မျိုးဗီဇမပြုပြင်ထားတဲ့ အစေ့ထုတ်ပြောင်းတွေကို ဗီယက်နမ်ကဝယ်ယူနေပြီး ပြောင်းဈေးနှုန်း ဆက်လက်မြင့်တက်နိုင်

19/01/2021 10:45 AM တွင် ရူပါအောင်ဝင်း ရူပါအောင်ဝင်း မှ ရေးသား

    ဗီယက်နမ်နိုင်ငံမှာ သွားရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ကိုရီးယားစက်ရုံတွေရဲ့ လိုအပ်ချက်ကြောင့် မျိုးဗီဇပြုပြင်ထားတာမရှိတဲ့ မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်တဲ့ အစေ့ထုတ်ပြောင်းတွေကို လာရောက်ဝယ်ယူနေတာတွေရှိပြီး ပြောင်းဈေးနှုန်းက ဇန်နဝါရီလကုန်ပိုင်းမှာ ပြည်တွင်းဈေးက တစ်ပိသာကို ကျပ် ၅၃၀ လောက်အထိဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဌ ဦးမင်းခိုင်က Green Way ကိုပြောပါတယ်။ 

ဗီယက်နမ်ဆိုရင် တစ်သက်လုံး GMO ကို အမေရိကားကနေပဲသွင်းနေတာ၊ GMO ဆိုဈေးသက်သာတယ်။ အခုဆိုရင်မြန်မာပြည် FOB ပေါက် ဈေးက ၂၅၄ ဒေါ်လာပဲရှိတယ်။ ဒါပေမယ့် သူ့ကို ဗီယက်နမ်ဆိပ်ကမ်းအရောက်ဈေးက ၂၂၂ ဒေါ်လာပဲရှိတယ်။ မြန်မာပြည်က အနည်းဆုံးသွားရင် ၂၆၀ လောက်ဖြစ်မယ်။ ဟိုမှာက ၂၂၂ ဒေါ်လာပဲရှိမယ်။ ဒါမယ့် ဟိုဟာက GMO။ ဒီမှာက Non GMO။ Non GMO ကိုလိုချင်လို့ ကိုရီးယားက အတင်းလာဝယ်တာလေ။ အဲ့လိုရှိပါတယ်။ ပြီးခဲ့တဲ့ ပြောင်းစပေါ်တဲ့ ၁၁ လပိုင်း၊ ၁၂ လပိုင်း၊ တစ်လပိုင်းမှာ ၁၁ နဲ့ ၁၂ လပိုင်းက ဈေးမရခဲ့ဘူး။ ၁၁ လပိုင်းက ဈေး ကောင်းကောင်းမရဘဲနဲ့ တောင်သူတွေဆိုရင်၃၂၀၊ ၃၃၀၊ ၃၄၀ အဲ့လိုနဲ့ရောင်းနေရတာ ပေါ့၊ အဲ့လိုအနေထားကနေ ရန်ကုန်ဈေးကလည်း ၄၅၀ ဝန်းကျင်ကနေ အခု ၅၀ဝ ဖြစ် သွားတာပေါ့။ တစ်တင်း တစ်ထောင်တက်သွားတာပေါ့။ အဲ့တော့ တောင်သူအတွက်ပိုကိုက်တာပေါ့။ ထိုင်းဈေးကွက်ကလည်း မနှစ်ကထက်စာရင် ထိုင်းဈေးကွက်အမြင့်နဲ့ ဖွင့်ရမယ်။ မနှစ်က ၂၀၁၉၊ ၁၂လပိုင်းအကုန် တစ်လပိုင်းမှာ အစ်ကိုတို့ မြဝတီဈေးကွက်ရဲ့ ပြောင်းဈေးနှုန်းက ၉၇ ဘတ်နဲ့ ဘတ် ၁၀၀ ကြားမှာရှိတယ်လေ။ အခုဆိုရင် မနေ့ကဖွင့်ဈေးဆိုရင် ၁၀၆ ဘတ်၊ ၁၀၇ ဘတ်။ လကုန်လောက်ဆိုရင်တော့ အစ်ကိုတို့မှန်းကြည့်တာပြည် တွင်းဈေးကွက်ကလည်း ၅၂၀၊ ၅၃၀ လောက်ဖြစ်မယ်။ မြဝတီမှာလည်း ၅၅၀ လောက်မှန်းပါတယ်

လို့ ဦးမင်းခိုင်က Green Way ကိုပြောပါ တယ်။ 

    စိုက်ပျိုးသီးနှံတွေကို အရောင်အဆင်း၊ အရသာ၊ စားသုံးနိုင်တဲ့အပင်ရဲ့အစိတ်အပိုင်း တွေ ပိုမိုပါဝင်လာဖို့နဲ့ ပိုးမွှားအပြင် ပေါင်းပင်တွေရဲ့အန္တရယ်ကိုကာကွယ်ဖို့ သတ္တဝါ တွေရဲ့ မျိုးဗီဇတွေကို နည်းပညာအသုံးပြုပြီး အပင်တွေရဲ့မျိုးဗီဇတွေနဲ့ မျိုးစပ်ပြုပြင် ထားတဲ့ သီးနှံမျိူးတွေကို မျိုးဗီဇပြုပြင်ထားတဲ့ သီးနှံမျိူးတွေအဖြစ် သတ်မှတ်ကြပါတယ်။  

