ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာ့သီးနှံရောင်းအား အကန့်အသတ်ဖြစ်ပေါ်ပြီး ဈေးများ မြင့်တက်လာနိုင်

23/02/2022 12:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာပေါ်မှာ ကောက်ပဲသီးနှံ ထုတ်လုပ်အားကောင်းတဲ့ နိုင်ငံကြီးတွေ ဖြစ်ကြတဲ့ ရုရှားနဲ့ ယူကရိန်းတို့ကြား ပဋိပက္ခမြင့်တက်လာခြင်းကြောင့် ဂျုံ၊ ပြောင်းဖူးနဲ့ နေကြာဆီဝယ်လက်တွေဟာ အခြားရောင်းလက်နိုင်ငံတွေကို အစားထိုးရှာဖွေလာရဖို့ ရှိနေသလို နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးနှုန်းထိ ရောက်နေပြီးဖြစ်တဲ့ ကမ္ဘာ့စားသောက်ကုန်စည်ဈေးကိုလည်း ဆက်လက်မြင့်တက်စေဦးမယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေနဲ့ ကုန်သည်တွေက သုံးသပ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးဒေသတွေထဲကို ရုရှားတပ်တွေ စေလွှတ်ဖို့ အင်္ဂါနေ့က အမိန့်ထုတ်ပြန်ပြီးနောက် ဥရောပအရှေ့မျက်နှာစာဟာ စစ်ဖြစ်လုဖြစ်ခင် အခြေအနေကို ရောက်ရှိလာ ပါတယ်။ ဒီအခြေအနေရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့စတော့ရှယ်ယာဈေးတွေ ထိုးကျသွားပြီး ရေနံစိမ်းဈေးတွေက ထောင်တက်လာပါတယ်။

အဆိုပါနှစ်နိုင်ငံဟာ ကမ္ဘာ့ဂျုံတင်ပို့မှု ၂၉ ရာခိုင်နှုန်း၊ ပြောင်းဖူးတင်ပို့မှု ၁၉ ရာခိုင်နှုန်းနဲ့ နေကြာဆီတင်ပို့မှု ၈၀ ရာခိုင်နှုန်းတို့ကို ရောင်းချပေးနေပြီး စစ်ရေးထိတွေ့မှုတွေ ဖြစ်လာရင် သီးနှံသယ်ယူပို့ဆောင်ရေး ထိခိုက်လာနိုင် ပါတယ်။ ဒါကြောင့် ဝယ်လက်တွေဟာ ပင်လယ်နက်ဒေသကနေ သီးနှံမမှာတော့ဘဲ အခြားဒေသထွက်နဲ့ အစားထိုး ဖို့ အလုအယက် ကြိုးပမ်းလာကြရဖွယ်ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု ရှီကာဂိုးကုန်စည်ဒိုင်မှာ အင်္ဂါနေ့က ဖြစ်ပေါ်တဲ့ ဂျုံကြိုပွိုင့်ဈေးတွေ နှစ်ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့သလို ပြောင်းဈေးလည်း ခုနစ်လတာအတွင်း အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။ ပဲပုပ်ဈေးလည်း ကောင်းမြဲကောင်းလျက်ရှိပါတယ်။ အဲဒီစားသောက်ကုန်စည်နဲ့ တိရစ္ဆာန်စာကုန်ကြမ်း အဓိကသီးနှံသုံးမျိုးဟာ ကမ္ဘာ့အထွက် ကျဆင်းခြင်းနဲ့ ဝယ်အားမြင့်တက်ခြင်းတို့ကြောင့် ယမန်နှစ်အတွင်း အနိမ့်ဆုံးကျရောက်ခဲ့တဲ့ ဈေးနှုန်းနဲ့ ယှဉ်မယ်ဆိုရင် ၄၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာခဲ့ကြတာပါ။

" ပင်လယ်နက်ဒေသတွင်းက ကုန်စည်တင်ပို့မှု ကမောက်ကမဖြစ်ရင် ကမ္ဘာတစ်ဝန်း သီးနှံဝယ်ယူရရှိနိုင်မှုအပေါ် မှာပါ သက်ရောက်မှု ရှိလာပါလိမ့်မယ်" လို့ သြစတြေးလျအမျိုးသားဘဏ်က လယ်ယာစီးပွားပညာရှင် ဖင်းဇီဘဲလ် က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

"အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ဝယ်လက်တွေဟာ ဝယ်ယူရရှိနိုင်မဲ့ အခြားရင်းမြစ်တွေကို ရှာဖွေလာကြပါလိမ့်မယ်" လို့ ပြောပါတယ်။

၂၀၂၁ တုန်းက ရုရှားဂျုံပို့ကုန်ရဲ့ ၇၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ဝယ်လက် တွေဆီ ရောက်သွားခဲ့ကြောင်း Refinitiv အဖွဲ့ရဲ့ ပို့ကုန်စာရင်းအင်းတွေအရ သိရပါတယ်။

ယခုလို ပဋိပက္ခ မြင့်တက်လာတာကြောင့် အချို့ဝယ်လက်တွေဟာ စစ်ပွဲသာ စဖြစ်လာခဲ့ရင် ကုန်တင်ကုန်ချ ကြန့်ကြာမှုတွေ ကာလရှည်ဖြစ်သွားမလား စိုးရိမ်ပြီး ကုန်တင်သင်္ဘောတွေကို အခြား ရောင်းလက်နိုင်ငံတွေဆီ လမ်းကြောင်းပြောင်းနေကြပြီလို့ ကုန်သည်တွေက ပြောပါတယ်။

"စစ်မက်အန္တရာယ်ကြောင့် သင်္ဘောတွေဟာ ပင်လယ်နက်ဒေသကို ရှောင်လာကြတယ်။ ကုန်တင်ပို့ရောင်းချမှု ကမောက်ကမအခြေအနေဟာ အခုတောင် စဖြစ်နေပြီ" လို့ စင်္ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

ပင်လယ်နက်ဒေသက ရောင်းကုန် ထွက်မလာဘူးဆိုရင် အမေရိကားနဲ့ ကနေဒါဆီကနေ ပေါင်မုန့်ကုန်ကြမ်း သီးနှံဖြစ်တဲ့ ဂျုံအပေါ် ဝယ်လိုအား မြင့်တက်လာနိုင်ပါတယ်။

ကမ္ဘာ့စားသောက်ကုန်ဈေးဟာ ဂျုံနဲ့ နို့ထွက်ပစ္စည်းအပေါ် ဝယ်လိုအားကောင်းနေတာကို အဓိကအမှီပြုပြီး ၁၀ နှစ် နီးပါးအတွင်း အမြင့်ဆုံးနှုန်းမှာ တဝေ့လည်လည်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ရေနံစိမ်းဈေး မြင့်တက်လာခြင်းကလည်း လယ်ယာထုတ်ကုန်ဈေးကွက် ကောင်းလာဖို့ အထောက်အပံ့ပြုဦးဖွယ် ရှိနေပါတယ်။ လယ်ယာထွက်ကုန်တွေကို အစားထိုးလောင်စာဆီအဖြစ် တိုးမြှင့်အသုံးပြုလာကြတာကြောင့် ဖြစ်ပါတယ်။

ဝေယံဟိန်း (B. Ag)

Ref: Deepening Russia-Ukraine tensions seen curbing food supplies, lifting prices - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်