ခရုနဲ့ ပက်ကျိတွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ သဘာဝနည်း ၆ မျိုး

20/04/2022 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ခရုနဲ့ ပက်ကျိဆိုတာ အပင်တွေမှာ မဟုတ်လည်း နေအိမ်နဲ့ ခြံဝန်းတွေထဲမှာ မမြင်ချင်မှအဆုံး မကြာခဏ တွေ့နေရတဲ့ သတ္တဝါတွေပါ။ ဒီသတ္တဝါတွေဟာ နှေးကွေးတယ်လို့ထင်ရပေမယ့် ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ အလှစိုက်ပန်းပင်တွေနဲ့ ဟင်းသီးဟင်းရွက်အပင်တွေမှာ ကျရောက်လာခဲ့မယ်ဆိုရင်တော့ အချိန်ခဏအတွင်း လျင်မြန်စွာနဲ့ ပျက်စီးအောင် လုပ်ပစ်နိုင်ပါတယ်။

 အပင်ပေါက်တွေနဲ့ အပင်ငယ်တွေမှာ ကျရောက်မယ်ဆိုရင်တော့ နောက်ဆုံး ရိုးတံပဲတွေ့ရမှာပါ။ ခရုနဲ့ ပက်ကျိတွေဟာ ပုန်းခိုရတာကို သဘောကျပြီး ၎င်းတို့ကြိုက်နှစ်တဲ့ နေရာတွေကတော့ အရိပ်ရပြီး အမြဲစိုစွတ်တဲ့နေရာမျိုးတွေ၊ စိမ်းလန်းတဲ့အရွက်တွေ ရှိတဲ့နေရာနဲ့  ဆွေးမြေ့ပျက်စီးနေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ 

နောက်တစ်ချက်ကတော့ ပက်ကျိနဲ့ ခရုတွေဟာ နေ့ခင်းဘက်မှာထက် ညဘက်မှာသာ အစာရှာပြီး ထွက်စားကြတာဖြစ်ပါတယ်။ ၎င်းတို့ကို နှိမ်နင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ လက်နဲ့ကောက်ယူဖယ်ရှားပြီး ဖျက်ဆီးပစ်တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီနည်းလမ်းဟာ အချိန်ရော လူရဲ့အင်အားရော လိုအပ်တာကြောင့် အခြားသော သဘာဝနည်းလမ်းတွေကို ထပ်မံ စဥ်းစားသင့်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ အလွယ်တကူပြုလုပ်နိုင်မယ့် သဘာဝကာကွယ်နှိမ်နင်း နည်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် အချက်တွေဟာ တနိုင်တပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းငယ်လေးတွေနဲ့ အလှစိုက်ပန်းပင်တွေအတွက် ရည်ရွယ်တာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ 

(၁) ရနံ့ပြင်းတဲ့အပင်တွေ စိုက်ပျိုးထားရှိပါ

ပြင်းထန်တဲ့ ရနံ့ရှိတဲ့ အပင်တွေဟာ အဖျက်ပိုးမွှားတွေကို အဟန့်အတားဖြစ်စေနိုင်ပြီး စိုက်ပျိုးထားတဲ့ အပင်တွေကို ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပင်စိမ်း၊ စမုန်ဖြူ၊ ဒရင်ကောက်ပင်၊ နံနံပင်၊ ခြောက်လပန်းပင်၊ လာဗင်ဒါ၊ ရို့မယ်ရီ၊ ကလျာဏီ၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီလို အပင်တွေရဲ့ ပြင်းထန်တဲ့ရနံ့ကို ခရုနဲ့ ပက်ကျိတွေ ကြိုက်နှစ်သက်ခြင်း မရှိကြတာကြောင့် မိမိအပင်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ အနီးအနားမှာ တွဲဖက် စိုက်ပျိုးထားသင့်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူအနည်းငယ်ကို ကြိတ်ချေပြီး ရေနဲ့ရောစပ်ကာ အပင်ပတ်ဝန်းကျင်မှာ ကြိုတင်ဖျန်းပေးထားခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ဒီလို ရနံ့ပြင်းထန်တဲ့ အပင်တွေဟာ ညအချိန်မှာထွက်တဲ့ ခရုနဲ့ ပက်ကျိတို့ကို ကောင်းကောင်းတားဆီးပေးပါလိမ့်မယ်။ 

