နှမ်းပင်ဖိုရောဂါ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုကာကွယ်မလဲ..

06/07/2022 17:45 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ရောဂါအမည် - နှမ်းပင်ဖိုရောဂါ   (Sesame Phyllody)

ရောဂါဖြစ်စေ/သက်ရှိ - Phytoplasma

သဘာဝဖြစ်စဥ်

  • နှမ်းဖို ဖိုင်တိုပလာစမာသက်ရှိဟာ ရောဂါဖြစ်စေတဲ့ အဏုဇီဝသက်ရှိများမှ မော်လီကျု(Mollicutes)အုပ်စုဝင်ဖြစ်ပြီး ဆဲလ်နံရံမပါတဲ့ ဘက်တီးရီးယား (Bacteria)အမျိုးအစား ဖြစ်ပါတယ်။
  • ယခင်က (Mycoplasma like organisms)လို့  ခေါ်ဆိုခဲ့ကြပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်းကစလို့   “ဖိုင်တိုပလာစမာ” လို့ ပြောင်းလဲ အမည်ပေးခဲ့တာ တွေ့ရပါတယ်။   အပင်အစာကြောစည်းနဲ့ အပင်ဖျက်ပိုးတွေရဲ့ ခန္ဓာအတွင်းမှာ ထာဝရကပ်ပါးအဖြစ် ပွားများတည်ရှိနေကြတာဖြစ်ပါတယ်။

ပင်ပြလက္ခဏာ

  • စိုက်ပြီး ၇ ရက်မှ ၄၅ ရက်သားအတွင်း စတင်ကျရောက်တတ်ပြီး အရင်ဦးဆုံး သိသာစေတဲ့လက္ခဏာကတော့ ရွက်ကြောများ ထင်ရှားလာပြီး ရွက်သားထူလာကာ ပုံသဏ္ဍာန် ပြောင်းလာတာဖြစ်ပါတယ်။
  • ဆစ်ကြားများ တိုခြင်း၊ အရွက်များ သေးငယ်ခြင်းနှင့် အပင်ပုခြင်း၊ အပင်ကြီးလာသောအခါ ပန်းခိုင်များသေး၍ အရွက်များလိမ်ကာ ဆစ်ကြားတိုလာခြင်းတွေ ဖြစ်တတ်ပါတယ်။

ရောဂါဆိုးရွားတဲ့အဆင့်မှာတော့..

  • ပန်းပွင့်ဖတ်များ အရွက်ကဲ့သို့ အစိမ်းရောင်ပုံပြောင်းခြင်း၊ မြုံခြင်း (Floral viresecence and phyllody)
  • ပန်းခိုင် အစုလိုက်ဖြစ်ခြင်း (Floral prolife-ration)၊
  • နှမ်းသီးတောင့် အက်ကွဲ၍ အပင်ပေါက်ခြင်း (Germination of seeds in cracked capsules)၊
  • ပန်းပွင့်အစိတ်အပိုင်းများတွင် အနက်ရောင်အစေးများ ထွက်ခြင်း (Dark exudates on foliage parts)၊
  • အဝါရောင် လိမ်တွန့်နေသော အရွက်များ ဆစ်ကြားတိုများမှ ထွက်ခြင်း (Short internodes with yellows, twisted reduced leaves)၊
  • အပင်ထိပ်ပိုင်း ပုံသဏ္ဌာန်မမှန်ခြင်း (Shoot apex fasciation)၊
  • အပင်ထိပ်ပိုင်းတွင် စုန်းတံမျက်စည်းပုံစံဖြစ်ခြင်း (Witches’ broom) စတာတွေ ဖြစ်တတ်ပါတယ်။

ရောဂါကူးစက်ပျံ့နှံပုံ

 

  • နှမ်းဖိုရောဂါဖြစ်စေသော ဖိုက်တိုပလာစမာ သက်ရှိဟာ တပင်မှတပင်၊ တနေရာမှတနေရာသို့ သစ်ရည်စုပ်ပိုးဖြုတ်ကနေတဆင့် ကူးစက်ပျံ့နှံ့ပါတယ်။
  • Brown leaf hopper (Orosius albicinctus)ဆိုတဲ့ ဖြုတ်ညိုကနေ အဓိကကူးစက်တာဖြစ်ပြီး ဖိုက်တိုပလာစမာ သက်ရှိကတော့ ဖြုတ်ညိုပွားများချိန်ဖြစ်တဲ့ ဇွန်၊ ဇူလိုင်လတွေဆို အခြားလက်ခံသီးနှံပင်တွေမှာ ရှိနေတတ်ပါတယ်။
  • ဖြုတ်ညိုဟာ ရောဂါလက်ခံပင်တွေကနေ ဖိုင်တိုပလာစမာသက်ရှိကို ရယူဖို့ဆိုရင် ၃−၄ ရက်အထိ စုပ်ယူစားသုံးဖို့ လိုအပ်ပြီး တခြားအပင်တွေမှာ ရောဂါပျံ့နှံ့စေဖို့ဆိုရင်တော့ အနည်း ဆုံး ၃၀ မိနစ်ခန့် စုပ်ယူစားသုံးနေဖို့ လိုအပ်ပါတယ်။
  • ရောဂါပျိုးချိန်ဟာ ဖြုတ်ပိုးမှာ ၁၅−၆၃ ရက်နဲ့ နှမ်းပင်မှာဆိုရင် ၁၃−၆၁ ရက်ထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။

ကာကွယ်စောင့်ရှောက်ခြင်း

  • မျိုးစေ့ကို Imidacloprid(အင်ဒေါင်း) ဆေးလူးစိုက်ပျိုးပါ။
  • ပဲစဥ်းငုံသီးနှံနှင့်နှမ်းကို ၆ တန်း × ၁ တန်း သီးညှပ်စိုက်ပါ။
  • မြေပဲ၊ ဝါ၊ ပဲစိုက်ခင်းများအနီးမှာ နှမ်းစိုက်ခြင်းကို ရှောင်ပါ။
  • ပေါင်းမြက်များကို အချိန်မီ ရှင်းလင်းပါ။
  • ဆောင်းရာသီထက် နွေရာသီ(သို့)ပူအိုက်ရာသီတွင် ဖြုတ်ညိုများ ပွားနှုန်းမြင့်မားလို့ ဖြုတ်ကာကွယ်ဆေးကို အပင်တလသားအတွင်း ဖျန်းပေးဖို့လိုပါတယ်။

( စိုက်ပြီး ၁၀ ရက်သားမှ စ၍ ဖြုတ်ကာကွယ်ဆေး (Avetameprid/ Thiamethoxan./ Carbosulfan/BPMC(ဗိုက်တာဂရို..) ၇ - ၁၀ ရက်ခြား ပိုးအခြေအနေကြည့်ဖျန်းပါ)

  • ရောဂါလက္ခဏာ စတင်တွေ့ရှိပါက လတ်တလောကုသရန် Tetracycline-HCL 500ppm( antibiotic) ၇ ရက်ခြား ၃ ကြိမ် ဖျန်းပေးပါ။

စေတနာများစွာဖြင့်

ပျံလွှား(ပုလဲ)

Ref   >>Dr Nann Kyu and SESAMUM :: MAJOR DISEASE :: PHYLLODY

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်