မိရိုးဖလာတောင်သူမှသည်...တောင်သူလုပ်ငန်းရှင်အဖြစ်သို့..

21/04/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မိရိုးဖလာ ဆိုတာကတော့ အမိအဖ ရိုးရာအစဥ်အလာအတိုင်း လုပ်ကိုင်၊ ပြုမူ၊ ကိုးကွယ်ကြခြင်းကို ခေါ်ဆိုတာပါ။

ဥပမာ - မိရိုးဖလာ ဗုဒ္ဓဘာသာ  ဆိုရင် မိဘ ရိုးရာမို့သာ ဘုရားသွား ကျောင်းတက်၊ ဥပုသ်သီလဖက် နေရတာမျိုးပေါ့။ ဒီလိုဆိုတော့ ဘာသာတရားရဲ့ အနှစ်သာရ ဖြစ်တဲ့ ခန္ဓာငါးပါး၊ ရုပ်နာမ်၂ ပါး၊ သစ္စာ ၄ ပါး ၊မဂ္ဂင်ရှစ်ပါး စတာတွေကို ခန္ဓာဥာဏ်ဆိုက်အောင် သိရှိလိုက်နာ ကျင့်ကြံမှုမရှိဘူးဆိုရင်တော့ နောက်ဆုံး "ပန်းတိုင်"ဖြစ်တဲ့ နိဗ္ဗာန် မဂ်ဖိုလ်ဟာ ဝေးနေဦးမှာ အမှန်ပါ။

အလားတူ မိရိုးဖလာ တောင်သူတွေဟာလည်း နောက်ဆုံး စီးပွားရေးပန်းတိုင်မရှိဘဲ ဆက်လျှောက်နေမယ်ဆိုရင်တော့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်ခွင့်နဲ့ ဝေးနေဦးမှာပါပဲ..။

မိရိုးဖလာတောင်သူဆိုတာ ဘာလဲ..

မိရိုးဖလာတောင်သူဆိုတာ မိဘက တောင်သူလုပ်ငန်းလုပ်သူမို့ သားသမီးက ဆက်လက်လုပ်ကိုင်ရသူ၊ ဒီရာသီမှာ ဒီသီးနှံစိုက်၊ ဒီလယ်မြေကို ဒီမျိုးချ၊ ရသလောက်နဲ့ တင်းတိမ်ပြီး မျှော်လင့်သလို မရရင်တော့ ကိုယ့်ရဲ့ဖြစ်တည်မှုကို  မကျေနပ်နိုင်ဖြစ်တတ်တဲ့ လယ်သမားမျိုးဆက်သစ်တွေကို ဆိုလိုတာပါ။ 

မိရိုးဖလာအဆင့်ကို ကျော်ဖြတ်ပြီး စိုက်ပျိုးရေးကို စီးပွားရေးဆန်ဆန်လုပ်ကိုင်ပြီး အောင်မြင်နေသူတွေလည်း ရှိတော့ ရှိနေပါတယ်။ စီးပွားဖြစ်လုပ်ပြီဆိုကတည်းက ပထမအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းဟာ သမရိုးကျသာမန်အလုပ်တစ်ခုမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတစ်ခုလို့ မြင်ဖို့ လိုပါတယ်။

ရာသီဥတုက ..ဖောက်ပြန်

သီးနှံ စျေးကွက်က...ခလောက်ဆန်

အထွက်နှုန်းတွေက... နောက်ပြန်

လယ်လုပ်သားကလည်း...အကြောက်အကန်ဆိုတဲ့

အခက်အခဲ ပေါင်းများစွာကို  ရင်ဆိုင်ကျော်လွှားဖို့ စီးပွားရေးအခက်အခဲတစ်ခုကို ကျော်လွှားနေရတဲ့ပုံစံမျိုးမဟုတ်ဘဲ မိရိုးဖလာစိတ်နဲ့သာသွားနေမယ်ဆိုရင်တော့ နည်းလမ်းပျောက်ပြီး စိတ်ဓာတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။

တောင်သူလယ်သမားတွေမှာ အခက်အခဲမျိုးစုံရှိတာတော့ သေချာပါတယ်။ ဒါပေမဲ့ မိရိုးဖလာလုပ်ငန်းလို ရသလောက်နဲ့ တင်းတိမ်နေတာမျိုးမဟုတ်ဘဲ စီးပွားရေးတစ်ခုလို သဘောထားလုပ်မှပဲ ကိုယ့်လုပ်ငန်းက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာမှာကလည်း သေချာပါတယ်။

စီးပွားရေးသမားတောင်သူဖြစ်ဖို့...ဘာတွေလိုအပ်မလဲ?

အဓိက ပြောချင်တဲ့အပိုင်းက အခုမှစမှာပါ။

အထက်မှာ ဖော်ပြခဲ့သလို နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ရောက်ချင်ရင် မဂ္ဂင်ရှစ်ပါးဆိုတဲ့ နည်းလမ်းကျင့်စဥ်ကို မဖြစ်မနေ ဇွဲလုံ့လဝီရိယစိုက်၊ သစ္စာဆိုက်အောင် ကျင့်ကြံကြိုးကုပ် အားထုတ်မှရသလို..တောင်သူလယ်သမားတွေမှာလည်း ပန်းတိုင်ရှိရပါမယ်။

တောင်သူ့ပန်းတိုင်သည်...ဘာလဲဆိုရင်တော့ ရှင်းပါတယ်။

ဘာသီးနှံ စိုက်စိုက်၊ စိုက်ပျိုးသူရဲ့ အဓိက ရည်ရွယ်ချက်ပန်းတိုင်က 

"အထွက်နှုန်းနဲ့ အရည်အသွေးကောင်းရရှိရေး” ပဲ ဖြစ်ပါတယ်။

ပန်းတိုင်ရှိရင်..နည်းလမ်းဆိုတာလည်း ရှိရမှာပေါ့..။

မိရိုးဖလာ တောင်သူမှသည်...စီးပွားရေးတောင်သူဆီသို့ ကူးပြောင်းဖို့ဆိုရင် နည်းလမ်းသိရပါမယ်။ နည်းလမ်း သိပြီးရင်လည်း အမှန်တကယ် လိုက်နာကျင့်သုံးမှ အကျိုးရှိပါလိမ့်မယ်။

ကောင်းပြီ...။ ဒီလိုဆို..ဘာတွေ သိရှိကျင့်သုံးရမလဲဆိုတော့.. 

