ကြက်သွန်ဥ ထိပ်ပုတ်ရောဂါ (Botrytis Neck Rot)

10/01/2018 16:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရောဂါဖြစ်စေသော သက်ရှိ- (၁) Bortrytis allii (၂) Bortrytis squamosa (၃) Botrytis cinerea

ရောဂါကျရောက်ချိန်- မိုးရွာသီ

ရောဂါလက္ခဏာ

ရောဂါရကြက်သွန်ဥ၏ ဂုတ်လည်ပတ်တွင် တစ်သျှူးသားများပျော့၍ အညိုရောင် ဖြစ်နေသည်။ ထပ်ဆင့်၍ ၎င်းတစ်သျှူးသားမှ မှိုအစုအဝေးသည် အညိုရောင်မှ အနက်ရောင်သို့ တဖြည်းဖြည်းပြောင်းလဲလာသည်ကို တွေ့ရှိရပါသည်။ ထို့နောက် နေလောင်သကဲ့သို့ ခြောက်ပြီး ဥတစ်ခုလုံးပုံသဏ္ဍာန်ပျက်သွားသည်။ ၎င်းမှတဆင့် ဘက်တီးရီးယား ဝင်ရောက်ခြင်းကြောင့် အပျော့ပုပ်ရောဂါထပ်ဆင့်၍ ဖြစ်စေနိုင်ပါသည်။

ရောဂါသံသရာ

ဤမှိုရောဂါကို ကြက်သွန်ဥများ သိုလှောင်စဉ်နှင့် သယ်ယူပို့ဆောင်ရာတွင်  ပြင်းထန်စွာကျရောက်လေ့ရှိပါသည်။ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းခြင်း၊ စိုထိုင်းဆများခြင်းတို့ဖြစ်ပါက ရောဂါပိုမိုကျရောက်လေ့ရှိသည်။ ဤရောဂါဖြစ် မှိုသည် ကြက်သွန်ဥများ မခြောက်မီ ထိပ်ပိုင်းဖြတ်ခြင်း၊ လိမ်ခြင်းတို့ကြောင့် ၎င်းဒဏ်ရာများမှ တစ်ဆင့် ကြက်သွန် ဥတွင်းသို့ ဝင်ရောက်ပြီး ပျော့ပုပ်စေနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ရောဂါကင်း၍ ကောင်းမွန်စွာ ခြောက်သွေ့ပြီးသော ကြက်သွန်မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

(၂) စိုက်ချန်နောက်ပိုင်းတွင် ပုလဲ (နိုက်ထရိုဂျင်) မြေသြဇာလွန်ကဲစွာ ကျွေးခြင်းမပြုရပါ။

(၃) ကြက်သွန်မတူးဖော်မီ (၁၀) ရက် မှ (၁၄) ရက်အတွင်း ရေသွင်းခြင်း မပြုရပါ။

(၄) ခြောက်သွေ့သော ရာသီ၌သာ ကြက်သွန်တူးဖော်ပါ။

(၅) အမြိတ်မဖြတ်မီ တစ်ပါတ်အလိုတွင် စိုက်ခင်းကို အခြောက်ထားပါ။

(၆) သိုလှောင်ခြင်း မပြုမီ လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ပေးပါ။

(၇) သိုလှောင်ရာတွင် အပူချိန်( ၃၄-၃၆ ဒီဂရီ စင်တီဂရိတ်) နှင့် စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းထက် လျော့နည်းမှ သာလျှင် အကောင်းဆုံး ဖြစ်ပါသည်။

လာဘီလိုက် (Labilite)PHI (၁၄)ရက် (၂၀၀ဂရမ်/ဧက) နှုန်း ပက်ဖျန်းပါ၊ ဘာဗစ်စတင်(Bavistin) ၂၅ ဂရမ် အစေ့ ၁ ကီလိုနှုန်း လူးနယ်စိုက်ပျိုးပါ။

မှတ်ချက်။ PHI (Pre Harvest Interval)ဆိုသည်မှာ ပိုးသတ်ဆေးဖြန်း အသုံးပြုပြီးနောက် သီးနှံများ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလ။

ပိုးသတ်ဆေး တစ်မျိုးချင်း သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလသည် ကွာခြားမှု ရှိပါသည်။

အစိမ်းရောင်လမ်း

ဓာတ်ပုံ- ကြက်သွန်ဥတွင် တွေ့ရသော ထိပ်ပုပ် ရောဂါ 

မှတ်ချက်- စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  စိုက်ပျိုးရေး ဦးစီးဌာန (www.doa.gov.mm)မှ စိုက်ပျိုးရေး နည်းပညာများ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်