အကျိုးအမြတ်ရှိတဲ့ ငါးခူငါးမွေးမြူနည်း

17/03/2022 10:30 AM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

ငါးခူငါးမှာ ငါးရံ့လိုပင် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်၊ လယ်ကွင်းအနှံ့အပြားမှာ နေနိုင်တာ သာမကဘဲ  နောက်ကျိပြီး ရေ နည်းတဲ့ ရေအိုင်ကလေးများမှာပင် နေထိုင်နိုင်ကြပါတယ်။ ငါးခူပေါက် ကလေးဘဝမှ ငါးခူကြီးဖြစ်လာတဲ့အထိ ၁နှစ်ခန့် အချိန်ကြာမြင့်ပါတယ်။

ငါးခူမွေးကန်တူးဖော်ခြင်း

       ငါးခူမွေးဖို့ ကန်တူးရင် အတွင်းကနေ မတ်စောက်စွာ ပြုလုပ်ထားရပါမယ်။ အလွန်ကြီးမား ကျယ်ပြန့်လွန်းပါက ထိန်းသိမ်းရန် မနိုင်မနင်းဖြစ်တတ်ပါတယ်။ သာမန်အားဖြင့် ကန်အကျယ်အဝန်းမှာ အလျား ၄၀ ပေ၊ အနံ ၂၅ ပေမှ ပေ ၁၀၀ ပတ်လည်အထိ၊ အနက် ၅ ပေမှ  ၆ ပေရှိကန်များတွင် မွေးမြူနိုင်ပါတယ်။ မတ်စောက်တဲ့ ကန်ပေါင်မှာ ဝါးကပ်များဖိထားရန်လည်း လိုအပ်ပါတယ်။ မဟုတ်ပါက  ငါးခူများ တာပေါင်ကိုကျော်၍ တွား၍သွားနိုင်ကြပါတယ်။ တာပေါင်အပေါ် ပတ်ပတ်လည်မှာ အမြင့် ၁တောင်ခန့်ရှိ ရိုင်ပတ်များလည်း ကာရံထားရှိရပါမယ်။ ငါးထည့်စမှာ ရေကို ၃ပေခန့်ဖြည့်၍ ငါးကြီးလာတာနဲ့ အမျှ ၅ ပေမှ ၆ ပေအထိ တဖြည်းဖြည်းရေဖြည့်သွားရန် လိုပါတယ်။

ငါးမထည့်မီ ကန်တွင်းသြဇာဓာတ်ပြည့်ဝစေရန် နွားချေးကို ၄ဂါလံဝင်ပုံးဖြင့် ၁ဧကလျှင် ပုံး ၃၀၀ နှုန်း ထည့်ပေးပါ။ ကန်အတွင်းရှိ ရေမျက်နှာပြင်ရဲ့  ၅ ပုံ ၁ ပုံကို ဗေဒါပင်များဖြင့် ဖုံးအုပ်ပေးနိုင်ပါတယ်။

ကန်အတွင်း ငါးထည့်ခြင်း

ငါးခူငါးမှာ အခြားမွေးငါးတွေလို မဟုတ်ဘဲ အနေကျစ်လစ်တဲ့ ငါးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကန်ငယ်ငယ် အိုင် အရွယ်ဖြင့်ပင် မွေးမြူနိုင်ပါတယ်။ စဉ့်အိုး၊အုတ်ကန်၊သံစည် စတာတွေနဲ့ပင် တစ်အိမ်ထောင်စားလောက်ရုံ တစ်နိုင်မွေးမြူခြင်းစနစ်ဖြင့် မွေးမြူနိုင်ပါတယ်။ ၁၀ စတုရန်းပေ ရေအနက် ၆ ပေရှိသော အနေအထားမှာ ၂လက်မ မှ ၄လက်မ အရွယ် ငါးခူငယ်အကောင် ၅၀ နှုန်း ထည့်သွင်းမွေးမြူနိုင်ပါတယ်။ ငါးများကိုကန်အတွင်းလွှတ်ရင် နံနက်ပိုင်း၌ လွှတ်ပေးရပါမယ်။  

အစာကျွေးခြင်း

           ငါးခူငါးက အသားစားငါးမျိုး ဖြစ်တာကြောင့် ငါးခူငါးကို အခြားငါးမျိုးတွေနဲ့ ရောနှော မွေးမြူရန် မသင့်တော်ပေ။ ငါးခူငါးကို အစာကျွေးရာမှာ အလွယ်တကူရမယ်ဆိုပါက အမဲကလီစာ အရိအရွဲများ၊ ကြက်အူ ၊ ဘဲအူတွေနဲ့ စွန့်ပစ်ထားတဲ့ ငါးကလီစာတွေကို နုပ်နုပ်စဥ်းပြီး ကျွေးနိုင်ပါတယ်။ ထိုအစာတွေ မရရှိရင်တော့ ဆန်ကွဲကျိုပြီး ဖွဲနု ၊ ပဲဖတ်နဲ့ စဥ်းထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုရောကာ နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျွေးနိုင်ပါတယ်။ စျေးနဲ့နီးပါက အမဲဆိုင်တွေမှ ကြွင်းကျန်တဲ့ အမဲရိုးများ တွေကိုဝယ်ကာ ကြိုးဖြင့်ဆွဲပြီး အစာအဖြစ်ကျွေးနိုင်ပါတယ်။ အရိုးတွေမှာ ကပ်နေတဲ့ အသားတွေကို ငါးခူက တစ်စတစ်စ ဖဲ့စားခြင်းဖြင့် အစာကျွေးရာမှာ စရိတ်သက်သာနိုင်ပါတယ်။ အခြားနည်းလမ်း တစ်ခုက ညဘက်မှာ ကန်အတွင်းရှိ ရေမျက်နှာပြင်အထက်ကို မီးထွန်းညှိပေးထားခြင်း ဖြစ်ပါတယ်။ မီးအလင်းရောင်ဆီကို လာရောက်ကြတဲ့ ပိုးကောင်ကလေးများ ရေထဲကို ကျသွားရင် ငါးခူငါးတွေရဲ့ အစာ ဖြစ်သွားကြပါလိမ့်မယ်။ အထက်ပါနည်းအမျိုးမျိုးဖြင့် အစာကို မှန်ကန်ဝလင်စွာ ကျွေးပါက ငါးသန်ငယ်ကလေးများ ၆လ မှ ၈လအတွင်း၁၀ ကျပ်သားမှ ၁၂ ကျပ်သားအထိ ကြီးထွားလာနိုင်ပါတယ်။ အစာမမှန် ဝလင်စွာမကျွေးပါက ငါးကျောက်ဖားငါးကဲ့သို့ ခေါင်းကြီး ကိုယ်သေးဖြစ်ကာ တွက်ခြေ မကိုက်ဘဲ အရှုံးပေါ်နိုင်ပါတယ်။ အစာမှန်မှန်ကျွေးပြီး ငါးခူတွေကို မွေးမြူမယ်ဆိုရင် ၁ဧကကန် အကျယ်မှာ ၁နှစ်အတွင်း ငါးများအများအပြား မွေးမြူနိုင်တာကြောင့် ငါးခူအထွက်နှုန်းလည်း ပိဿာချိန်များများ ရနိုင်ပြီး အကျိုးအမြတ် အလွန်ရှိတဲ့ မွေးမြူရေး လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။

မှီငြမ်း- ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်