(၂) အပင်တွေကို ရေလောင်းများတာ သတိပြုပါ 

ပက်ကျိနဲ့ ခရုတို့ဟာ စိုစွတ်မှုကို ကြိုက်နှစ်သက်တဲ့ သတ္တဝါတွေပါ။ ၎င်းတို့ကြောင့် ထိခိုက်ပျက်စီးမှုကို လျော့ချဖို့ အကောင်းဆုံးနည်းလမ်းက အပင်နဲ့ မြေသားကို တတ်နိုင်သမျှခြောက်သွေ့အောင် ထားပေးဖို့ပဲ  ဖြစ်ပါတယ်။ 

ပက်ကျိနဲ့ ခရုတွေဟာ ညအချိန်မှာ အဓိကလှုပ်ရှားသွားလာကြပြီး အပင်တွေကို စားသောက်ဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အပင်ပတ်ဝန်းကျင်ဟာ တစ်ညလုံး ခြောက်သွေ့နေဖို့ လိုအပ်ပါတယ်။ ခြောက်သွေ့တဲ့ မြေဆီလွှာဟာ ၎င်းတို့ ရွေ့လျားသွားလာနိုင်မှုကို ခက်ခဲစေပါတယ်။ ဒါ့ကြောင့် မိမိပတ်ဝန်းကျင်မှာ ပက်ကျိနဲ့ ခရုတွေ ကျရောက်တတ်တယ်ဆိုရင် ညနေခင်းထက် မနက်ခင်းပိုင်းမှာ ရေလောင်းတာက ပိုပြီးသင့်တော်ပါတယ်။ ဒါ့အပြင် ၎င်းတို့ မခိုအောင်းနိုင်ဖို့ မိမိရဲ့အပင်တွေအနီးအနားမှာ သစ်ရွက်ခြောက်တွေ၊ ပေါင်းပင်တွေ၊ အမှိုက်သရိုက်တွေနဲ့ ဆွေးမြေ့နေတဲ့ အပင်အစိတ်အပိုင်းတွေရှိနေတယ်ဆိုရင် ဖယ်ရှားပေးသင့်ပါတယ်။ မိမိခြံဝန်း (သို့မဟုတ်) စိုက်ခင်းမှာ ပက်ကျိတွေ ကျရောက်လေ့ရှိတယ်ဆိုရင် ရေများများလောင်းတာနဲ့ မြေဖုံးပေးတဲ့ အလေ့အကျင့်တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

(၃) ကြက်ဥခွံ ကြဲပက်ပါ

ခရုနဲ့ ပက်ကျိတွေ ကျရောက်တတ်တယ်ဆိုရင် ကြေမွအောင် ပြုလုပ်ထားတဲ့ ကြက်ဥခွံတွေကို မိမိရဲ့အပင်ပတ်ဝန်းကျင်မှာ ကြဲပက်ပေးသင့်ပါတယ်။ ကြက်ဥခွံတွေ ကြဲပက်ခြင်းဟာ ၎င်းတို့အတွက် အဟန့်အတားဖြစ်စေပြီး ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။ နောက်ပိုင်း ကြက်ဥခွံတွေ ဆွေးမြည့်သွားတဲ့အခါမှာလည်း မြေဆီလွှာအတွက် အာဟာရဓာတ်ရရှိစေနိုင်တာမို့ အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကြက်ဥခွံအပြင် သစ်သားပြာတို့ သဲကြမ်းတို့ကိုလည်း ကြဲပက်ပေးလို့ ရပါတယ်။ 

