ခေတ်အဆက်ဆက်ကရှင်သန် နေထိုင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေကအစပြုလို့ ကျွန်တော်တို့ အထိလမ်းပေါင်းများစွာလျှောက်ခဲ့ကြပါတယ်…။ လမ်းတစ်လျှောက်မှာလဲကျခဲ့တာတွေ မရေမတွက်နိုင် ရှိနေသလို… အောင်မြင်မှု မှတ်တိုင်တွေကိုလည်းတစ်ခုပြီးတစ်ခုစိုက်ထူ နိုင်ခဲ့ပါတယ်။ လူ့သဘာဝ၊ လူ့လောဘအရရှေ့ဆက်ပြီးလည်းလျှောက်ကြရဦးမှာဖြစ်သလိုရှုံးနိမ့်မှုတွေ အောင်မြင်မှုတွေကိုလည်းတစ်ခုပြီးတစ်ခုရင်ဆိုင်ကြရဦးမှာပါ…။ ဒါပေမယ့်… ဉာဏ်ကို လွှာပြီး သုံးတတ်တဲ့ ကျွန်တော်တို့ လူသားတွေကတော့ ရှေ့ကိုဆက်ပြီးလျှောက်နေကြဦးမှာပါ။
ဟိုးရှေးရှေးကမ္ဘာဦးအစကာလတုန်းက… အလေ့ကျပေါက်တဲ့ အသီးအနှံတွေကိုစားသောက်ပြီးကျွန်တော်တို့ လူသားတွေ အသက်မွေးခဲ့ကြပါတယ်။ နောက်ပိုင်းအချိန်ကာလတစ်ခု ကြာလာတော့… ဝေးဝေးလံလံကို သွားပြီး အစာမရှာချင်တဲ့ လူတွေရဲ့ အပျင်းကြီးမှု ကြောင့်ပဲ ဖြစ်မလား၊ အသစ်အသစ်ကိုစမ်းသပ် တီထွင်ချင်တဲ့ လူတွေရဲ့ စူးစမ်းစိတ်ကြောင့်ပဲ ဖြစ်မလားမသိ… ကိုယ်နေထိုင်ရာဝန်းကျင်မှာသီးပင်စားပင်တွေကိုစမ်းသပ် စိုက်ပျိုးကာ ခူးယူ စားသောက်တဲ့ အလေ့တစ်ခုအစပြုခဲ့ပါတယ်…။ တောထဲမှာအပင်တွေ ဘယ်လိုပေါက်နေတာကိုသေသေချာချာလေ့လာစူးစမ်းပြီးသဘာဝနဲ့ နီးစပ်တဲ့ အခြေအနေ တစ်ခုကိုလူတို့ နေထိုင်ရာ ဝန်းကျင်မှာ ဖန်တီးကာ သီးပင်စားပင်တွေ ကိုစိုက်ခဲ့ကြ တာပါ။ အဲဒါကဒီနေ့ခေတ် လယ်ယာစိုက်ပျိုးရေး စနစ်တွေရဲ့ မူလပထမအစပါ…။
ကျွန်တော်တို့ အပါအဝင် ကမ္ဘာပေါ်မှာရှိရှိသမျှ အရာတိုင်းကအချိန်နဲ့ အမျှ ပြောင်းလဲနေတာ ကိုလက်ခံရမှာပါ…။ မနေ့က ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နဲ့ ဒီကနေ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် လုံးဝထပ်တူမကျနိုင်ပါဘူး…။ ကျွန်တော်တို့ လူတွေက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို သိသိသာသာပြောင်းလဲ ပစ်မိတဲ့အခါ ပြောင်းလဲပစ်မိသလို၊ မသိလိုက်ဘဲလုပ်လိုက်မိတဲ့ လုပ်ရပ်တွေကြောင့်လဲပတ်ဝန်းကျင် အသစ်အသစ်တွေကိုအချိန်နဲ့ အမျှ တွေ့လာရပါတယ်…။
တူးဖော်ရရှိတဲ့ ကမ္ဘာဦးလူတွေရဲ့ အရိုးအဆစ် တည်ဆောက်ပုံနဲ့ လက်ရှိလူတွေရဲ့ အရိုးအဆစ် တည်ဆောက်ပုံတွေကို နှိုင်းယှဉ်လေ့လာထားတဲ့ သုတေသနတွေအရ… ဟိုးတစ်ချိန်ကရှိခဲ့တဲ့ လူသားတွေရဲ့ အရပ်အမောင်း၊ အရိုးအဆစ် ကြံခိုင်မှုကဒီကနေ့ ကျွန်တော်တို့တွေထက် အဆများစွာသာလွန်နေပါတယ်။ တောထဲမှာအသီးအနှံရှာဖွေစားရတဲ့၊ အမဲလိုက်စားရတဲ့ လူတွေရဲ့ လှုပ်ရှားရမှု နဲ့၊ ဒီနေ့ခေတ် လူတွေရဲ့ လှုပ်ရှားရမှု