မြေထု ညစ်ညမ်းခြင်း

19/08/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ကိုယ်တွေမှာက စိုက်ဖို့ ပျိုးဖို့ မြေလေးရှိရင်ကို တော်တော်ကို တန်ဖိုးထားနေရတာ။  မြေမှန် မျိုးမှန် မှ အဖိုးတန်တာကိုး။ 

     မြေကောင်းတယ်ဆိုတာ သူ့နေရာနဲ့သူ လေရှိတယ်၊ အထဲမှာ အဏုဇီဝ သက်ရှိတွေလည်း သူ့ဘာသာ ရှိနေပြီးတော့ မချဉ် မငန် ဖြစ်နေတာမျိုးပါ။  သဘာဝတရာကြီးကနေ မြေကြီး တစ်လွှာဖြစ်ဖို့ ဘယ်လောက်တောင် အချိန်ယူရသလဲ။ 

     ဒါပေမဲ့ အခု အဲ့မြေတွေက ပျက်စီးနေကြပြီ။  ညစ်ညမ်းမှုတွေ ဖြစ်နေကြပြီ။ Pollution ဆိုတဲ့ ညစ်ညမ်းမှုက နေရာတကာလိုဖြစ်နေရာကနေ အခု စိုက်နေပျိုးနေကြတဲ့ မြေမှာပါ Soil Pollution ဆိုတာကြီး ဖြစ်နေပြီ။ 

မြေထု ညစ်ညမ်းမှု(Soil Pollution) ဆိုတာ ဘာလဲ

     မြေသားထဲကို ရောက်လာတဲ့ ပစ္စည်းတွေကြောင့် မြေသားရဲ့ ရှိသင့် ရှိထိုက်တဲ့ မြေအရည်အသွေးက ကျဆင်းလာတာကို ဆိုလိုပါတယ်။  ညစ်ညမ်းစေတဲ့ ပစ္စည်းတွေက မြေထဲကို ဝင်ရောက်လာတယ်။  မြေသားထဲက အဏုဇီဝ သက်ရှိတွေကိုလည်း ပျက်စီးစေတယ်။ အဲ့ပစ္စည်းတွေက ဘာတွေလဲဆိုတော့ အောက်မှာ ဆက်ကြည့်ရအောင်။  

မြေသားထုကို ညစ်ညမ်းစေသူများ

     ကိုယ်တွေက စိုက်ရေး ပျိုးရေးသမားတွေဆိုတော့ ကိုယ့်နားက အလွယ်တကူ ရတာတွေနဲ့ စကြတာပေါ့။

(၁)  ပိုးသတ်ဆေးများ

      ပိုးသတ်ဆေးတွေက တော်တော်ဆိုးဆိုးပါပဲ။  အရမ်းဆိုးလွန်းလို့ ပိတ်လိုက်ရတဲ့ DTT လိုဆေးမျိုးဆို  နာမည်ကြီးပေါ့။  လူတွေ ထွင်ထားတဲ့ ဓာတုပိုးသတ်ဆေးတွေဟာ လူတွေကိုလည်း ထိခိုက်စေတဲ့ အပြင်ကို လွယ်လွယ်ကူကူနဲ့ ပြေပျောက်သွားတာမျိုး မဟုတ်တော့ မြေသားထဲလည်းရောက်တယ်။ သီးနှံတွေထဲလည်းရောတယ်။ လူတွေကိုလည်း ထိတယ်။  ပတ်ဝန်းကျင်ကိုလည်း ထိတယ်။ 

 (၂) ပေါင်းသတ်ဆေး

      ပေါင်းပင်တွေကို သတ်ရင်း မြေတွေပါသေနေတာပါ။ ဆိုဒီယမ် အာဆင်းနစ်၊ ဆိုဒီယမ် ကလိုရိတ် စတဲ့ ဒြပ်ပေါင်းတွေပါဝင်တဲ့ ပေါင်းသတ်ဆေးတွေက မြေကြီးထဲကိုရောက်ပြီး လ တော်တော်ကြာတဲထိ မပျက်ပြယ်သွားပါဘူး။ ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် ပေါင်းနည်းနည်းကတည်းက လူတွေကိုယ်တိုင် လိုက်ရှင်းပေးတာ အကောင်းဆုံးပါပဲ။  ကြာကြာဝါးမဲ့သွားက အရိုးတော့ အငတ်ခံရမှာပေါ့။  

