ကျွဲကောသီးဇုန်ဖော်ဆောင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ မြေဧက ၃၀၀ ထပ်မံတင်ပြ

23/07/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဇူလိုင်၂၂ ရက်။

ကရင်ပြည်နယ်တွင် ကျွဲကောသီးစိုက်ပျိုးရေးဇုန် အကောင် အထည်ဖော်ဆောင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ မြေဧက ၃၀၀ ခွင့်ပြုပေးရန် ထပ်မံတင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ကျွဲကောသီးဇုန် ဖော်ဆောင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ သို့ ၂၀၁၇ ခုနှစ်က မြေနေရာတောင်းဆိုခဲ့ခြင်းဖြစ်သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုပေးနိုင်ခြင်းမရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ မြေနေရာအတွက် ထပ်မံတင်ပြရန် အသိပေးခြင်းကြောင့် ဇွန်လက ဒုတိယအကြိမ် တင်ပြထားကြောင်းသိရသည်။

“ပြည်ပက ကျွဲကောကို အလုံးအရင်းနဲ့ ဝယ်ချင်တယ်။ ဒါပေမယ့် ဦးတို့ဆီကထွက်တဲ့ ကျွဲကောသီးပမာဏက ပို့နိုင်တဲ့ပမာဏမရှိဘူး။ အဲ့ဒါကြောင့် ပြည်ပတင်ပို့နိုင်တဲ့ ပမာဏရဖို့အတွက် ဇုန်ကြီးတွေလုပ်ပြီးတော့မှ အလုံးအရင်းနဲ့ထုတ်ပြီးတော့ စျေးကွက်ကို သွားမှရမယ်။ အဲ့ဒါကြောင့် ဦးတို့က မွန်ပြည်နယ်အစိုးရနဲ့ သွားပြောတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း ညှိနှိုင်းတယ်။ ဒါပေမယ့် မြေကတော့ သိတဲ့အတိုင်း အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့လည်း ခွင့်ပြုမပေးနိုင်ဘူး။ ဒါက ဦးတို့အနေနဲ့ လုပ်မှာမဟုတ် ဘူး။ ကျွဲကောစိုက်တဲ့ တောင်သူတွေ ဝင်ရောက်လုပ်ကိုင်မှာဖြစ်တယ်။” မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။

လက်ရှိတွင် မြန်မာ့ကျွဲကောအား ဝယ်ယူရန် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့မှ ကမ်းလှမ်း မှုများရှိသော် လည်း ပြည်တွင်း၌ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်မှုအားနည်းခြင်းကြောင့် ပြည်ပစျေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကျွဲကောသီးစိုက်ပျိုးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုထားသော်လည်း မြေယာအခက်အခဲများကြောင့် မြေနေရာပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အခု ကရင်ပြည်ကို နောက်ထပ် တင်ပြပါလို့ ပြောလာတဲ့အတွက် ဧက ၃၀၀ လောက် ဦးတို့ထပ်တင်တယ်။ အဲ့ဒါတင်ပြထားတာ တစ်လလောက်ပဲ ရှိသေးတယ်။ ပထမအကြိမ်တင်ပြတာက တစ်နှစ်ကျော်လောက်ရှိပြီ။ ကရင်ပြည်နယ် သစ်သီးဝလံအသင်းစဖွဲ့ကတည်းက တင်ပြတော့ ဝန်ကြီးချုပ်ကလည်း စိတ်ဝင်စားတယ်။ တကယ်တမ်းတော့ မြေနေရာကို မပေးနိုင်ကြဘူး။ ဦးတို့ကတော့ ကရင်ပြည်နယ်ထဲက အဆင်ပြေတဲ့နေရာပေးဖို့ တောင်းထားတယ်။” ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။

ပြည်တွင်း၌ ကျွဲကောသီးမျိုးစိတ်ပေါင်း ၂၀ ကျော်ရှိသော်လည်း ပန်းတစ်ကျွဲကောနှင့် ပျားကျွဲကောမျိုးစိတ်သာ ပြည်ပစျေးကွက်အများဆုံးရှိပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကျွဲကောစိုက်ဧက ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

ကျွဲကောကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်