 

၁။ လယ်ယာစိုက်ပျိုးရေးနဲ့ ရေရှည်ရပ်တည်ဖို့အတွက်ဆိုရင် စိတ်သစ်၊ လူသစ်၊ နည်းစနစ်သစ်နဲ့ တကယ်လုပ်မှ ရတော့မယ်ဆိုတဲ့ မိမိစိတ်ကို အရင် ပြုပြင်ပြောင်းလဲပါ။

၂။ မိမိစိုက်ကွက်နှင့်ပတ်သက်သော နေ့စဥ်လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်း ထားရှိရပါမယ်။

(ထယ်ထွန်စရိတ်နဲ့နေ့စွဲ၊ ဆေး၊ မြေဆီ သွင်းအားစုစရိတ်၊ အမျိုးအမည် စသဖြင့် နေ့စွဲ အလိုက် ရိတ်သိမ်း၊ ရောင်းချသည်အထိ မှတ်တမ်းပြုစုပါ)

၃။ မြေကြီးရဲ့ ချဥ်ငံကိန်း၊ အာဟာရဓာတ် ပါဝင်မှုကို ပညာရှင်များအကူအညီဖြင့် စမ်းသပ်စစ်ဆေးပါ။

၄။ မည်သည့်သီးနှံမဆို၊ မြေပေါ်မှာစိုက်ရတာမို့  မြေအခြေခံကောင်းအောင် သဘာဝ မြေ ဆွေး၊ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများကို အီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲပါ။

၅။ သီးနှံအမျိုးအစားပေါ်မူတည်ပြီး ထယ်ရေး၊ ထွန်ရေး နက်နက်ညက်ညက်နဲ့ တမန်း ကောင်းအောင်ပြုပြင်ပါ။

၆။ စျေးကွက်ဝင်သီးနှံကို ရွေးချယ်ပြီး မျိုးကောင်းမျိုးသန့် အသုံးပြုပါ။

၇။ မိမိစိုက်မယ့်သီးနှံရဲ့ ကြိုက်နှစ်သက်တဲ့ရာသီဥတု၊ အပင်သဘာဝ၊ ရေခံ၊ မြေခံ၊ နည်း စနစ်များကို ကြိုတင်လေ့လာထားပါ။ ပညာတတ်တောင်သူတွေဆိုရင် ခေတ်မီနည်းပညာပိုင်းတွေကိုပါ မှတ်တမ်းမှတ်ရာတွေနဲ့ စနစ်တကျ စမ်းသပ်သုံးစွဲသင့်ပါတယ်။ 

(Green Way app လိုမျိုး တောင်သူတွေအတွက် စိုက်နည်းစနစ်တွေ၊ နည်းပညာတွေ မျှဝေပေးနေတဲ့ အရင်းအမြစ်တွေဆီကနေ အခမဲ့ လေ့လာလို့လည်း ရပါတယ်။)

၈။ သီးနှံအလိုက် ကျရောက်တတ်တဲ့ ပိုးမွှားရောဂါများ၊ ကြိုတင်ကာကွယ်နည်းစနစ်များ၊ မြေသြဇာကျွေးနည်းစနစ်များ၊ အကူအညီ ပေးနိုင်မည့်အဖွဲ့အစည်းများ၊ ကြိုတင်ပြင်ဆင်ထားပါ။

(အနည်းဆုံး ၃ ရက်တကြိမ် စိုက်ခင်းကို ကွင်းပတ်ကြည့်ရှု စောင့်ကြည့်ပါ)

၉။ ရာသီဥတုသည် ပြောင်းလဲမှုမြန်ဆန်သည်နှင့်အညီ မိုးလေဝသတင်းများ၊ ပတ်ဝန်းကျင် အခြေအနေများကို အမြဲ လေ့လာစုံစမ်းပါ။

၁၀။ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက မိမိစိုက်ခင်းအတွက်အမြဲအဆင့်သင့်ဖြစ် နေရန် ပတ်မြောင်း၊ ဖြတ်မြောင်းများ ဖြစ်နိုင်ပါက ကြိုတင်လုပ်ဆောင်ထားပါ။

၁၁။ မိမိထုတ်ကုန်ပစ္စည်းအတွက်၊ စျေးကွက်ချိတ်ဆက်နိုင်ရန် စျေးကွက်သတင်းကို အမြဲနားစွင့်ပါ။

ဒီတော့ တောင်သူမိတ်ဆွေများအနေနဲ့ မိမိတို့ရဲ့ တောင်သူလုပ်ငန်းကို မိရိုးဖလာ တောင်သူအဆင့်နဲ့တင် ရပ်မနေဘဲ မြေယာပိုင်ဆိုင်မှုကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတစ်ခုလို ဂရုစိုက်ပုံဖော်နိုင်တဲ့ လုပ်ငန်းရှင်တောင်သူတွေ ဖြစ်ကြစေဖို့ တိုက်တွန်းဆုတောင်းပေးပါတယ်..။ 

စေတနာများစွာဖြင့်.....

ပျံလွှား(ပုလဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်