 (၃) အော်ဂဲနစ် မဟုတ်တဲ့ မြေသြဇာတွေ 

      ဓာတုမြေသြဇာတွေကို ပြောတာပါ။  သူတို့ကို ထည့်တာကြာလာရင် မြေအချဉ်ပေါက်လာနိုင်ပါတယ်။  အဲ့လို မြေသား အချဉ်ပေါက်တာကလည်း မြေညစ်ညမ်းမှုပါပဲ။ ဓာတုညစ်ညမ်းမှုတွေဖြစ်လာပါလိမ့်မယ်။ 

 (၄) စက်မှုလုပ်ငန်းတွေ

      စက်မှုလုပ်ငန်းတွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် မြေသားထုကလည်း ညစ်ညမ်းမှုတွေဖြစ်စေပါတယ်။  ဒါတွေကတော့ ရင်းနှီးပြီးသား တွေဖြစ်ပါတယ်။ 

 (၅) ရေသွင်းစနစ်တွေကြောင့်။

      ရေသွင်းတာ မမှန်ရင်လည်း ဆားပေါက်နိုင်ပါတယ်။ ရေအများကြီး သွင်းထားတာ၊ မြောင်းတွေ ကောင်းကောင်းမလုပ်ထားတာ၊ သီးလှည့်မစိုက်ပဲ တစ်ခုတည်းကိုပဲ စိုက်နေတာမျိုးတွေက မြေသား အရည်အသွေးကို ကျဆင်းစေပါတယ်။ 

 (၆)  စွန့်ပစ်ပစ္စည်းမာတွေ

      ကဲ လာပြီ။ ကျွတ်ကျွတ်အိတ် ပလပ်စတစ်အိတ် ရေဘူး ကော်ဘူးတွေ ၊ လျှပ်စစ်ပစ္စည်းတွေ အပြင် ဘက်ထရီအစုတ် ဓာတ်ခဲ့အစုတ်တွေက ထွက်လာတဲ့ ဓာတုပစ္စည်းတွေက မြေကြီး အတွက် ဘယ်ကောင်းလိမ့်မလဲနော်။  သူတို့က သစ်ရွက်တွေလို ဆွေးလွယ်တာတွေလည်း မဟုတ်တော့ ပြဿနာအကြီးကြီးတက်နေပါပြီ။ ပိုးသတ်ဆေးဘူးတွေ ပေါင်းသတ်ဆေးဘူးတွေဆိုရင်ရော? 

 (၇) မြို့ပြစနစ်

      မြို့ကလူတွေက နေဖို့ထိုင်ဖို့ နေရာကို ဦးစားပေးရတော့ စွန့်ပစ်မြောင်းတွေ ဘာတွေ သေသေချာချာလည်းမလုပ်နိုင်။ ပြီး အိမ်ဖျက် အိမ်ပြောင်း လမ်းခင်း ကတ္တရာတွေကြို စတဲ့ လုပ်ငန်းတွေကြောင့် မြေသားပျက်စီးမှုတွေ ညစ်ညမ်းမှုတွေဖြစ်လာတာပါ။  

     ညစ်ညမ်းမှုတွေ ဖြစ်လာရင် မြေအရည်အသွေးကျမယ်။  မကြောက်ပါဘူး မြေသြဇာတွေရှိတယ်လေ လို့ ဆိုပေမဲ့ အဲ့ဓာတုမြေသြဇာတွေ ကိုယ်တိုင်က မြေသားကို ညစ်ညမ်းစေတဲ့ အကြောင်းတရားတွေဖြစ်တာကြောင့် ဂရုစိုက်ကြပါ။  အရင်းစစ်တော့ အမြစ် မြေက ဆိုတဲ့ စကားအတိုင်း အမြစ်ရှိတဲ့ မြေကိုလည်း ထိန်းသိမ်းကြပါ။  သဘာဝမြေဆွေး မြေသြဇာ ကျောက်မှုန့် အရိုးမှုန့်နဲ့ ဇီဝပစ္စည်းတွေနဲ့ မြေကို ဂရုစိုက်လို့ရပါတယ်။ 

     ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ကြီးနဲ့ တောင်သူဦးကြီးများ အဓွန့်ရှည် တည်တံ့ အောင်မြင်ကြပါစေ။ 

ထွန်းဝင်းကျော်

Reference 

https://www.toppr.com/guides/chemistry/environmental-chemistry/soil-pollution/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်