မြန်မာနိုင်ငံသည် ဂျုံကို အဓိကစိုက်ပျိုးသောနိုင်ငံမဟုတ်ပါ။ ထို့အတူ ဂျုံစားသုံးသော နိုင်ငံလည်း မဟုတ်ပါ။ သို့သော် ကျနော်တို့၏ နေ့စဉ်စားသောက်မှုတွင် ဂျုံဖြင့်ပြုလုပ်သော ခေါက်ဆွဲ၊ ကိတ်မုန့်၊ ပေါင်မုန့်-စသည့် အစားအစာအများစုတို့ ပါဝင်လျက် ရှိပါသည်။
ဂျုံစိုက်ပျိုးဧရိယာအနေဖြင့် ဆန်စပါးကဲ့သို့ များပြားခြင်းမရှိသော်လည်း ဂျုံသီးနှံကို တောင်ပေါ်ဒေသနှင့် မြေပြန့်နှစ်မျိုးလုံးတွင် စိုက်ပျိုးလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ဂျုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိပါသည်။
ဂျုံသီးနှံသည် ပဲမျိုးစုံ၊ ဆီထွက်သီးနှံတို့ကဲ့သို့ အခြောက်ထွန်ရေးဖြင့် ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သည့် ယာသီးနှံတစ်မျိုး ဖြစ်သည်။ လယ်မြေနှင့် ယာမြေနှစ်မျိုးလုံးတွင် ဖြစ်ထွန်းသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးရာသီပဲတီစိမ်းသီးနှံ ရိတ်သိမ်း အပြီးတွင်လည်းကောင်း၊ နှမ်းလျင်သီးနှံရိတ်သိမ်းအပြီးတွင်လည်းကောင်း၊ မိုးမြေပဲသီးနှံအပြီးတွင် လည်းကောင်း ဂျုံသီးနှံကို စိုက်ပျိုးသည်။ ရှမ်းပြည်နယ်တွင်မူ ပဲရင်းသီးနှံအပြီး၊ မိုးမြေပဲသီးနှံ အပြီးနှင့် ပဲပုပ်သီးနှံအပြီးတို့တွင် စိုက်ပျိုးပါသည်။
သို့သော် ဂျုံသီးနှံစိုက်ဧရိယာကို ထပ်မံတိုးချဲ့ရန် အခက်အခဲများရှိနိုင်ကြောင်းသိရသည်။ အကြောင်းမှာ ဂျုံသီးနှံသည် အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ အထူးသဖြင့် သားတက်ထွက်ချိန်တွင် ဖြစ်သည်။ သို့ဖြစ်၍ ရေမြေရာသီဥတုတိုင်းတွင် စိုက်ပျိုးနိုင်မှုမရှိပါ။
ထို့ပြင် ဂျုံသီးနှံနှင့် ကုလားပဲ၊ နေကြာစသည့် အခြားဆောင်းရာသီသီးနှံများ စိုက်ပျိုးချိန် တစ်ချိန်တည်း ဖြစ်သဖြင့် ထိပ်တိုက်ရင်ဆိုင်ရ၍ တောင်သူ၏ရွေးချယ်မှုပင် ဖြစ်သည်။ သို့ဖြစ်၍ အဓိကထားလုပ်ဆောင်သင့် သည်မှာ ဂျုံသီးနှံအထွက်နှုန်းနှင့် ထုတ်လုပ်မှုတိုးမြင့်ရေးပင် ဖြစ်ပါသည်။
ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးမြင့်ရန် အဓိကလိုအပ်သည်မှာ မျိုးနှင့် နည်းပညာပြန့်ပွားရေး ဖြစ်သည်။ တနည်းအားဖြင့် သုတေသနဖွံ့ဖြိုးရေးပင် ဖြစ်ပါသည်။
ဂျုံသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ဖို့ဆိုလျှင် မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးရေးကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်သည်။ ရှေးယခင်က မြန်မာနိုင်ငံနှင့် သင့်တော်သောဂျုံမျိုးများကို တင်သွင်းကာ စမ်းသပ်စိုက် ခဲ့သည်။ ယခုမူ ဂျုံမျိုးမွေးမြူရွေးချယ်ရေးသုတေသနလုပ်ငန်းကို စိုက်ပျိုးရေးသုတေသနပညာရှင်များ ပြည်တွင်းတွင်ပင် ဆောင်ရွက်လျက်ရှိပါသည်။
