ဧပြီလမှာကတည်းက မိုးရွာသည်။ မိုးဦးကျစောနိုင်သည်။ မိုးရွာသည်နှင့် စိုက်ပျိုးရေးနှစ်သစ်ကို စတင်ရန်ဖြစ်သည်။ မိုးဦးယာသီးနှံများနှင့် မိုးစပါးသီးနှံများ စတင်စိုက်ပျိုးကြတော့မည်။ နွေစပါးစိုက်ခင်းများကိုမူ ဆက်လက် ပြုစုထိန်းသိမ်းကြရပါဦးမည်။
၁။ ယာသီးနှံများ
မုတ်သုန်မိုးကိုအားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ-စသည့် ယာသီးနှံတွေ မိုးဦးကျလျှင်ကျခြင်းစိုက်နိုင်ဖို့ ထွန်ရေး အဆင်သင့်ပြင်ထားသင့်သည်။
အသိပေးလိုသည့် အချက်(၄)ချက်မှာ-
၁။ အပင်ပေါက်ကောင်းနိုင်သည့် မြေအစိုဓါတ် သေချာစွာရရှိမှသာ စိုက်ပျိုးရန်၊
၂။ အပင်ပေါက် (၈၀) ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်မျိုးစေ့ကို အသုံးပြုရန်၊
၃။ ခြောက်သွေ့မှုဒဏ်(Water Stress) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့် (good seedling vigour) မျိုးကို အသုံးပြုရန်နှင့်
၄။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် မိုးခေါင်ခံမျိုးကို အသုံးပြုရန်တို့ဖြစ်ပါသည်။
မိုးရွာသွန်းလာမှုအခြေအနေကိုတော့ ကြည့်ဖို့လိုသည်။ အနည်းဆုံး မိုးရေချိန်လက်မဝက် မရွာဘဲနှင့် စတင်မစိုက်ပျိုးဖို့ ပြောလိုသည်။ အပင်ပေါက်မလာတာ၊ အပင်ပေါက်ပြီး နေပူမိသေသွားမှာ စိုးရိမ်၍ ဖြစ်ပါသည်။
၂။ နွေစပါးသီးနှံ
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ်ထွန်းဆဲ၊ ပွားများဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase) တွင်ပင် ရှိနေနိုင်ပါသည်။ အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် လွန်စွာအရေးပါသော ကာလဖြစ်ပါသည်။
ဤကာလတလျောက်လုံးတွင် စပါးစိုက်ခင်းကို အောက်ပါလုပ်ငန်းများလုပ်ဖို့ တိုက်တွန်း လိုပါသည်။
၁။ ပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်၊
၂။ လယ်ကွက်အတွင်း ရေမပြတ်စေရေး ထိန်းထားရန်၊
၃။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက် နိုင်ထရိုဂျင်မြေသြဇာ ကျွေးပေးရန်၊
၄။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန်တို့ ဖြစ်ပါသည်။
၃။ မိုးစပါးသီးနှံ
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း(အထူးသဖြင့်) မိုးရေသောက်မိုးနည်းပါးဒေသတို့အတွက် မိုးစပါးကို စတင်စိုက်ပျိုးနိုင်ရေး အသိပေးလိုပါသည်။
မိုးဦးကျတွင် စပါးစိုက်ခင်း အစိုထယ်ရေး ပြုပြင်ရေး မိုးရေလုံလောက်စွာ မရရှိသည်ကို ကြုံရနိုင်သည်။ ထိုဒေသများအတွက် လယ်ကွက်အတွင်းမှာ ရွာသွန်းလာသမျှမိုးဖြင့် စပါးစိုက်ပျိုးနိုင်သည့် နည်းစနစ်ကို အသိပေးလိုပါသည်။
