သစ်ခွအကြောင်း

16/01/2018 11:46 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သစ်ခွမှာ သူတို့ကိုယ်ပိုင်သူမတူတဲ့ အချက်အလက်တွေနဲ့ အလှတရားတွေရှိ တယ်…. အထင်ရှားဆုံးအချက်တစ်ခုက လေထဲမှာရှိနေတဲ့ သူတို့ရဲ့ အမြစ်တွေနဲ့တင်ကို ကျွန်မတို့အတွက် အံ့သြဖို့ လုံလောက်နေခဲ့တာပဲ မဟုတ်လား…. အမြစ်ဆိုတာ များသောအားဖြင့် မြေကြီးထဲမှာ ရှိတတ်တာကိုးနော်…… သူတို့ ဘယ်လိုများ ရှင်သန်နေထိုင်ကြပါလိမ့်……

တကယ်တော့ သစ်ခွရဲ့အမြစ်တွေက အခြားအပင်ရဲ့ အမြစ်တွေနဲ့မတူ တမူထူးခြားနေတယ်လေ…..  velamen လို့ခေါ်တဲ့ ရေမြှုပ်နဲ့တူတဲ့ အလွှာတစ်မျိုးက တကယ့် အမြစ်အစစ်ကို အတွင်းမှာ ဖုံးအုပ်ပေးထားခဲ့တာပါ….. အဲဒီအလွှာကပဲ ရေခိုးရေငွေ့ အစိုဓါတ်တွေကို စုပ်ယူတဲ့ တာဝန်ယူပြီး အတွင်းက အမြစ်ကို နေရောင်ခြည်တိုက်ရိုက် မထိအောင် ကာကွယ်ပေးနေတာပေါ့။ သစ်ခွပင်ရဲ့ အစိမ်းရောင် အရွက်တွေက အပင်အတွက် အစာချက်လုပ်ရာမှာ အဓိကတာဝန်ယူထားတယ်ဆို မမှားဘူး…..

သစ်ခွတွေဟာ epiphyte လို့ခေါ်တဲ့ သစ်ကပ်ပင် အမျိုးအစားပါ….. နာမည်ကိုက ‘’သစ်ခွ’’ တဲ့လေ သစ်ပင်ကြီးတွေပေါ် မှာ တွယ်ကပ် ပေါက်ရောက်တတ်ကြတာကို….. သြော် သစ်ခွက parasitic plant (ကပ်ပါးပင်) နဲ့ မတူဘူးနော်….. အမှတ်မမှားနဲ့ဦး…. သစ်ခွရဲ့ အမြစ်တွေက သစ်ပင်ကြီးတွေကို တွယ်ကပ်ပေါက်ရောက်ပေမဲ့ လက်ခံပင်ဆီက အစာတွေ ရေတွေ မစုပ်ယူ မစားသောက်ဘူး ဘာမှ အန္တရာယ်လည်း မဖြစ်စေရဘူး….. သူ့အစာ သူ့ဘာသာချက်ပြီး.. ရပ်တည်စားသောက်နိုင်ပါတယ်….  ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့ သစ်ခွလဲလို့…..

အချို့သစ်ခွတွေကတော့ သာမန် အပင်တွေလို မြေကြီးထဲမှာ ပေါက်တဲ့ အမြစ်တွေရှိတတ်ကြတယ်…. ဟိုး ချောက်ကမ်းပါးတွေမှာ ကျောက်ဆောင် ကျောက်တုံးကြီး တွေပေါ်မှာပေါ့….သစ်ခွဟာ အစေ့ရွက် တစ်ခုတည်းရှိတဲ့ အပင်အမျိုးအစား (monocotyledonous) ဖြစ်ပါတယ်… ပြီးတော့ သူတို့ကြီးထွားပုံပေါ်မူတည်ပြီး အမျိုးအစား (၂) မျိုး ကွဲသွားပါတယ်…. ပထမတစ်မျိုးက အထက်ကိုတက်တဲ့ အမျိုးအစားမိုးလုံးမှိုင်းလို့  တို့သိခဲ့တဲ့ ဗန်ဒါတွေ ဆိုတဲ့ သီချင်းထဲက Vanda coerulea၊ နောက်တစ်မျိုးက အလျားလိုက်ကြီးထွားတဲ့ ဒန်ဒရိုဘီယန် Dendrobium chrysotoxum ၊ဖြစ်ပါတယ်….

