မြေချဥ်၊ မြေငန်ပြုပြင်ရေး မဖြစ်မနေ ဆောင်ရွက်ပေး

18/03/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

# မြေချဥ်၊ မြေငန် (soil pH)ဆိုတာဘာလဲ? 

မြေကြီးထဲမှာ ဟိုက်ဒြိုဂျင်အိုင်းယွန်းပါဝင်မှုပမာဏ(Potential of hydrogen)ကို ခေါ်ပါတယ်။

တနည်းအားဖြင့် သင့် မြေဆီလွှာထဲမှာ သီးနှံပင်ကြိုက်နှစ်သက်တဲ့ သတ္တုအာဟာရ ရှိခြင်း/ မရှိခြင်းကို ပြတဲ့ ကိန်းဂဏန်းလို့လည်းပြောလို့ရပါတယ်။

# သင့်လယ်ယာမှာ၊ ချဥ်သလား၊ ငန်သလား?

လက်နဲ့တို့ပြီး လျှာနဲ့လျက်ကြည့်လို့ သိနိုင်တဲ့အရာ မဟုတ်ရကား..(soil test kit) ပီအိပ်ချ်မီတာ နဲ့ တိုင်းကြည့်မှ သိပါမယ်။

သို့တည်းမဟုတ်စိုက်ပျိုးရေးဌာနသို့ မြေနမူနာပေးပို့ပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ သို့မဟုတ် အိမ်သုံးပစ္စည်းများနဲ့ အကြမ်းဖျဥ်း တိုင်းတာနိုင်ပါတယ်။

(ဥပမာ..ပန်းရောင် ဂေါ်ဖီထုပ်/ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည် …စသည်တို့ဖြင့် တိုင်းတာခြင်း..)

မြေချဉ်ငန်ကိန်းက ၀ ကနေ ၁၄ အထိ ရှိပါတယ်။

ပီအိပ်ချ် ၅.၀ အောက်ဆိုရင်မြေချဥ်လို့မှတ်ပါ။

ပီအိပ်ချ် ၇.၅ အထက်ရှိနေရင် မြေငန်လို့သတ်မှတ်ပါ။

ချဥ်သည်ဖြစ်စေ၊ ငန်သည်ဖြစ်စေ မြေပျက်နေပြီ လို့သတ်မှတ်ပါ။ (ဒီလိုဆိုရင် မြေသြဇာထည့်သလောက်အပင်မစားနိုင်တော့ပါ။)

ပီအိပ်ချ် ၅.၅ - ၇.၅ အကြားရှိရင်၊ သင့်လယ်ယာဟာ မြေမှန်သေးတယ်လို့ သတ်မှတ်ရပါမယ်။

#မြေကြီးဘာကြောင့် ချဥ်ရသလဲ?

တနှစ်ပတ်လုံး မိုးရေချိန်ပမာဏများခြင်း၊ ရွာသွန်းတဲ့အကြိမ်ရေ များခြင်းတို့ကြောင့် မြေကြီးက ဓါတ်ဆားတွေ မိုးရေနဲ့အတူ စီးဝင်ပျောက်ဆုံးရခြင်း၊ အက်ဆစ်ဓာတ်များသော မိုးရွာခြင်း၊ အက်ဆစ်ဓာတ်ပါသော မြေသြဇာ၊ ပိုး၊ ပေါင်း၊ မှိုသတ်ဆေး ဓါတ်ကြွင်းများ စုပုံရောက်ရှိခြင်းတို့ဟာ မြေချဉ်ခြင်းကို ဖြစ်စေတာပါ။

#မြေငန်ရခြင်းအကြောင်းရင်း

မိုးနည်း၊ ရေရှားဒေသ၊ မိုးရွာသွန်းမှုနည်းခြင်းတို့ကြောင့် မြေကြီးထဲက ဆားဓာတ်တွေအငွေ့ပျံပြီး အပေါ်ယံမြေမျက်နှာပြင်မှာ စုပုံလာခြင်း၊  ပင်လယ်ဆားငန်ရေဝင် ရောက်ခြင်းတို့ဟာ ပီအိပ်ချ် မြင့်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

#မြေချဥ်ရင် ဘယ်လိုဆိုးကျိုးဖြစ်နိုင်လဲ

မြေကြီးချဥ်ရင်ထယ်ထိုး၊ ထွန်မွှေလို့ မကောင်းတော့ပါဘူး။ နှမ်းဖတ်တောင့်လို မာတင်းလာပါမယ်။အပင်ခါးကြပ်လာမယ်။ အစိုဓာတ်မထိန်းနိုင်ဘူး။ စပါးစိုက်ရင် နီတို၊ ရွက်ဖုံးခြောက် စတဲ့ရောဂါတွေ ရလွယ်ပါတယ်။

