ဇွန် ၅ ရက်နောက်ပိုင်း ကမ်းနီးကမ်းဝေးပင်လယ်ပြင်များတွင် တစ်နာရီ မိုင် ၄၀ ထိ လေပြင်းများတိုက်နိုင်

31/05/2022 17:34 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဇွန် ၅ ရက်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာအနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ပြီး ကမ်းနီးကမ်းဝေးပင်လယ်ပြင်တွေမှာ တစ်နာရီ မိုင် ၄၀ ထိ လေပြင်းများတိုက်နိုင်လို့ အဲ့ဒီနား နေထိုင်သူတွေနဲ့ ပင်လယ်ပြင်ထွက်မယ့်သူတွေ သတိထားသင့်တယ်လို့  အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ် ECMWF ရဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ ဦးဝင်းနိုင်က သတိပေးတာပါ။

“ ကြိုတင်ခန့်မှန်းချက်အတိုင်းဆိုရင် ၇ ရက်နေ့ မနက်ပိုင်းကစပြီး တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၄၀ လောက်ထိ ဖြစ်လာတယ်။ လှိုင်းအမြင့်ကျတော့ ၉ ပေကနေ ၁၀ ပေအထိ ဖြစ်လာတယ်။ အဲ့ဒါက ဧရာဝတီကမ်းလွန်ပေါ့နော်။ ဟိုဘက် မော်တင်စွန်း ဘက်အခြမ်းကျတော့ လှိုင်းကော၊ လေကော ပိုများတယ်။ ဆိုကြပါစို့။ ကိုကိုးကျွန်းရဲ့မြောက်ဘက်တည့်တည့်၊ ပုသိမ်ရဲ့ အနောက်ဘက်ခြမ်းက ပင်လယ်ပြင်မှာကျတော့ လှိုင်းကလည်း ၁၂ ပေလောက်အထိ ဖြစ်လာတယ်။ နောက်တစ်ခုက လေတိုက်နှုန်းကလည်း ၂၇ ကနေ မိုင် ၄၀ လောက်အထိက ကောင်းကောင်းတိုက်နေတယ်။ ဒါက ၅ ရက်၊ ၆ ရက်၊ ၇ ရက် တွေမှာ ဖြစ်မှာပေါ့။ အများဆုံးကတော့ ၇ ရက်နေ့ညမှာ လေထန်လာမယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

လက်ရှိမှာ ကမ်းနီးကမ်းဝေး ရေလုပ်ငန်းအများစု နားသွားပြီလို့ သိရပေမယ့် တချို့နီးနီးနားနား ပင်လယ်ပြင်ကို ငါးရှာထွက်တဲ့သူတွေတော့ ရှိသေးလို့ သူတို့အနေနဲ့ သတိထားသင့်တယ်လို့  ဦးဝင်းနိုင်က ဆိုပါတယ်။

“ လှိုင်းက ကမ်းခြေနားနီးနီးမှာတောင်မှ ၁၀ ပေလောက် ဖြစ်မှာကိုး။ ဧရာဝတီကမ်းရိုးတန်း အရှေ့ဘက်ခြမ်းပေါ့။ ဂေါ်ရန်ဂျီကျွန်းကနေ ဂွဘက်အထိ။ အဲ့ဒီတွေမှာ ကမ်းခြေနဲ့နီးတဲ့နေရာတွေမှာတောင်မှ လှိုင်းက ၉ ပေ၊ ၁၀ ပေလောက်ဖြစ်လာမယ်” လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။ 

ဒါ့အပြင် လေပြင်းတွေက တချို့ကမ်းနားတစ်လျှောက်တိုက်နိုင်လို့ ကမ်းနားနေ ထိုင်သူတွေလည်း သတိပြုသင့်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ ဥပမာအားဖြင့် ကျောက်ဖြူရဲ့ အောက်ဘက်တောက်လျှောက် နောက် မော်တင်စွန်းကနေ အရှေ့ဘက် မုတ္တမကွေ့ တောက်လျှောက် အဲ့ဒီကနေ တနင်္သာရီကမ်းရိုးတန်းကနေ ဟိုး ကော့သောင်ရောက်တဲ့အထိပေါ့ဗျာ။ မြိတ်တို့၊ ဘုတ်ပြင်းတို့ တစ်လျှောက်ပေါ့။ အဲ့ဒီနေရာတွေမှာတော့ လေတိုက်နှုန်းများမယ်။ မိုင် ၃၀ က အောက်ထစ်ရှိနေမှာပဲ”

ဇွန် ၆ ရက်၊ ၇ ရက်နောက်ပိုင်းမှာ မုတ်သုန်အားကောင်းလာမှုနဲ့အတူ နေပြည်တော်၊ မိတ္ထီလာ၊ မန္တလေး တို့အပါအဝင် မြန်မာပြည် အလယ်ပိုင်းဒေသတွေမှာ မိုးကောင်း လာဖို့ရှိတယ်လို့လည်း သိရပါတယ်။

Photo Crd _ Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်