           သစ်ခွပန်းပွင့်တစ်မျိုးနဲ့ တစ်မျိုးသိသာစွာ ကွဲပြားကြပါတယ်… တစ်ချို့သစ်ခွပွင့်တွေက ကြီးမားပြီး တောက်ပတဲ့ ရောင်ရှိပေမဲ့တစ်ချို့ကတော့ သေးငယ်ပြီး အရောင်မှိန်မှိန်လေးပဲ ရှိနေတတ်တယ်….တစ်ချို့က တစ်ပင်မှာ တစ်ပွင့်ပဲပွင့်တတ်သလို တစ်ချို့ကတော့ တစ်ကိုင်းမှာ သုံးပွင့် လေးပွင့်စသည်ဖြင့် အုပ်စုလိုက်ပွင့်တတ်တယ်…. ပန်းခိုင်တွေအနေနဲ့  အကိုင်းပေါ်မှာ စုပြုံပွင့်တဲ့အပွင့်တွေဟာ ရက်အတန်ကြာတဲ့အခါ ပထမဆုံးပွင့်တဲ့ ပန်းပွင့်က အရင်ညှိုးတတ်ပြီး အစဉ်လိုက် နောက်ဆုံးပွင့်တဲ့ အထိညှိုးလေ့ရှိပါတယ်…. သစ်ခွပွင့်တွေရဲ့ရနံ့ကတော့ ရနံ့မရှိတဲ့ သစ်ခွကအစ… သင်းသင်းလေးမွှေးတဲ့ သစ်ခွအလယ်….  အရမ်းမွှေးတဲ့ သစ်ခွအဆုံး…  ကြက်ဥပုတ်နံ့ရှိတဲ့  သစ်ခွတောင်ရှိသတဲ့….

                      သစ်ခွပင်ဟာ ပင်ခြားဝတ်မှုံကူးတဲ့အပင်ဖြစ်တယ်….သစ်ခွစေ့တွေရင့်မှည့်ဖို့အတွက် ၆လကနေ တစ်နှစ်ထိ အချိန်ယူ ရတယ်… ရင့်မှည့်တဲ့ အချိန်ရောက်လာပြီဆိုရင် အရမ်းကိုသေးငယ်တဲ့  သစ်ခွစေ့လေးတွေဟာ  လေထဲကို ပျံ့နှံ့ ရောက်ရှိသွားရော….

                  သစ်ခွရိုင်းအများစုဟာ တစ်နှစ်မှတစ်ခါပဲပွင့်တတ်ကြတယ်… နှစ်ကြိမ်ပွင့်တဲ့ သစ်ခွဆိုတာ အလွန်နည်းပါတယ်…. သစ်ခွတစ်မျိုးနဲ့တစ်မျိုးပွင့်တဲ့ အချိန်တွေတော့ မတူကြဘူးပေါ့…. Rhyncstylis gigantea သစ်ခွမျိုးက ဒီဇင်ဘာနဲ့ဇန်နဝါရီမှာ ပွင့်တယ်…. Dendrobium သစ်ခွမျိုးတွေက ဖေဖော်ဝါရီနဲ့ မတ်လမှာပွင့်ပြီး Rhyncstylis retusa  သစ်ခွမျိုးက ဧပြီနဲ့ မေမှာပွင့်တယ်…. ဇူလိုင်နဲ့ သြဂုတ်မှာ Vanda coerulea တွေပွင့်လေ့ရှိပါတယ်  ခုပြောတဲ့ သစ်ခွတွေက ထင်ရှားပြီး လူသိများတဲ့သစ်ခွအချို့ပါ….

ယနေ့အချိန်မှာ သစ်ခွရိုင်း(local variety) တွေဟာ လူစိုက်ပျိုးတဲ့ သစ်ခွတွေနဲ့ ယှဉ်ရင် အရမ်းကို သိသာစွာ ကွဲပြားနေပါပြီ။ အထူးသဖြင့် အရွယ်အစား၊ ပုံပန်းနဲ့ အရောင်တွေ ဖြစ်ပါတယ်… သဘာဝ သစ်တောတွေထဲက သစ်ခွ ရိုင်းတွေဟာ သစ်ခွမုဆိုးတွေ ရှာဖွေမှုကြောင့် မြို့ပြကို ရောက်ရှိလာကြတယ်… သစ်ခွစိုက်ပျိုးမွေးမြူသူ ပညာရှင်တွေရဲ့ ပြုပြင်မှုကြောင့်  အရောင်အသွေးစုံလင်လှပတဲ့  စပ်မျိုးသစ်ခွတွေကိုလည်း ယခုအခါမှာ တွေ့နိုင်ပြီဖြစ်ပါတယ်..

ဆန်းကျယ်တဲ့ အလှတရားရှိတဲ့သစ်ခွကို သဘာဝကပေးတဲ့ လက်ဆောင်အဖြစ် မြတ်နိုးတန်ဖိုးထားတတ်မယ် ဆိုရင် သဘာဝတရားကို ချစ်မြတ်နိုးတဲ့သူတိုင်းသစ်ပင် သစ်တောတွေကို ချစ်မြတ်နိုးတဲ့ သူတိုင်းအတွက် သစ်ခွဟာ အမြဲတမ်းတည်ရှိနေမှာပါလို့……..

ပျော်ရွှင်ပါစေ

gg

(2.9.2013)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်