လယ်ကွက်တွင် မိုးစတင်ရွာသွန်းပြီး အစိုဓာတ်ရရှိသည်နှင့် ထယ်ထိုးထွန်မွှေရန်လိုသည်။ စပါးမျိုးစေ့ကို စာပါးစပ်ပြူ အညှောင့်ဖေါက်ရန်မလိုဘဲ မျိုးစေ့အခြောက်ကို ဒီအတိုင်း ထွန်ရေးပြင်မှာ မျိုးစေ့ချရန် ဖြစ်ပါသည်။ အတန်းလိုက်သော်လည်းကောင်း၊ ကြဲပက်၍သော်လည်းကောင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။
မြေတွင်းအစိုဓာတ် လုံလောက်စွာရရှိချိန် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ ထယ်ထိုးထွန်မွှေ၍ စပါးမျိုးစေ့ချစိုက်ပျိုးသည့် စနစ်ဖြစ်ပါသည်။
အခြောက်ထွန်ရေးပြင်မှာ စပါးမျိုးစေ့ချစိုက်ပျိုးခြင်း(dry seeding)ဖြစ်၍ မုတ်သုန်မိုးဖြင့် ပျိုးခင်းရေရရှိသည်အထိ စောင့်စရာမလိုပါ။ မေလနောက်ဆုံးပတ်လောက်မှာ ဆင်ရေချိုးမိုး တစ်မိုးနှစ်မိုးလောက် ရွာလျှင်ပင် စိုက်နိုင်ပါသည်။
ယခင်က စပါးတစ်သီးသာစိုက်ပျိုးသည့် လယ်မြေတွင် စပါးနှစ်သီးကို အောင်မြင်စွာ စိုက်ပျိုးနိုင်သော စနစ်ဖြစ်သည်။ ပျိုးထောင်စရိတ်၊ ပျိုးနှုတ်စရိတ်၊ တမန်းပြင်စရိတ်၊ ကောက်စိုက်စရိတ် မကုန်ပါ။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အသက်ရက် ၇ မှ ၁၀ ရက်ခန့်စောပြီး ရိတ်သိမ်းနိုင်ပါသည်။
အခြောက်တိုက်ရိုက်စိုက်စပါး (Dry Direct-Seeded Rice) ရိတ်သိမ်းအပြီး ပျိုးထောင် ကောက်စိုက်စပါး (Transplanted Rice) ကို စိုက်ပျိုးနိုင်မည်ဖြစ်၍ သီးနှံပုံစံ (DSR-TPR Cropping Pattern)ကို လုပ်ကိုင်ရာကျပါမည်။
သက်လျင်အထွက်ကောင်း စပါးတစ်မျိုးမျိုးကိုတော့ အသုံးပြုရန်လိုသည်။ ဤနည်းစနစ်တွင် စပါးပင်နှင့် ပေါင်းမြက်ပင်တို့သည် တပြိုင်တည်း ယှဉ်ပြိုင်ပေါက်ရောက်နိုင်သဖြင့် စပါးမျိုးအလိုက် အပင်သက်တမ်း၏ ပထမပိုင်း သုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုကို အထူးဂရုစိုက် ဆောင်ရွက်ရန်တော့လိုပါသည်။
၄။ စပါးမတိုင်မီယာသီးနှံ
မိုးရေဖြင့် စပါးစိုက်ပျိုးမည့် မိုးရွာသွန်းမှုများပြားသည့် ဒေသများအတွက်တော့ မေလအတွင်း ပျိုးထောင်ရန် အချိန်စောပေဦးမည်။ သို့သော် မိုးစပါးမတိုင်မီ အခြားယာသီးနှံတစ်မျိုးမျိုး စိုက်ပျိုးနိုင်မှု အခြေအနေရှိလျှင်မူ မေလဆန်းတွင် မြန်မြန်ဆန်ဆန် သက်လျင်ယာသီးနှံတစ်မျိုးမျိုးကို စိုက်နိုင်သည်။ ဒေသဖြစ်ထွန်းမှုအရ နှမ်းလျင်၊ ပဲတီစိမ်းစသည့် သီးနှံတို့ကို စိုက်ပျိုးခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုပါသည်။
ဆင်းသီဟ
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