ပြည်တွင်းရောင်းလိုအား တက်လာမှုကြောင့် အိန္ဒိယ၊ ဗီယက်နမ်တို့၏ ပြည်ပဆန်တင်ပို့ဈေးများ ကျဆင်း

22/04/2022 17:21 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယနဲ့ ဗီယက်နမ်မှာ ဆန်ရောင်းလိုအားတွေ မြင့်တက်လာတာကြောင့် ယခုအပတ်အတွင်း ပြည်ပကို တင်ပို့တဲ့ဆန်ဈေးတွေ ကျဆင်းလာပါတယ်။ 

ဗီယက်နမ်နိုင်ငံကတော့ လာမယ့်လတွေအတွင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်နဲ့ သီရိလင်္ကာနိုင်ငံတွေဆီက ဆန်မှာယူမှုအသစ်တွေ ရရှိလာမယ်လို့ မျှော်လင့်နေပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယရဲ့ ငါးမှတ်ပေါင်းဆန်ဈေးတွေဟာ အရင်အပတ်ကတစ်တန်ကို ၃၆၄-၃၆၈ ဒေါ်လာကြား ရပ်တည်ခဲ့ရာကနေ ယခုအပတ်မှာ ၃၆၁ ကနေ ၃၆၅ ဒေါ်လာကြားကို ကျဆင်းလာပါတယ်။ ရူပီးငွေတန်ဖိုး အားပျော့လာတာက ပို့ကုန်ဈေး ကျဆင်းဖို့ကို အားပေးခဲ့တာပါ။

"ဝယ်လိုအားက ကောင်းပါတယ်။ ဒါပေမဲ့ ရူပီးဈေးကိုလိုက်ပြီး ဆန်ဈေးက ကျဆင်းလာတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ဆန်ရောင်းလိုအားလည်း မြင့်တက်ခဲ့ပါတယ်" လို့ ‌အိန္ဒိယတောင်ပိုင်း အန္ဓရပြည်နယ်၊ ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဗီယက်နမ်မှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ လယ်သမားတွေက နွေဦးစပါး ၉၀ ရာခိုင်နှုန်းကို ရိတ်သိမ်းထားပြီးနောက် ပြည်တွင်းဆန်ရောင်းအား အလျှံပယ်ဖြစ်လာတာကြောင့် ဗီယက်နမ် ငါးမှတ်ဆန်ဈေး ယခင်အပတ်က တစ်တန်ကို ၄၂၀-၄၂၅ ဒေါ်လာ ရှိခဲ့ရာကနေ ယခုအပတ် ကြာသပတေးနေ့က ၄၁၅ ဒေါ်လာထိ ကျဆင်းလာပါတယ်။

လာမဲ့လတွေအတွင်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်နဲ့ သီရိလင်္ကာဈေးကွက်တွေဆီက ဝယ်လိုအား ကောင်းလာမှာကြောင့် ဗီယက်နမ်ပို့ကုန် မြင့်တက်လာမယ်လို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်းက မျှော်မှန်းကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွေက ရေးသားဖော်ပြပါတယ်။

ဧပြီလအတွင်း ဟိုချီမင်းစီးတီးဆိပ်ကမ်းကနေ ဆန် ၂၉၁၆၉၀ တန် သင်္ဘောတင်ခဲ့ပြီး အများစုက ဖိလစ်ပိုင်နဲ့ ကျူးဘားဈေးကွက်ကို ဦးတည်ကြောင်း ကနဦးပို့ကုန်စာရင်းတွေက ပြသနေပါတယ်။

ထိုင်း ငါးမှတ်ဆန်ဈေးကတော့ ပြီးခဲ့တဲ့နှစ်ပတ်အကြာကဈေး ၄၀၈-၄၁၂ ဒေါ်လာထက် အနည်းငယ်မြင့်တက်ကာ ဒီတစ်ပတ်မှာ ၄၁၀-၄၁၄ ဒေါ်လာကြား ရပ်တည်ခဲ့ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းအကျဉ်း ဖြစ်ပေမဲ့ ခြုံကြည့်ရင်တော့ ဈေးကွက်အေးနေတယ်လို့ ထိုင်းဆန်ကုန်သည်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဇန်နဝါရီကနေ ဖေဖော်ဝါရီအတွင်း ဆန်တန်ချိန် ၁ ဒသမ ၁ သန်း တင်ပို့ခဲ့ရာ နှစ်အလိုက် ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ယခုလအစောပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ စပါးအထွက် ကောင်းသလို ဆန်အများလည်း တင်သွင်းထားတာကြောင့် အရန်ဆန်တောင့်တင်းနေပေမဲ့ ပြည်တွင်းဆန်ဈေးတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အစိုးရက နွမ်းပါးပြည်သူတွေအတွက် သက်သာဆန်တွေ ရောင်းချပေးလျက်ရှိပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: ASIA RICE-INDIA, VIETNAM EXPORT RATES FALL ON RISING SUPPLIES - Reuters 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်