ကိုယှဉ်ကြည့်ရင် ဘာကြောင့် ကမ္ဘာဦး လူသားတွေ ကပိုပြီး ကြံခိုင်တယ် ဆိုတာသိသာမှာပါ…။ ကျွန်တော် ဆိုလိုချင်တာက… ကျွန်တော်တို့ အပျင်းကြီးလို့ပဲ ဖြစ်ဖြစ်၊ အလွယ်ကြိုက်လို့ပဲ ဖြစ်ဖြစ်၊ အသစ်အသစ်တွေ ကိုဖန်တီးရတာ စိတ်ဝင်စား လို့ပဲ ဖြစ်ဖြစ်၊ ပြောင်း လဲ ပြုပြင် လိုက်တဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ကြံခိုင်မှုကလည်း လိုက်ပြီးပြောင်းလဲနေတယ် ဆိုတာပါ…။
နောက်တစ်ခုက ကျွန်တော်တို့တစ်တွေနဲ့ ကမ္ဘာပေါ်ကရှိရှိသမျှ တစ်ခြားသက်ရှိသက်မဲ့ တွေရဲ့ ဆက်စပ်မှုပါ…။ ကမ္ဘာပေါ်မှာသက်ရှိတွေ ဘယ်လို စဖြစ်လာတာကို လွယ်လွယ် ပြောရရင်… လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ဘာသက်ရှိသတ္တဝါမှ မရှိသေးတဲ့ ကမ္ဘာဂြိုလ်ကြီးပေါ်မှာမီးတောင်တွေပေါက်ကွဲ… ရာသီတွေပြောင်းလဲရာကစလို့ ကမ္ဘာမြေရဲ့ လေထုအပူချိန် တိုးလာတာကစပြီးပထမဦးဆုံးသက်ရှိသတ္တဝါလေးတွေ ပေါ်ပေါက်ခဲ့ရတာပါ။ ကမ္ဘာ့ ပထမဦးဆုံး သက်ရှိသတ္တဝါတွေထဲက တစ်ခုကတော့ ဒီနေ့အထိ အသက်ရှင်နေသေးတဲ့ ဘက်တီးရီးယားဆိုတဲ့ အကောင်ပိစိလေးတွေပါ။ ကျွန်တော်တို့ လူတွေဆိုတာ သူတို့ရဲ့နောက် ကာလအတော်ကြာမှာ တစ်ဆင့် တစ်ဆင့် ပေါ်လာရတဲ့ သတ္တဝါ အုပ်စုတွေထဲကတစ်စုပါ။ ဒိုင်နိုဆော အစပြုလို့ တစ်ချို့ သတ္တဝါ အုပ်စုတွေကတော့ ကမ္ဘာပေါ်ကပျောက်ခြင်းမလှ ပျောက်သွားကြပါပြီ။ သူတို့တွေ ပျောက်သွားရတဲ့ အကြောင်းရင်း ခံကလည်း အဲဒီအချိန်က ဖြစ်ခဲ့တဲ့ အပူလွန် အအေးလွန် ရာသီဥတု အပြောင်းအလဲတွေကြောင့်ပါပဲ…။ ကျွန်တော်တို့ သက်ရှိသတ္တဝါတွေ ကမ္ဘာပေါ်မှာ စပြီးရောက်လာ ရတာကဒီနေ့ အချိန်အထိကျွန်တော်တို့ လူသားတွေ ဘယ်လိုမှ မထိန်းချုပ်နိုင်သေးတဲ့ ရာသီဥတုရယ် ဘက်တီးရီးယားအုပ်စုဝင် သက်ရှိလေးတွေရယ်ကြောင့်ပါ…။ တစ်ချို့ သတ္တဝါတွေ မျိုးတုံးပြီးကမ္ဘာပေါ် ကပျောက်သွားရတာ ကလည်းရာသီဥတု အပြောင်းအလဲက တရားခံတစ်ခုပါ…။ ကျွန်တော် ဆိုလိုတာက… သဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲ၊ ရာသီဥတု အပြောင်းအလဲတွေကြောင့် ကမ္ဘာပေါ် ကိုရောက်လာရတဲ့ သက်ရှိတွေဟာ အဲဒီသဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲနဲ့ ရာသီဥတု အပြောင်းအလဲတွေကြောင့်ပဲ ကမ္ဘာပေါ် ကပျောက်ကွယ်ခဲ့ကြရ၊ ပျောက်ကွယ် နေကြရတယ် ဆိုတာပါပဲ…။
