ငါးမြစ်ချင်းငါးမှာ စျေးကွက်တွင် ဝယ်လိုအားကောင်းမွန်သောငါးတစ်မျိုးဖြစ်ပြီး မွေးမြူသူလည်း များလှသည်။ ဒါကြောင့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူလိုသူများအတွက် ငါးမြစ်ချင်းသမားရိုးကျ မွေးမြူနည်းကို ပြောပြပေးပါမည်။
ငါးမြစ်ချင်း သမားရိုးကျမွေးမြူရာတွင် အရေးပါသော မြေနေရာနှင့် ရေအမျိုးအစားရွေးချယ်ခြင်း
(က) မြေအမျိုးအစားရွေးချယ်ခြင်း
- ငါးမြစ်ချင်း မွေးမြူရန်အတွက် မြေနေရာရွေးချယ်လျှင် လမ်းပန်းဆက်သွယ်ရေးကောင်းပြီး စျေးကွက်နှင့်နီးသည့် နေရာကို ရွေးချယ်သင့်ပါသည်။
- မြေနေရာသည် သဲဆန်သောမြေ မဖြစ်စေဘဲ မြေစေးအမျိုး အစားကို ရွေးချယ်ရပါမည်။ မြေစေးဖြစ်သောကြောင့် ကန်အတွင်းရှိရေသည် ကြာရှည်ခံမည်ဖြစ်သည်။ငါးအတွက်လည်း ပိုမိုကောင်းမွန်ပါသည်။
(ခ) ရေအမျိုးအစားရွေးချယ်ခြင်း
- ကန်အတွင်းရှိရေသည် ထုံးဓာတ်များသောရေ မဖြစ်ရန် သတိပြုရပါမည်။ အကယ်၍ ဂဝံမြေဖြစ်နေသောကြောင့် အချဥ်ပေါက်နေသောရေ ဖြစ်ပါက ပြုပြင်၍ ရနိုင်ပါသည်။
- ပြုပြင်ရမည့်နည်းလမ်းမှာ ထုံးထည့်ခြင်းအားဖြင့် အချဥ်ပေါက်ခြင်းကို ပပျောက်စေပါသည်။ ထုံးဓာတ်ပါသောရေကို ပြုပြင်ရန်မှာမူ စရိတ်အလွန်ကြီးသဖြင့် တွက်ချေကိုက်မည် မဟုတ်ပေ။ သို့အတွက် သင့်လျော်သည့် နည်းစနစ်ကိုကျင့်သုံးဖို့ ဖြစ်လေသည်။
မွေးမြူကန်အရွယ်အစား ရွေးချယ်ရာတွင် -
- ငါးမြစ်ချင်းမွေးမြူရန် ကန်ကို အနည်းဆုံး အလျားပေ ၂ဝဝ၊ အနံ ပေ ၁၀၀ ရှိ ဧကဝက်ခန့် အကျယ်ဖြစ်အောင်တူးပါ။
- တစ်နှစ်ပတ်လုံး ရေအနက် ၄ ပေ ရှိစေရန် ၆ ပေခန့် နက်အောင် ကန်ကိုတူးရပါမည်။ကန်၏ နှုတ်ခမ်းမှနေ၍ နောက်ကို ၅ ပေ ဆုတ်ပြီး ကန်ပေါင်ဖို့ထားပေးပါ။
- ကန်ပေါင်ထိပ်မှနေ၍ အောက်တည့်တည့် ၁ တောင်(သို့မဟုတ်) ၁၈ လက်မ အကွာတွင် ရေလျှံပေါက် ၁ ခုတပ်ထားပြီး ကန်ပေါင်မပြိုစေရန် ကန်ပေါင်တွင် မြက်များအပြည့်ကပ်၍ စိုက်ထားပေးပါ။
ထုံးနှင့် မြေသြဇာထည့်ခြင်း
