ငှက်ပျောပင်တွင် ကျရောက်တတ်သောရောဂါများအနက် ငှက်ပျောဖျူစေရီယံပင်ညှိုးရောဂါသည် ဖျက်ဆီးမှုအကြီးမားဆုံးနှင့် ပျက်စီးမှုအများဆုံးရောဂါတစ်ခု ဖြစ်သည်။ ၎င်းရောဂါသည် မြေဆောင်မှိုကြောင့်ဖြစ်ပွားပြီး ပနားမားရောဂါဟုလည်း လူသိများသည်။ ရောဂါဖြစ်စေသော foc မှိုတွင် မျိုးကွဲပေါင်း ၄ ခု (Race-1,Race-2,Race-3,Race-4)ရှိသည်။ ရောဂါလက္ခဏာများမှာ အားလုံးအတူတူဖြစ်သည်။ Race-4 (Tropical Race-4:TR-4)သည် တစ်ကျော့ပြန်ဖြစ်ပေါ်လာကာ ဖျက်ဆီးမှု စွမ်းအား ကြီးမားပြီး ငှက်ပျောစိုက်ခင်းများကို ဆုံးရူံှးမှုများ ဖြစ်ပေါ်စေပါသည်။
ပင်စည်အတွင်းပိုင်းလက္ခဏာ
ရောဂါရငှက်ပျောပင်၏ ပင်စည်ကို ကန့်လန့်ဖြတ်ပိုင်းြည့်ပါက ပင်စည်အသားများသည် အဝါရောင်၊ အညိုရောင်၊ အနီရောင်မှ အမည်းရောင်အထိ ပြောင်းလဲသွားသည်။ နောက်ပိုင်းတွင် ငှက်ပျောပင်၏ မြေပေါ်မြေအောက်ပိုင်းအားလုံးသေဆုံးကာ ပုပ်ကုန်တော့သည်။ ရောဂါရ မိခင်အပင်၏ သားတက်များတွင် ၎င်းလက္ခဏာများကို တွေ့နိုင်သည်။
ပြင်ပလက္ခဏာ
ရောဂါဖြစ်စေသောမှိုများသည် ငှက်ပျောပင်အမြစ်မှ တစ်ဆင့်ပင်စည်ကို ဝင်ရောက်တိုက်ခိုက်သဖြင့် အပင်၏ ရေပို့ဆောင်သောလမ်းကြောင်း(ရေကြောစနစ်)ကို ပိတ်ဆို့လာသည်။ ထို့ကြောင့်ငှက်ပျောပင်၏ အရွက်ရင့်၊အောက်ဆုံးအရွက်များ၏ ရွက်နားများ ဝါလာပြီး နောက်ပိုင်းတွင် အရွယ်အလယ်အထိ ကျယ်ပြန့်လာသည်။ ၎င်းအရွက်များသည် တဖြည်းဖြည်းအဝါရောင်မှ အညိုရောင်ပြောင်းကာခြောက်သွေ့လာပြီး နောက်ဆုံးတွင် အရွက်ရိုးတံအရင်းမှ ကျိုးကျ၍ အပင်တွဲလောင်းဖြစ်နေတတ်သည်။ ရောဂါပြင်းထန်လာပါက အောက်ရွက်မှတစ်ဆင့်အပေါ်ရွက်(ရွက်နု)များအထိဝါ၍ ခြောက်လာပြီး ထွက်ကာစ အရွက်နုအနည်းငယ်သာ အစိမ်းရောင်ဖြစ်ပြီး ထောင်မတ်နေတတ်သည်။
ကူးစက်ပြန့်နှံ့ပုံ
ရောဂါရ ငှက်ပျောသားတက်များ၊ ပျိုးပင်များကို တစ်နေရာမှ တစ်နေရာသို့ ကူးသန်းရောင်းဝယ် စိုက်ပျိုးကြသဖြင့် မူလငှက်ပျောဖျူစေရီယံ ပင်ညှိုးရောဂါ မရှိသေးသောစိုက်ခင်း (သို့)ဒေသတွင် ၎င်းရောဂါ ဝင်ရောက်စွဲမြဲအခြေချရှင်သန်ပေါက်ပွားလာခြင်း ဖြစ်သည်။ စိုက်ပျိုးမြေများ၊သွင်းရေများ၊စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စက်ပစ္စည်းများမှတစ်ဆင့် တစ်နေရာမှ တစ်နေရာသို့ ကူးစက်ပျံ့နှံ့စေသည်။ မြေတွင်းရှိ foc မှိုသည် နားနေစပိုးအနေဖြင့် မြေကြီးထဲတွင် နှစ်ပေါင်းဆယ်စုနှစ်များစွာအသက်ရှင်နေထိုင်နိုင်သည်။ ရောဂါရပင်ကြွင်းပင်ကျန်များနှင့် အခြားခိုအောင်းနိုင်သော လက်ခံပင်၏ အမြစ်များတွင်လည်း နှစ်ပေါင်း၃၀ခန့်အထိ ရှင်သန်နေထိုင်နိုင်သည်။ ရောဂါဖြစ်စေသော မှိုသည် နီမတုတ်ကျရောက်သောမြေ (သို့) မြေတွင်းအောင်းအင်းဆက်ပိုးများ ပွားများသောမြေ ဖြစ်ပါက၎င်းတို့တိုက်ခိုက်သော အမြစ်၏ ဒဏ်ရာများမှတစ်ဆင့် အပင်တွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်ပြီး ရောဂါဖြစ်စေသည်။
ကာကွယ်နှိမ်နှင်းနည်း
စိုက်ခင်းအတွင်း ရောဂါကျရောက်ပြီးပါက ရောဂါကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် နည်းလမ်း မရှိသေးပါ။ သို့သော် ရောဂါမကျရောက်စေရန် (သို့) စိုက်ခင်းတွင်ရောဂါဝင်မှုမရှိစေရန် ကြိုတင် ကာကွယ် ရေးနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။
• ရောဂါဒဏ်ခံနိုင်ရည်ရှိသော ငှက်ပျောမျိုးများကို စိုက်ပျိုးပါ။
• ရောဂါကျရောက်မှုမရှိသောစိုက်ခင်း (သို့) ဒေသမှ သားတက်များကိုသာ စိုက်ပျိုးပါ။
• ရောဂါလက္ခဏာရှိသောအပင်မှ သားတက်များကို စိုက်ပျိူးရန်မသင့်တော်ပါ။
• ငှက်ပျောဖျူစေရီယံရောဂါ ကျရောက်ဖူးသောမြေကွက်တွင် ငှက်ပျောပင်မစိုက်ပျိုးသင့်ပါ။
• စိုက်ခင်းတွင်သုံးမည့် ပစ္စည်းများကို သန့်ရှင်းအောင်ထားရမည်။ထိုပစ္စည်းများကို မသုံးစွဲမီ ၁၀% ဆိုဓီယမ်ဟိုက်ပိုကလိုရိုဒ်ဆေးရည်တွင် တစ်မိနစ်ခန့်စိမ်ပြီးမှ အသုံးပြုရပါမည်။
• ရောဂါရထားသော ငှက်ပျောခင်းမှ စီးဆင်းလာသော ဂေများ မိမိစိုက်ခင်းထဲသို့မဝင်ရန် သေချာစွာ ဆောင်ရွက်ပါ။
• စိုက်ပျိုးမည့်သားတက်များကို ပင်လုံးပြန့်အာနိသင်ရှိသည့် မှိုသတ်ဆေး(Hymexazol Thiophanate Methyl, Carbendazim)udk 1-2ဂရမ်၊ ရေတစ်လီတာနူှန်းဖျော်၍ ၅ မိနစ်ခန့်စိမ်ပြီးမှ စိုက်ပါ။
• ထရိုင်ကိုဒါးမားဇီဝမှိုသတ်ဆေးကို စိုက်ကျင်းတစ်ကျင်းလျှင် ၁၅ဂရမ်မှ၃၀ဂရမ်ခန့် ထည့်သွင်းစိုက်ပျိုးပါ။ ငှက်ပျောပင်စိုက်ပျိုးပြီး ၃လသား၊၅လသား၊၇လသားအရွယ်တွင် ထပ်မံထည့်သွင်းပါ။
• ဖြစ်နိုင်ပါကစိုက်ခင်းကို အကာအရံများဆောင်ရွက်ထားပါ။
Source…လယ်ယာစီးပွား(နည်းပညာ)
Writer…Agri.Linn.Htet