တကယ်တော့ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ရှိရှိသမျှ အရာအားလုံးက ချိတ်ဆက် ယှက်နွယ်နေပါတယ်။ ဥပမာ… ကမ္ဘာကြီးတစ်ခုလုံးဟာ ကွန်ပျူတာတစ်လုံး ဆိုကြပါစို့။ ကျွန်တော်တို့ လူသားတွေက ကျွန်ပျူတာထဲမှာ စိုက်ထားတဲ့ မန်မိုရီချောင်း ကလေးပေါ်က ဆီလီကွန် အပြားလေး တစ်ခုထက် ဘာမှ မပိုပါဘူး…။ ကွန်ပျူတာကြီး မြန်မြန် သွက်သွက် နဲ့ မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်ဖို့ အဲဒီမန်မိုရီချောင်း ကလေးက အဓိက ပံ့ပိုးပေးနေပေမယ့် လျှပ်စစ်မရတဲ့ အခါမှာတော့ အဲဒီမန်မိုရီချောင်း ကလေးလဲ ဘာမှ မတတ်နိုင်ပါဘူး။ ကျွန်တော်တို့ လူသားတွေလည်း အဲဒီလိုပါပဲ…။ ကမ္ဘာကြီးတစ်ခုလုံး ရဲ့ မြေပေါ်မြေအောက် အရင်းအမြစ်တွေကို ထိန်းချုပ်နိုင်တယ်၊ ကမ္ဘာမြင် ကွင်းတွေ ကိုပြောင်းလဲ ပစ်နိုင်တယ်၊ ကျွန်တော်တို့ စိတ်ကြိုက် ဖန်တီးနိုင်တယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုအထိပါပဲ…။ ရာသီဥတုနဲ့ သဘာဝတရားကြီးက အခြေအနေပေးနေသရွေ့ ကျွန်တော်တို့ လုပ်နိုင်ကိုင်နိုင်နေကြတာပါ…။ တကယ်တော့… ကမ္ဘာကြီးသာ ကွန်ပျူတာတစ်လုံး ဖြစ်ခဲ့ရင် ကျွန်တော်တို့ လူသားတွေက မန်မိုရီချောင်း ကလေးပေါ်ကဆီလီကွန်ပြားလေးတစ်ပြားထက် ဘာမှာမပိုပါဘူး။ ရာသီဥတုနဲ့ သဘာဝတရားကအခြေအနေမပေးခဲ့ရင် ကျွန်တော်တို့ လူသားတွေဟာ လျှပ်စစ်မီးမရတဲ့ ကွန်ပျူတာတစ်လုံးထဲကဘာမှ မလုပ်နိုင်တဲ့ မန်မိုရီချောင်းလေးတွေလိုပါပဲ…။
တစ်ချိန်တုန်းက ကျွန်တော်တို့ လူသားတွေ သက်သောင့် သက်သာနေနိုင်ဖို့အတွက်၊ အစာရေစာ မပြတ်လတ်ဖို့အတွက် သဘာဝတရားကို လွန်ဆန်ပြီး အသစ်အသစ်တွေကို ဖန်တီးခဲ့ကြပါတယ်။ သီးနှံ မျိုးစိပ်အသစ်တွေ၊ ဓာတ်မြေသြဇာတွေ… ဓာတုပိုးသတ်ဆေးတွေ ပေါင်းသတ်ဆေးတွေက အစပြုလို့ မော်တော်ဆိုင်ကယ် မော်တော်ကား အဆုံးပါ…။ ဒါပေမယ့် တန်ဆေး၊ လွန်ဘေးဆိုသလို အလွန်အကျွံ ဖြစ်လာတဲ့ အခါမှာတော့ ရောဂါထူပြောလာတဲ့၊ ရာသီဥတု ဆိုးဝါးလာတဲ့၊ လောဘ၊ ဒေါသ၊ မောဟအတော မသတ်နိုင်လာတဲ့ သဘာဝနဲ့ လူမှုဝန်းကျင် အသစ်တွေကို ရင်ဆိုင်လာရပါပြီ။ ဒီထက် ပိုပြီးဆိုးဝါးလာမယ် ဆိုရင်တော့ ကျွန်တော်တို့ လူသားတွေဟာလည်း တစ်ချိန်က ကမ္ဘာပေါ်ကနေ တိတ်တဆိတ် ပျောက်ကွယ် သွားရတဲ့ ဒိုင်နိုဆောလို သတ္တဝါကြီးတွေကိုကမ္ဘာပေါ် ကနေပျောက်သွား ရတော့မှာပါ။ ကျွန်တော်တို့ ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို အတောမသတ်နိုင်ဘဲ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ကမ္ဘာပျက်မယ့် နေ့ဆိုတာရောက် မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
တကယ်တော့ ဒီလိုရာသီဥတု အပြောင်းအလဲနဲ့ သဘာဝဝန်းကျင် အပြောင်းအလဲတွေ ကိုတစ်ဦးတစ်ယောက်တည်း အားနဲ့ ပြုပြင်ပြောင်းလဲဖို့ မလွယ်ကူပေမယ့်၊ တစ်ယောက်ချင်းက စပြီးလုပ်လို့ရ သလောက်လုပ်ကြမယ်ဆိုရင် ကိုယ်နေတဲ့ ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာရဲ့ သဘာဝဝန်းကျင်နဲ့ ရာသီဥတုကိုတစ်နိုင်တစ်ပိုင် ပြုပြင်လို့ရပါတယ်။