၁၉၇၆ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာပြောင်းဖူးနှင့် ဂျုံသီးနှံ သုတေသနဌာန (International Maize and Wheat Improvement Center-CIMMYT)နှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြေပြန့်တောင်ပေါ်ဒေသအလိုက်ဖြစ်ထွန်းသောဂျုံမျိုးများ၊ အပူဒဏ်ခံနိုင်ရည်ရှိသော ဂျုံမျိုးများ၊ သက်လျင်၍ အထွက်နှုန်းကောင်းသော ဂျုံမျိုးများရရှိရေးတို့ကို ကြိုးစားလျက်ရှိသည်။ ၁၉၈ဝ ခုနှစ်မှ စတင်၍ တောင်သူများစိုက်ပျိုးနိုင်ရန် ဂျုံမျိုးသစ်များကို ရွေးချယ်ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရေဆင်းဂျုံ-၁(LYP-73)၊ ရေဆင်းဂျုံ-၂(SA-75)၊ ရေဆင်းဂျုံ-၃(V-1278)၊ ရေဆင်းဂျုံ-၄(LU-26)၊ ရေဆင်းဂျုံ-၅(BlueSilver)၊ ရေဆင်းဂျုံ-၆(Veery-5)၊ ရေဆင်းဂျုံ-၇(UP-262)၊ ရေဆင်းဂျုံ-၈ (PC Early-2586)၊ ရေဆင်းဂျုံ-၉(LYP-73 x MW-72)၊ ဇလုပ်-၁၊ ဇလုပ်-၂၊ ဇလုပ်-၃၊ ဇလုပ်-၄ စသည့် ဂျုံမျိုးသစ်များကို ဖေါ်ထုတ်ပေးနိုင်ခဲ့သည်။
ဆက်လက်၍လည်း နနွင်းရောဂါဒဏ်နှင့် ရေငတ်ဒဏ်ခံနိုင်သော ရေဆင်းဂျုံ-၁၀ မျိုး၊ ခြောက်သွေ့မှုဒဏ်ခံနိုင်ပြီး၊ ရောဂါဒဏ်ခံ၊ အရည်အသွေးကောင်းသော ရေဆင်းဂျုံ-၁၁ မျိုးတို့က်ု ဖေါ်ထုတ်ပေးခဲ့သည်။
ယခု ၂၀၂၂ ခုနှစ်တွင်မူ သက်လျင်အထွက်ကောင်းသည့် ဂျုံမျိုးသစ် ရေဆင်းဂျုံ-၁၂ မျိုးကို တောင်သူများစိုက်ပျိုးနိုင်ရန် ဖေါ်ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
အရည်အချင်းလက္ခဏာများ
ဂျုံမျိုးသစ် ရေဆင်းဂျုံ-၁၂၏ အသက်ရက်မှာ မြေပြန့်ဒေသတွင်စိုက်ပျိုးပါက ရက် ၉၀ နှင့် တောင်ပေါ်ဒေသတွင် စိုက်ပျိုးပါက ၁၀၅ မှ ၁၁၀ ရက် ဖြစ်သည်။ အပင်အမြင့်မှာ ၇၀ မှ ၇၅ စင်တီမီတာရှိသည်။
မြေပြန့်ဒေသတွင် အပင်ပေါက်ပြီး ၅၄ ရက်အကြာတွင် ပန်းပွင့်သည်။ တောင်ပေါ်ဒေသတွင်မူ အပင် ပေါက်ပြီး ၈၈ ရက် အကြာတွင် ပန်းပွင့်သည်။
အနှံအရှည်မှာ ၉ မှ ၁၀ စင်တီမီတာရှိပြီး အမြီး(Awn) ပါဝင်မှုရှိသည်။ တစ်နှံပါအစေ့မှာ ၄၀ မှ ၄၅ စေ့ ရှိသည်။ အစေ့ ၁၀၀၀ အလေးချိန်မှာ ၄၀ ဂရမ်ရှိသည်။ အစေ့အရောင်မှာ အဖြူရောင် ဖြစ်ပါသည်။
ရေသွင်းစိုက်ပျိုးဧရိယာတွင် တစ်ဧက ၄၄ မှ ၄၅ တင်းထွက်နိုင်ပြီး ရေပေးသွင်းခြင်း မပြုဘဲ စိုက်ပျိုးဧရိယာတွင် ၂၈ မှ ၃၃ တင်းအထွက်ကို ရရှိနိုင်ပါသည်။
ထူးခြားချက်မှာ အသက်လျင်အထွက်ကောင်းမျိုးဖြစ်သည်။ အပူဒဏ်ခံနိုင်၍ နောက်ကျ စိုက်ပျိုးနိုင်သည်။ မြေပြန့်ဒေသအတွက် အထူးသင့်လျော်ပြီး ဂျုံနနွင်းရောဂါဒဏ်ခံနိုင်ရည်ရှိပါသည်။
ဂျုံမျိုးသစ် ရေဆင်းဂျုံ-၁၂ မှာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရန်နှင့် တစ်ဧကအထွက် နှုန်းမြင့်မားပြီး တောင်သူများ အကျိုးအမြတ်ဝင်ငွေကောင်းစေရေးအတွက် စိုက်ပျိုးသင့်သည့်အတွက် မိတ်ဆက်ပေးလိုက်ရပါသည်။
ဆင်းသီဟ