- ကန်ထဲသို့ရေမထည့်မီ ထုံးမှုန့် ၁၅ဝ ပိဿာ ဖြူးပေးပြီးမှ ရေထည့်ပါ။ ရေထည့်ပြီး ၁ ပတ်အကြာတွင် နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ ဘဲချေး စသည့် တိရစ္ဆာန်ချေးများကို ၄ ဂါလံဝင်ပုံးဖြင့် ပုံး ၁၅၀ ထည့်ပေးပါ။
- ၁ ပတ်အကြာတွင် ကန်ရေစိမ်းလာပါမည်။ ကန်ရေစိမ်းလာသောအခါ ငါးသားပေါက်များကို ထည့်နိုင်ပါပြီ။
ငါးသားပေါက် ထည့်သွင်းနှုန်း
- ငါးသားပေါက်များဝယ်ယူပြီး ကန်အတွင်းသို့ ထည့်သောအခါ ငါးကလေးများ ၄ လက်မအောက်အရွယ်ဖြစ်လျှင်ပိုကောင်းပါသည်။ငါးသားပေါက်လေးများ အရွယ်ငယ်လေ သယ်ယူရလွယ်လေဖြစ်ပါသည်။
- ငါးသားပေါက်များကို သယ်ယူသောအခါ ပလတ်စတစ်အိတ်တွင် အောက်စီဂျင်၊ ရေရောဓာတ်ငွေ့တို့ဖြင့် သယ်ယူလျှင် အနည်းဆုံး ၁၂ နာရီကြာသည်အထိ အသက်ရှူနိုင်ပါသည်။
- ငါးမြစ်ချင်းတစ်မျိုးတည်းကို ကန်အတွင်း၌ ထည့်၍မွေးလျှင် အနံပေ ၁၀၀၊ အလျားပေ ၂၀၀ ရှိ ဧကဝက်ခန့် ငါးကန်တွင် ငါးသားပေါက်ကောင်ရေ ၁၆၅၀ ကောင် ထည့်၍မွေးနိုင်ပါသည်။
အစာကျွေးနည်း
- ငါးမြစ်ချင်း ငါးကလေးများကို အစာကျွေးလျှင် နေ့စဥ် နံနက် ၇ နာရီမထိုးမီ ကျွေးပေးပါ။
- ငါးတစ်ကောင်လျှင် တစ်ကျပ်သားရှိသော ငါးကောင်ရေ ၁၆၅၀ ကောင်အတွက် ဖွဲနုနှင့် နှမ်းဖတ်ရောထားသော အစာ ၆၅ ကျပ်သားကို ရေနှင့် ရောနယ်ပြီး အလုံးလုပ်ကျွေးပါ။
ဤအချိုးအတိုင်း ငါး၏အလေးချိန် များလာသည်နှင့်အမျှ အစာကိုတိုး၍ ကျွေးပါ။
အစာစိမ်းရရန်အတွက်လည်း ဘဲစာပင်များကို ၁ လ ၁ ကြိမ် တင်း ၁ စိတ်လောက် ကျွေးပေးပါ။
ကြီးထွားနှုန်း
- ငါးမြစ်ချင်းငါးသည် ၁ ကျပ်သားအရွယ်မှနေပြီး အစာမှန်မှန်ကျွေး၍မွေးမြူပါက ၁ နှစ်အတွင်း ၁ ကောင်လျှင် ၆၀ ကျပ်သားအထိ ကြီးထွားလာနိုင်ပါသည်။
- ဧကဝက်ရှိသော ကန်တစ်ကန်တွင် ငါးမြစ်ချင်းထည့်၍ မွေးမြူပါက ၁ နှစ်အတွင်း ငါးမြစ်ချင်းပိဿာချိန် ၉၀၀ ကျော် ရရှိနိုင်ပါသည်။
Ref: ငါးလုပ်ငန်းစခန်းတွင် သင်တန်းတက်ခဲ့စဥ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