အတိုဆုံးနဲ့ အရှင်းဆုံးပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ လူသားတွေ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် အတတ်နိုင်ဆုံးသဘာဝတရားနဲ့ နီးစပ်အောင် နေကြဖို့ပါ။ သဘာဝသီးနှံ မျိုးစိတ်တွေကို သဘာဝမြေသြဇာတွေ သုံးပြီး စိုက်ပျိုး စားသောက်ဖို့ပါ။ ကိုယ်နေတဲ့ ဝန်းကျင်မှာ စားပင်သီးပင်လေးတွေ သာမက ကိုယ့်ဒေသနဲ့ လိုက်လျှောညီထွေရှိတဲ့ အရိပ်ရ ပင်လေးတွေလေးတစ်နိုင် တစ်ပိုင်စိုက်ပျိုးရင်း ကိုယ့် အိမ်ဝန်းကျင်မှာ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်လေး ဖန်တီးနေထိုင်ဖို့ပါ။ သစ်ပင် တစ်ပင်ရဲ့ အရိပ် အာဝါသ က အေးမြတယ်ဆိုတာ ကိုလူတိုင်းလက်ခံကြမှာပါ…။ မြက်တစ်ပင်ကစလို့ ကျွန်းပင် တစ်ပင် အထိအပင်တိုင်း အပင်တိုင်းဟာ နီးစပ်ရာ ပတ်ဝန်းကျင်လေထုထဲကို သူတို့ အား သူတို့ အင်နဲ့ ရေငွေ့တွေ လွှတ်ပေးပြီးအေးမြတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။
ကျွန်တော်တို့မှာ အချိန်တွေ သိပ်ပြီးမကျန်တော့ပါဘူး။ ကျွန်တော်တို့တွေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ရှင်သန်နေထိုင်ဖို့ အတွက် သဘာဝတရားနဲ့ အနီးစပ်ဆုံးနေထိုင် စားသောက်ပါ…။ သဘာဝလွန် အသီးအနှံတွေ၊ ဓာတုအစား အသောက်တွေ၊ ဓာတုဆေးဝါးနဲ့ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲမှု၊ အလွန်အကျွံသုံးပြီးစိုက်ထားတဲ့ အသီးအနှံ ပန်းမာလ်တွေကို ဝယ်ယူစားသုံးမှု ကိုလျှော့ချ၊ ရှောင်ကြဉ်ပါ…။ သဘာဝဂေဟစနစ်ကို ပျက်စီးစေမယ့် လုပ်ရပ်မျိုးကို မိမိကစပြီး မလုပ်မိဖို့ ဆင်ခြင်ပြီး သူတစ်ပါးဖျက်ဆီးနေတာကိုလည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိ သမျှ ကာကွယ်ပါ။ သဘာဝတရားကို ဒီနေ့ ဖျက်ဆီးနေတဲ့ သူတွေဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ကြံစည် လုပ်ဆောင်နေ သူများဖြစ်တာမို့ ပြည်သူလူထု တစ်ရပ်လုံးအပြင်၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်မှာ တာဝန်ရှိသူများက တားဆီးကန့်ကွက်ကြရန် တာဝန်ရှိပါတယ်။ ကျွန်တော်တို့ တစ်တွေ ရှေ့ဆက်လျှောက်ရမယ့် လမ်းက ပျက်ဆီးယိုယွင်းနေတဲ့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ဂရုတစ်စိုက် ထိန်းသိမ်းရင်း၊ သဘာဝ အသီးအနှံတွေကို သဘာဝနဲ့ အနီးစပ်ဆုံးစိုက်ပျိုး၊ စားသောက်ရင်း၊ ပြုံးတီးနေတဲ့ သစ်တောတွေကို