မေ ၁၈ ရက်ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရာသီစပြီ

15/05/2022 15:57 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မေလ ၁၈ ရက်နေ့က စပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရာသီ စတင်တော့မှာဖြစ်ကာမြန်မာပြည်တောင်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ နောက်လာမယ့် ၃ ရက်ကနေ ၅ ရက်အတွင်း မိုးပိုလာနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

မေ ၁၈ ရက်ကနေ တောက်လျှောက် မိုးရွာတော့မှာဖြစ်ပြီး မုတ်သုံလေ အားကောင်းမှုရှိမရှိပေါ်မူတည်ပြီး မိုးများခြင်း နည်းခြင်းပဲ ကွာသွားမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ တောင်ပိုင်းကို အဓိကထားဝင်မယ်ဆိုပေမယ့် ဟိုးအောက်ပိုင်း ကော့သောင်းတို့၊ မြိတ်တို့ဘက်ကျတော့ နည်းနေတယ်။ နောက်ပြီးတော့မှ ဘယ်နေရာမှာ ထပ်ပြီးတော့ များလာမလဲဆိုတော့ မွန်ပြည်နယ်ရယ်၊ ကရင်ပြည်နယ်ရယ်၊ မော်လမြိုင်နဲ့ ကော့ကရိတ်၊ ကျုုံဒိုးအပိုင်း အဲ့ဒီအခြမ်းတွေပေါ့။ သတိထားရမယ့် နေရာတွေပေါ့။ အဲ့ဒီနေရာတွေက ၁၀ လက်မအထက်တွေ ရွာမှာပဲ။ လက်မ ၂၀ လောက်ထိကို မြင်နေတဲ့ အနေအထားတွေတွေ့တယ်။ နောက်တစ်ခုက ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတစ်ခု လုံးပေါ့။ နေပြည်တော်နားရောက်တဲ့အထိပေါ့။ အဲ့မှာလည်း များမယ်။ နောက် ပဲခူးရိုးမတစ်လျှောက်လုံးကနေ ဟိုးမြောက်ပိုင်း ကချင်ပြည်နယ်ရောက်တဲ့အထိပေါ့ ” 

တစ်နိုင်ငံလုံးအတိုင်းအတာဆိုပေမယ့် မြန်မာပြည်အလယ်ပိုင်းဒေသတွေတော့ မိုးမများနိုင်သေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့ မေ ၁၈၊ ၁၉ မှာ ရခိုင်ပြည်နယ်ကျောက်ဖြူဘက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ဖို့အလားအလာရှိနေပြီး အဲ့ဒါဖြစ်လာခဲ့ရင်တော့ အလယ်ပိုင်းဒေသတွေလည်း မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“ ထူးခြားတာတစ်ခုဘာရှိလဲဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကမ်းနီး ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင်ခြေရှိတယ်။ ဒါကြိုပြီးတော့ တွေ့ထားတယ်။ အဲ့ဒီလေဖိအားနည်းရပ်ဝန်းလေးက ချက်ချင်းပဲ အားကောင်းပြီးတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းသေးသေးလေးတစ်ခုဖြစ်မယ်။ ဖြစ်ပြီးလို့ အဲ့ဒီအရှိန်နဲ့ဆိုရင်တော့ အလယ်ပိုင်းဒေသတွေ မိုးများသွားလိမ့်မယ်"

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မေ ၁၈ ကနေ ၂၄ ရက်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိတယ်ဆိုပြီး ယခင်က ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသဌာနတစ်ချို့က သတိပေးမှုပြုလုပ်ထားတဲ့  မုန်တိုင်းကတော့ မုတ်သုံလေအားကောင်းလာမှုကြောင့် ဖြစ်မလာနိုင်တော့ဘူးလို့ သိရပါတယ်။

 

Photo crd_Win Naing FB

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်