ပဲကြဲရင်လည်း ပဲပင်လေးတွေ ညှိုးသေဝင်တတ်ပါတယ်။  မှိုရောဂါတွေက မြေကြီး စိုပြီး ချဥ်တာကို ပိုကြိုက်တတ်လို့ပါ။

နောက်ထပ်ဆိုးကျိုးကတော့ ကျွေးလိုက်တဲ့ဓာတ်မြေသြဇာတွေကို သံ၊ အလူမီနီယမ်တွေက မစားနိုင်အောင် ထိန်းချုပ်ခံရတာဖြစ်နိုင်ပါတယ်။

# မြေငန်ရင်၊ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲ

မြေငန်တွေမှာတော့ အပင်ပေါက်ဖို့တောင် ခက်ပါတယ်။ ဆိုဒီယမ်တွေများရင် အကျိုးပြုမိုက်ခရုပ် တွေမနေနိုင်လို့ အပင်က အစားမစားနိုင်၊ မကြီးထွားနိုင်ပါ။ အပင်ပေါက်နိုင်ရင်တောင် ပုကျစ်ပြီး မသန်စွမ်းနိုင်ပါဘူး။

# မြေငန်ရင် ဘယ်လိုပြုပြင်ရမလဲ

ဆိုခဲ့သလို ကိုယ့်မြေဟာ ပီအိပ်ချ်ဘယ်လောက်ထိ ငန်သလဲအပေါ်မှာ မူတည်ပြီး ပြင်ရပါမယ်။

မြက်ပင်မပေါက်နိုင်လောက်အောင်တောင် ဆားပေါက်မြေဆိုရင်တော့ ပြင်ဖို့ခက်မှာပါ။ အပင်ငစဥ် ပုံမှန်ဖြစ်ထွန်းပြီး အသီးကင်းဝင်မှ၊ အပင်တန့်သွားတာမျိုဆိုရင်တော့ ပြုပြင်လို့ရပါတယ်။

- Organic matter လို့ ခေါ်တဲ့ သဘာဝမြေဆွေး များများထည့်ပါ။ ရနိုင်သလောက်ထည့်ပါ။

- သစ်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲပါ။

- အက်ဆစ်ဆန်သော မြေသြဇာများ( သိုင်အိုယူရီးယား၊ အလူမီနီယံဆာလဖိတ်၊ အမိုနီယံ ဆာလဖိတ်) ထည့်ပါ။

တတ်နိုင်ပါက အိုင်းယွန်းဆာလဖိတ် ၁ စတုရန်း ပေ/၁၀ပေါင် နှုန်း ထည့်ပါ။

# မြေချဥ်ရင် ဘယ်လိုပြင်မလဲ

မြေချဥ်ရင်ထုံးထည့်ပါ ဆိုတာတော့ တောင်သူတိုင်းသိပြီးသားပါ။ ဘယ်အချိန်၊ ဘယ်လောက်နှုန်း ထည့်ရမလဲဆိုတာတော့ သိဖို့လိုပါတယ်။

မြေချဉ်ငန်ကိန်းအပေါ်မူတည်ပြီး ထည့်ရမယ့် ထုံးအမျိုးအစားက ကယ်လ်စီယမ်များသောထုံး(calcitic lime)နဲ့ မဂ္ဂနီဆီယမ်များသောထုံး(Dolomite lime) ဆိုပြီး ၂ မျိုး ရှိပါတယ်။

- အချဥ်များရင်(pH 4,3…စတဲ့ထိ) ဒိုလိုမိုက်ထုံးလိုမျိုးတွေ သုံးသင့်ပါတယ်။

- အချဉ်အရမ်းမများဘူး (pH4,4.5,5...)ဆိုရင်တော့. ရိုးရိုမဖောက်ထုံး သုံးလို့ရပါတယ်။

# ထုံး ဘယ်နှုန်းထည့်ရမလဲဆိုရင်တော့..

ပီအိပ်ချ် ၁ ယူနစ် တက်ဖို့ တဧက အတွက် ထုံး၁-တန်(အိတ်-၂၀) လိုအပ်ပါတယ်။ ရနိုင်ရင် စပါးခွံပြာ၊ စက်ဖွဲပြာ လှည်း ၁၀ စီးခန့်လည်း ထည့်ပေးရမှာဖြစ်ပါတယ်။

 

"လူ" ကို “သင်"မှ ပညာတတ်သလို.."မြေ" ကိုလည်း "ပြင်" မှ အထွက်နှုန်းတိုးစေပါတယ်။ ဆိုတော့

မိတ်ဆွေတောင်သူများ..အသိလည်းတိုး၊ အထွက်လည်းတိုးကြပါစေ။

စေတနာများစွာဖြင့်..

ပျံလွှား(ပုလဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်