ပြန်လည် ထူထောင်ရင်းနဲ့ စိမ်းလန်းတဲ့ နိုင်ငံတစ်ခုကို တက်ညီလက်ညီ တည်ဆောက်ကြဖို့ပါ။ အဆင့်မြင့်တဲ့ သဘာဝစပါး၊ သားငါးနဲ့ သစ်သီးတွေကို စိုက်ပျိုးရောင်းချပြီးတော့ သူများနိုင်ငံကထုတ်တဲ့ အဆင့်မြင့် စက်မှု ပစ္စည်းတွေကို ဝယ်ယူသုံးစွဲတာက ကျွန်တော်တို့ရဲ့ နိုင်ငံရဲ့ ရေမြေ ရာသီဥတုနဲ့ အကိုက်ညီဆုံး ဖြစ်တာမို့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော သဘာဝလယ်ယာ နိုင်ငံတော်ကြီးကို တည်ထောင်ကြဖို့ပါ။ တစ်ကမ္ဘာလုံးက သဘာဝအသီးအနှံတွေ ကိုစျေးကြီးကြီးပေးပြီး ဝယ်နေတဲ့ ဒီလိုအချိန်မှာ၊ စက်မှု လယ်ယာစနစ်ကနေ ၁၉ ရာစု ၂၀ ရာစုဦးက တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးစနစ် ကိုပြန်သွားဖို့ အစပြုနေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံကစက်မှု လယ်ယာ စနစ်ထူထောင်မယ်၊ အထွက်တိုးတဲ့ ဗီဇ ပြုပြင် သီးနှံတွေကို ဓာတုဆေးဝါးတွေ များများသုံးပြီးစိုက်ဖို့ ကြိုးစားနေမယ် ဆိုရင်တော့ လက်ရှိထက်ပိုပြီး ဆိုးဝါးတဲ့ ရာသီဥတု၊ ရောဂါဝေဒနာ အသစ်အဆန်းများ၊ လူမှု ပြဿနာများကအဆင်သင့် စောင့်ကြိုလျက်ပါ…။
ဒီတော့… ကျွန်တော်တို့ အလျှောက်သင့်ဆုံး သဘာဝအစိမ်းရောင် လမ်းလေးကို ဆက်လျှောက်ကြပါစို့…။ စက်မှုလယ်ယာတွေ၊ အထူးအထွက်တိုးသီးနှံတွေ ကိုအိပ်မက်ထဲမှာ ထားခဲ့ပြီး ကျွန်တော်တို့ လယ်သမားတွေကို သူတို့ပိုင်တဲ့ လယ်မှာ သူတို့နိုင်သလောက်နဲ့ သဘာဝကျကျ စိုက်ပျိုးခွင့် ပေးလိုက်ပါ…။ သူတို့ တွေ စိုက်ထားတဲ့ သဘာဝအသီးအနှံတွေကို တန်ကြေးရှိရှိနဲ့ ကမ္ဘာ့စျေးကွက် မှာရောင်းချနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးရင်း လယ်သမားတွေရဲ့ ဘဝကို သဘာဝကျကျ မြှင့်တင်ပေးရင်း မြစိမ်းရောင် စိုက်ပျိုးရေး နိုင်ငံတော်ကြီးဆီ ချီတက်ကြရအောင်လားဗျာ…။
ဘုန်းနေထွန်း
ရည်ညွှန်း
၁။ Wezel, A.; Casagrande, Marion; et al., 2013. Agroecological practices for sustainable agriculture. A review. Agron. Sustain. Dev. DOI 10.1007/s13593-013-0180-7.
၂။ Ruddiman. W.F. 2010. Plows, Plagues, and Petroleum: how humans control of climate. Princeton University Press.
၃။ De Schuter, O. 2012. Agroecology, a tool for the realization of the right to food. In: Lichtfouse, E. (ed) Agroecology and stratigies for climate change. Sustainable agriculture reviews vol. 8. Springer, pp 1-16.
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