တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဇွန်လ၊ ၂၀၁၉)

03/06/2019 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးဦးနောက်ကျသည်ဟု ဆိုရမည်။ မုတ်သုန်လေ မရောက်သေးပေမဲ့ မိုးရွာသောဒေသတွေတော့ ရှိခဲ့သည်။ ဒေသအနည်းစုမှာသာ မိုးဦးနှမ်းလျင် စိုက်လို့ရခဲ့သည်ဟု သိရသည်။ ဇွန်လသည် မြန်မာလအနေဖြင့် နယုန်လဖြစ်သည်။ ရှေးက နယုန်မိုးသေးမြက်သားမွေးလို့ ဆိုစကားရှိသည်။ မိုးလှိုင်ဦးမည်မဟုတ်သည်ကို ညွှန်းဆိုခြင်းဖြစ်သည်။ မိုးနည်းပါးသည့် ဒေသများဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ လွန်ခဲ့သောနှစ်များ၏ မှတ်တမ်းတွေအရ ဇွန်လတစ်လလုံးမှာမှ ၄ လက်မအောက်သာ မိုးရွာတတ်သည်။ နေရာလိုက်၍ မိုးအနည်းအများတော့ ကွာခြားနိုင်မည်ဖြစ်သည်။ 

မိုးဦးယာသီးနှံများ

ယာသီးနှံဆိုတာ အပင်ခြေ ရေဝပ်ဒဏ်မခံနိုင်သည့် သီးနှံများကို ရည်ညွှန်းခြင်းဖြစ်သည်။ စပါးလို လယ်ကွက်ထဲ ရေသိုလှောင်စိုက်ပျိုးလို့ မရပါ။ ကန်သင်းမရှိသော ယာမြေ (သို့မဟုတ်) ကုန်းမြေလို မြေမျိုးမှာ စိုက်ပျိုးသည့်သီးနှံများကို ဆိုလိုခြင်းဖြစ်သည်။ နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ဝါ၊ ငရုတ်-စသည့် သီးနှံများ၏အမည်ကို ခြုံငုံ၍ ယာသီးနှံများဟု သုံးနှုန်းခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

အဆိုပါ ယာသီးနှံများစိုက်ပျိုးရာတွင် ဂရုပြုသင့်သည်များကို အသိပေးလိုသည်။ 

၁။ အပင်ပေါက် (၈၀) ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ကို အသုံးပြုပါ။ 

၂။ ခြောက်သွေ့မှုဒဏ် (Water Stress) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့် (good seedling vigour) မျိုးကို အသုံးပြုပါ။

၃။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း ဈေးကွက်ရှိသည့်မျိုးကို အသုံးပြုပါ။

၄။ အပင်ပေါက်ကောင်းနိုင်သည့် မြေအစိုဓါတ်ရရှိမှသာ စိုက်ပျိူးပါ။ 

ပေါက်လာသောအပင်များသည် မိုးဆက်လက်ရွာသွန်းခြင်း မပြုလျှင် သေကုန်နိုင်သဖြင့် အထူး ဂရုပြုစေလိုသည်။ အပင်ပေါက် ကောင်းမကောင်းနှင့် ပေါက်လာပါကလည်း အပင်များ၏ ကြံ့ခိုင်သန်စွမ်းမှုသည် မျိုးစေ့အပေါ်တွင် မူတည်သည်။ 

ဒေသအချို့တွင် မိုးရွာသွန်းမှုသည် ယာသီးနှံများ စိုက်ပျိုးအောင်မြင်ရန် လိုအပ်သည့် ပုံမှန် မိုးရေချိန်ထက် လျော့နည်းနိုင်ပေရာ မိုးခေါင်ခံမျိုးဖြစ်ဖို့ လိုအပ်ပါသည်။