    မျိုးဗီဇပြုပြင်ထားတဲ့သီးနှံတွေကနေ ထွက်ရှိလာမယ့် စားသောက်ကုန်တွေက လူကိုအန္တရယ်ဖြစ်စေတဲ့အတွက် အခြားကမ္ဘာ့နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ သြတြေးလျစတဲ့နိုင်ငံတွေမှာလည်း မျိုးဗီဇပြုပြင်ထားတဲ့ အစားအစာတွေကို စိုက်ပျိုး၊ ရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် အခြားနိုင်ငံတွေမှာတော့ ပြောင်းခင်းတွေမှာ ကျရောက်တတ်တဲ့ ပိုးမွှားနဲ့ ပေါင်းပင်တွေကြောင့် ပြောင်းသီးနှံရဲ့အရည်အသွေးနဲ့ အထွက်နှုန်းကို မထိခိုက်အောင် မျိုးဗီဇပြုပြင်ထားတဲ့ ပြောင်းသီးနှံမျိုးတွေကို ထုတ်လုပ်ထားပြီး အဲ့ဒီမျိုးတွေကို အမေရိကန်ပြည်ထောင်စုက အများဆုံးစိုက်ပျိုးထုတ်လုပ်နေပါတယ်။ 

    မြန်မာနိုင်ငံမှာတော့ စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့  ဝါသီးနှံမှာကျရောက်တတ်တဲ့ သီးလုံး ဖောက်ပိုးကိုကာကွယ်ဖို့ မျိုးဗီဇပြုပြင်ထားတဲ့ Bt Cotton တစ်မျိုးတည်းကိုသာ စိုက်ပျိုးဖို့ခွင့်ပြုထားပြီး အခြားသီးနှံတွေကို စိုက်ပျိုးခွင့်တားမြစ်ထားပါတယ်။ 

    အစေ့ထုတ်ပြောင်းကို နွေရာသီမှာ ပခုက္ကူနဲ့ မြင်းခြံခရိုင်တွေမှာ စိုက်ပျိုးကြပြီ၊ မိုးရာသီမှာတော့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊  ရှမ်းပြည်နယ်၊ နေပြည် တော်၊ ပျဉ်းမနား၊ တပ်ကုန်းနဲ့ စစ်ကိုင်းတိုင်းမှာ အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ဆောင်းရာသီမှာတော့ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း၊ ဧရာဝတီနဲ့ မကွေးတိုင်းတို့မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်ပါတယ်။ 

အစေ့ထုတ်ပြောင်းအရည်အသွေးနဲ့ ဈေးကွက်ကောင်းမွန်ဖို့ ကန်ထရိုက်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တာကို ၂၀၂ဝ ပြည့်နှစ်ကစတင်ပြီး ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာ စိုက်ပျိုးထုတ်လုပ်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ မြန်အောင်နဲ့ ရေစကြိုမှာ တိုးချဲ့ထုတ်လုပ်သွားဖို့ရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသူတွေကလည်း ရှမ်းအရှေ့မြောက်ဒေသမှာ မြန်မာပြောင်းစိုက်တောင်သူတွေနဲ့ပူးပေါင်းပြီး ကန်ထရိုက်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်နေပါတယ်။ အဲ့ဒီကထွက်တဲ့ရှိလာတဲ့ အစေ့ထုတ်ပြောင်းတွေကို တရုတ်အစိုးရက အကန့်အသတ်မရှိ တရားဝင်တင်သွင်းခွင့်ပြုထားတယ်

လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းဥက္ကဌ ဦးမင်းခိုင်က Green Way ကို ပြောပါတယ်။

    အစိုးရအနေနဲ့ စပါးလိုပဲ ပြောင်းအပါအဝင် အခြားသီးနှံတွေကိုလည်း သီးနှံပေါ်ချိန်မှာ ဈေးမကျရအောင် လိုအပ်လာပါက အခြေခံရည်ညွှန်းဈေး သတ်မှတ်ပေးသွားဖို့ရှိတယ် လို့ စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ပြောကြားထားပါတယ်။  

    စိုက်ပျိုးရေးဦးစီးဌာနက အစေ့ထုတ်ပြောင်းကို စီမံကိန်းဝင်သီးနှံစာရင်းမှာ ထည့်သွင်းထားပြီး တစ်နိုင်ငံလုံးမှာ စုစုပေါင်းစိုက်ဧကက ဆယ့်ခြောက်သိန်းလောက်ရှိပါတယ်။ အဲ့ဒီကနေ့ ပြောင်းစေ့ တန်ချိန် ၃ သန်းလောက် ထွက်ရှိနေပြီး နှစ်စဉ် တန်ချိန် တစ်သန်းကျော် ပြည်ပကိုတင်ပို့နေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်