန်းအထိတောင် ရောက်ပါတယ်။ အစားအစာ တင်သွင်းနေရတဲ့ နိုင်ငံများစွာမှာ အစိုးရတွေက ဆင်းရဲသားတွေထံ ပေးအပ်တဲ့ အမတော်ကြေးအထောက်အပံ့ကို မတိုးမြှင်နိုင်ကြတော့ပါဘူး။ အထူးသဖြင့် ဈေးကွက် ဝရုန်းသုန်းကား ဖြစ်နေတဲ့ အခြားအခြေခံကုန်စည် လောင်စာဆီကိုပါ တင်သွင်းနေရတဲ့ နိုင်ငံတွေမှာပါ။
ဒီအကျပ်အတည်းဟာ ပိုဆိုးလာဖို့ အလားအလာ များနေပါတယ်။ ယူကရိန်းဟာ နွေသီးနှံအများစုကို စစ်မတိုင်ခင်ကတည်း ပြည်ပ တင်ပို့ခဲ့ပြီးပါပြီ။ ရုရှားကတော့ ကုန်တင်ပို့စရိတ်တွေ တက်ပြီး ကုန်သည်တွေအတွက် အရဲစွန့်မှု ရှိတဲ့ကြားကနေ သူ့သီးနှံတွေကို တင်ပို့ရောင်းချနိုင်နေဆဲပါပဲ။ သို့ပေမဲ့ ယူကရိန်းမှာက တိုက်ပွဲဒဏ် မခံရဘဲ ဘေးကင်းလွတ်နေတဲ့ သီးနှံကျီတွေထဲမှာ ပြောင်းနဲ့ မုယောစပါးတွေ ပြည့်နေပါပြီ။ ဒါကြောင့် လယ်သမားတွေဟာ ဇွန်လကုန်ပိုင်းလောက် နောက်သီးနှံ ပေါ်ချိန်မှာ သီးနှံသိုလှောင်စရာ နေရာမကျန်တော့ပါဘူး။ ဒါကြောင့် သီးနှံတွေ ပုပ်သိုးပျက်စီးသွားရဖို့ ရှိပါတယ်။ နောက်ပြီး ဒီတစ်သီးပြီးလို့ နောက်တစ်သီး စိုက်ပျိုးဖို့အတွက် လောင်စာဆီနဲ့ လုပ်သားလည်း ပြတ်လပ်နေပါတယ်။ ရုရှားနိုင်ငံကျတော့လည်း ဥရောပသမဂ္ဂဆီကနေ ပုံမှန် ဝယ်ယူလို့ရနေကျ မျိုးစေ့နဲ့ ပိုးသတ်ဆေးတွေ ပြတ်လပ်နိုင်ပါတယ်။
သီးနှံဈေးတွေဟာ အဆမတန် မြင့်တက်နေပေမဲ့ ကမ္ဘာ့အခြားဒေသက လယ်သမားတွေဟာ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖွယ်မရှိပါဘူး။ ပိုဆိုးတာက ဓာတ်မြေသြဇာနဲ့ လောင်စာဆီဈေးတွေပါ တက်နေတာကြောင့် လယ်သမားတွေ ရရှိတဲ့ အမြတ်ဟာ အရင်ထက် ပိုနည်းလာပါတယ်။ မြေဆီနဲ့ လောင်စာဆီက လယ်သမားတွေအတွက် အဓိကကုန်ကျစရာတွေ ဖြစ်ပြီး နှစ်မျိုးလုံးဟာ ပိတ်ဆို့အရေးယူမှု၊ သဘာဝဓာတ်ငွေ့ အလျင်မီအောင် မရနိုင်မှုတို့ကြောင့် ကုန်စည်ပြတ်တောက်နေတယ်။ အကယ်၍ လယ်သမားတွေက ဓာတ်မြေသြဇာအသုံးကို လျှော့ချလိုက်မယ်ဆိုရင်လည်း ကမ္ဘာ့သီးနှံအထွက်နှုန်းတွေဟာ အရေးတကြီးလိုနေချိန်ရောက်မှ ကျဆင်းလာပါလိမ့်မယ်။
အပိုင်း(၂) ဆက်ရန်
ဝေယံဟိန်း (B.Ag)
Ref: The food catastrophe - The Economist
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