အလျင်အမြန်စိုက်ပျိုးရေး

မိုးဦးသီးနှံများ စိုက်ပျိုးရာတွင် သီးနှံအလိုက်လိုအပ်သည့် မြေအစိုဓာတ်ရအောင် မိုးရွာသွန်းသည်နှင့် မြန်မြန်ဆန်ဆန် ထွန်ရေးပြုပြင်စိုက်ပျိုးစေလိုသည်။ ‘ယာမှာအသုတ် လယ်မှာအပုပ်’ လို့ရှေးကအဆိုရှိသည်။ လယ်ဆိုတာ လယ်စပါးကို ရည်ညွှန်းသည်။ တမန်းညက်ရုံမက ‘ပုပ်’ ဆိုတာ မြေပေါ်ရှိ ယခင်သီးနှံရိုးပြတ်၊ အပင်အကြွင်းအကျန်နှင့် ပေါင်းမြက်တွေ မြေမှာဆွေးမြေ့အောင်အချိန်ယူထွန်ယက်ဖို့ ပြောခြင်းဖြစ်သည်။ ယာကတော့ ယာသီးနှံတွေကို ညွှန်းတာဖြစ်သည်။ အထူးသဖြင့် မိုးဦးကျသီးနှံတွေကို ပြောခြင်းဖြစ်သည်။ အခု ပိုလို့သတိထား လိုက်နာသင့်ပါသည်။

သီးနှံစိုက်ပျိုးခြင်းသည် ရာသီနှင့်ကိုက်ညီအောင် စိုက်ပျိုးမှသာ သီးနှံအထွက်သေချာသည်။ ရာသီဥတုကြောင့် စိုက်ချိန်နောက်ကျနိုင်သလို ထွန်တာယက်တာ အချိန်ယူလွန်းနေလို့ ကိုယ့်ကြောင့်လည်း နောက်ကျနိုင်သည်။ ဒါ့ကြောင့် ခပ်သုတ်သုတ်မြန်မြန်စိုက်ရန် ယာမှာအသုတ်ဟုအမှာစကား ထားခဲ့ခြင်းဖြစ်နိုင်သည်။ မိုးရွာသည်နှင့် အမြန်ထွန်ယက်စိုက်ပျိုးပါလို့ တိုက်တွန်းနှိုးဆော်လိုပါသည်။

ဈေးကွက်ကြိုက်မျိုး

မစိုက်ဘူးသေးသော မျိုးသစ်မျိုးဆန်းထက် စိုက်နေကျမျိုးသည် ဒေသရေမြေဖြစ်ထွန်းတာ သေချာ သည်။ သို့သော် ဈေးကွက်မှာ မျိုးသန့်မျိုးစစ်ကိုမှ ကြိုက်သည်။ အထွက်ကောင်းရေးက အရေးတော့ကြီးသည်။ ဒေသဖြစ်ထွန်းပြီး ဈေးကွက်ရှိတာကို ဦးစားပေးရန်လိုသည်။ ဒေသမဖြစ်ထွန်း၊ ဈေးကွက်မရှိလျှင် အထွက်ကောင်းသော်လည်း အကျိုးအမြတ် နည်းနိုင်ပါသည်။ 

နှမ်းသီးနှံကို ဥပမာပြလိုသည်။ နှမ်းစေ့အရောင် အဖြူ၊ အနီ၊ အနက်မတူပါ။ ဈေးကွက်အကြိုက်မှာ တစ်နှစ်နှင့်တစ်နှစ်လည်း မတူပါ။ နှမ်းစေ့အရောင်ပေါ် မူတည်ပြီး ဈေးကောင်းရသည်။ စိုက်ပျိုးသည့်အခါ အနီမျိုးဈေးကောင်းရသည့်နှစ်တွင် အနီမျိုးကို ဦးစားပေးစိုက်ပျိုးသည်။ အနက်က ဈေးကောင်းလျှင် အနက်မျိုး၊ အဖြူကဈေးကောင်းရလျှင် အဖြူမျိုးကို ပို၍စိုက်လိုသည့် ဆန္ဒရှိကြောင်း သိရသည်။ မည်သည့်နှမ်းမျိုးကိုပဲစိုက်စိုက်၊ မျိုးသန့်သည့် နှမ်းနီစစ်စစ်၊ နှမ်းနက်စစ်စစ်၊ နှမ်းဖြူစစ်စစ်ကို စိုက်ပျိုးဖို့လိုကြောင်း အသိပေးလိုပါသည်။