(၄) ကော်ဖီမှုန့် ကြဲပက်ပါ

ကော်ဖီသောက်ပြီး ကျန်ရှိတဲ့ ကော်ဖီမှုန့်တွေကို အပင်ပတ်ဝန်းကျင်မှာ ကြဲပက်ပေးခြင်းဖြင့်လည်း အကျိုးရှိနိုင်ပါတယ်။ ကော်ဖီမှုန့်မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ပက်ကျိနဲ့ ခရုတွေအတွက် အဆိပ်သင့်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကော်ဖီမှုန့်တွေကို စွန့်ပစ်မယ့်အစား အပင်ပတ်ဝန်းကျင်နဲ့ အပင်ခြေမှာ ပုံပေးခြင်းဖြင့် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်ဖီမှုန့်ကနေ အပင်အတွက်လိုအပ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ် စတဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ 

(၅) ထပ်တစ်ရာပန်း စိုက်ပျိုးထားရှိပါ

ထပ်တစ်ရာပန်းဆိုဟာ သီးနှံစိုက်ခင်းတွေမှာ အဖျက်ပိုးတွေကင်းဝေးအောင် ထိန်းချုပ်လုပ်ဆောင်ဖို့ မကြာခဏစိုက်ပျိုးလေ့ရှိတဲ့ အပင်ဖြစ်ပါတယ်။ ဒီမှာတော့ ထပ်တစ်ရာပန်းကို ထောင်ခြောက်အနေနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခရုနဲ့ ပက်ကျိတွေဟာ ထပ်တစ်ရာပန်းပင်တွေကို စားသောက်ရတာ ကြိုက်နှစ်သက်ပြီး အပင်ရဲ့ ကြီးထွားမှု အဆင့်တိုင်းမှာ ကျရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရုနဲ့ ပက်ကျိတွေ ကျရောက်တတ်တယ်ဆိုရင် ထပ်တစ်ရာပန်းပင်တွေကို မိမိစိုက်ခင်းနဲ့ အကွာအဝေးတစ်နေရာမှာ စိုက်ပျိုးထားသင့်ပြီး ၎င်းတို့လာရောက်စားသောက်တဲ့အခါ တစုတစည်းတည်း ဖမ်းယူဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ 

(၆) ဘီယာထောင်ခြောက် 

ကျွန်တော်တို့ လူတွေပဲ ဘီယာကြိုက်တာမဟုတ်ပါဘူး။ ခရုနဲ့ ပက်ကျိတွေလည်း ဘီယာကြိုက်ပါတယ်။ အလွယ်ဆုံးနည်းလမ်းကတော့ ဘီယာ တစ်ဝက် (သို့မဟုတ်) အပြည့်ရှိတဲ့ ဘီယာဗူး တစ်ဗူးကိုယူပါ။ ပြီးရင် ဘီယာဗူး အောက်ခြေတစ်ဝက်ကို မြေကြီးထဲမှာထားပြီး အဖုံးကို ဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။ ဘီယာမှာပါဝင်တဲ့ တဆေးရဲ့ရနံ့ကြောင့် ပက်ကျိနဲ့ ခရုတို့ ဘီယာဗူးဆီ ရောက်လာမှာဖြစ်ပြီး အရည်ထဲကိုကျပါက ၎င်းတို့ကို မလွဲမသွေ သေစေနိုင်မှာ ဖြစ်ပါတယ်။ တချို့ကျတော့လည်း ၎င်းတို့လာရောက်တတ်တဲ့ နေရာတွေမှာ ဘီယာအစက်ချပြီး ထောင်ဖမ်းတာမျိုးတွေလည်း ရှိပါတယ်။ 

ဇင်ထူးနိုင် 

ကိုးကားချက် - https://www.picturethisai.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်