ရေငတ်ခံမျိုးဖြစ်ရေး

မိုးခေါင်သော်လည်း စိုက်ပျိုးသည့်သီးနှံ အောင်မြင်ဖို့လိုသည်။ ရာသီဥတုဖေါက်ပြန်နေသော ယနေ့အခြေအနေတွင် ရေငတ်ခံနိုင်သည့်မျိုး ဖြစ်သင့်သည်။ ဥပမာ - ဆင်းပဒေသာ-၆ နှင့် မကွေး-၁၁ မြေပဲမျိုးတို့သည် စံထားရသော ရေငတ်ခံမြေပဲမျိုးများဖြစ်ကြောင်း ကြားသိရသည်။ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ဒေသအတွေ့အကြုံအရ ရေငတ်ခံသည့်မျိုးကို စိုက်ပျိုးစေလိုပါသည်။

မိုးခေါင်သီးနှံစိုက်ပျိုးရေး

ထင်ရှားသောမိုးခေါင်သီးနှံမှာ ပဲစင်းငုံသီးနှံဖြစ်သည်။ တစ်သီးတည်း သီးသန့်စိုက်ခြင်းထက် သီးညှပ်စိုက်ပျိုးသင့်သည်။ အကြောင်းမှာ ပဲစင်းငုံသီးနှံပင်သည် အသက်ကြီးသည်။ အပင်ငယ်စဉ် ကြီးထွားမှုနှေးသည်။ အစောပိုင်းကာလ အချိန်နှင့် နေရာကို အကျိုးရှိအောင် အသုံးချသောအား ဖြင့် အခြားသီးနှံတစ်မျိုးမျိုးနှင့် သီးညှပ်စိုက်နိုင်သည်။ သီးနှံစုံစိုက်ပျိုးခြင်းသည် တစ်သီးတည်းစိုက်ပျိုးခြင်းထက် စိုက်ပျိုးသူအတွက် အထွက်ရဖို့ သေချာစေသည်။ ပဲစင်းငုံ+ နှမ်းလျင် (သို့မဟုတ်) ပဲစင်းငုံ+ ပဲတီစိမ်း (သို့မဟုတ်) သင့်တော်ရာ သီးနှံတစ်မျိုးမျိုးနှင့် သီးညှပ်ပုံစံ ချမှတ်စိုက်ပျိုးစေလိုပါသည်။

မြေဆီလွှာဖွံ့ဖြိုးရန် ပဲပုပ်သီးနှံ

ရှမ်းပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် စပါးကို ဝမ်းစာရဖို့စိုက်ပျိုးသည်။ ပဲပုပ်သီးနှံကလည်း ဒေသအကြိုက်ဖြစ်သည်။ ယေဘုယျအားဖြင့် ကုန်းမြင့်ဒေသတွေမှာ မြေဆီလွှာညံ့ဖျင်းကြသည်။ သီးနှံအထွက်မြင့်မားဖို့လိုသည်။ ရေရှည်လည်း မြေဆီလွှာဖွံ့ဖြိုးဖို့လိုသည်။ ပဲပုပ်က ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်။

ယာစပါးနှင့် ပဲပုပ်ကို သီးညှပ်စိုက်ပျိုးဖို့ ပြောလိုသည်။ တစ်သီးစိုက်သည်ထက် နှစ်သီးက ဝင်ငွေပိုမည်။ ဒေသစားသုံးမှုအတွက် ဝမ်းစာစပါးရော၊ ပဲပုပ်ပါဖူလုံစေမည်။ တောင်သူတွေ ကျင့်သုံးမှုတော့ နည်းသေးသည်။ နည်းလမ်းကောင်းမို့ ကုန်းမြင့်ယာစပါး + ပဲပုပ် သီးညှပ်စိုက်ဖို့ ပြောခြင်းဖြစ်သည်။ ယာစပါးကယူသည့် မြေဆီသြဇာကို ပဲပုပ်က ဖြည့်ဆည်းပေးခြင်းဖြင့် ရေရှည် မြေဆီ လွှာထိန်းသိမ်းဖွံ့ဖြိုးစေသည့်နည်းလမ်းဟု ဆိုနိုင်ပါသည်။

ဆင်းသီဟ

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်