ကျွန်မတို့စိုက်ပျိုးထုတ်လုပ်သူတွေအတွက် စားသုံးသူ၊ ဝယ်ယူသူတို့၏အကြိုက် လိုက်နိုင်ဖို့က အဓိကပါတဲ့ ရှင်။ စီးပွားရေးဆိုင်ရာသီအိုရီတွေကတော့ ဒီလိုဖော်ပြထားကြတာပါပဲ။ ကျွန်မတို့ မြန်မာစကားပုံမှာ “လူ့အကြိုက် နတ်မလိုက်နိုင်”လို့တောင်ရှိကြတာကိုး။ တကယ်တမ်းလုပ်ကြကြေးဆို ဒီကိစ္စကြီးက တော်တော် ခေါင်းစားစရာပါ။ ဒါပေမယ့်လဲ ဘယ်ကိစ္စမှာမဆို ဖြေရှင်းလို့ရတဲ့နည်းလမ်းတချို့ကတော့ ရှိကြစမြဲပါ။ ကဲ …..ဘာတွေလဲကြည့်ကြရအောင်ပါ။
(၁) ပုံစံအလိုက် ကျွန်မတို့ရဲ့ကြိုက်နှစ်သက်မှုတွေ မတူကြပါဘူး။
ငှက်ပေျာသီးပဲ နေ့တိုင်းစားနေရရင် ဘယ်လောက်ကြိုက်ပါတယ်ဆိုတဲ့လူတောင် ငြီးသွားတတ်ကြတာပဲလေ။ ဒါကို အလိုပြည့်စွမ်းအင်ရပ်သွားတယ်လို့ ပညာရှင်တွေကတော့ သုံးထားတယ်ရှင့်။ ကျွန်မတို့ကတော့ ဒါကို ငြီးသွားတယ်လို့ပဲ ဆိုကြပါစို့။ ဒါဆို ငှက်ပေျာသီးကို ဘယ်လိုဆက်ရောင်းကြမလဲပေါ့။ ကဲ…ငှက်ပျောကိတ်တို့ ငှက်ပျောဆနွင်းမကင်းတို့အဖြစ် ပြောင်းကြည့်လိုက်ပါတဲ့။ မျက်စိအမြင်ထဲပြောင်းလဲသွားတဲ့အခါ လူတွေက ပြန်လည် စိတ်ဝင်စားလာကြတာပါပဲရှင့်။ အသစ်အဆန်းတွေကို စိတ်ဝင်စားတတ်ကြတာ လူ့သဘာဝပါ။ ကျွန်မတို့ အသုံးချတတ်ရမှာပေါ့။
(၂) နောက်တစ်ချက်ကတော့ နေရာဒေသပါ ။
ကျွန်မတို့တွေမှာ အကျင့်တစ်ခုရှိတယ်မလား။ သူများအိမ်ကဟင်းကမှကောင်းပြီး ကိုယ့်အိမ်ကချက်ရင် မ ကောင်းဘူးထင်တာမျိုးပေါ့။ ပစ္စည်းခြင်းတူရင်တောင် နိုင်ငံခြားဖြစ်မှ သုံးချင်တာမျိုးပေါ့။ “ရွာနားမြက် ရွာ နွားမစား”ဆိုသလိုပေါ့ရှင်။ ဒီသဘောတရားလေးကို အ သုံးချလို့ရပါတယ်တဲ့။ ကိုယ့်ဒေသထွက်ပစ္စည်း သူများရွာသွားရောင်းကြည့်ပေါ့။ ဒါမှမဟုတ် တစ်ခြားမြို့ပေါ့။ အာလူးစိုက်မရနိုင်တဲ့ဒေ သမှာ အာလူးတွေ စျေးကောင်းရနေတတ်တာတို့၊ ကိုယ့်ရွာမှာ လူတိုင်းစိုက်နေကြတဲ့သီးနှံဆို စျေးမရတာတို့က ဒါတွေက စီးပွားရေးသဘောတရားတွေပါ။ ဒီလိုအခြေအနေလေးတွေကို နားလည်ပြီး စျေးကွက်တွေရှာနိုင်ပါတယ်တဲ့။
(၃) တတိယအချက်ကတော့ အချိန်ကိုအသုံးချတာပါ။
သရက်သီးပေါနေချိန်မှာ သရက်သီးကို အလကားပေးရင်တောင်မယူပေမယ့် ရှားနေတဲ့အချိန်မှာတော့ သရက်ကင်းလေးငပိချက် တို့ချင်ပါတယ်ဆိုတာမျိုးပေါ့။ အချိန်တစ်ခုကိုရင်းနှီးပြီး အရည်အသွေးမပျက်အောင် ထိန်းသိမ်းတတ်ဖို့တော့ လိုတာပေါ့။ ဒီတော့ ပေါနေတုန်းမှာ စျေးနည်းနေရင်၊ ကိုယ့်အရင်းနဲ့မကာမိရင် မရောင်းနဲ့။ ဘယ်လိုသိုလှောင်ရမလဲ လေ့လာပြီး ရင်းနှီးကြည့်။ စားသုံးသူတွေ လို ချင်လောက်မယ့်အချိန်မှ ထုတ်ရောင်း။ ကဲ …အဲဒီအချိန်ကြ ကိုယ်ကအသာစီးကနေ ရောင်းနိုင်ပြီပေါ့။
နောက်ဆုံးတစ်ချက်ဖြစ်တဲ့ထူးဆန်းတဲ့အချက်လေးကို လေ့လာကြည့်ရအောင်နော်။ သူကတော့
(၄) ကုန်ပစ္စည်းတွေရဲ့ပိုင်ရှင်အလိုက် ဝယ်ယူသူတွေက ရွေးချယ်ဝယ်ယူသွားကြခြင်းပါ။
ဘယ်သူကထုတ်တာပါ၊ ဘယ်အဖွဲ့အစည်းကထုတ်တာပါ စသည်ဖြင့် အမည်နာမအလိုက် စားသုံးသူတွေရဲ့စိတ်က ရွေးချယ်ဝယ်ယူသွားကြတာပါ။ လူတွေရဲ့ယုံကြည်မှု၊ အစွဲအလမ်း စတဲ့ စိတ်သဘောထားတွေကို အသုံးချသွားတဲ့ နည်းဗျူဟာပါ။ ကိုယ့်ရွာကထွက်တဲ့ ချည် ထည်လက်ရက်ကန်းကိုရောင်းတော့ မဝယ်ကြပေမယ့် တီဗီမှာကြော်ငြာတဲ့ တံဆိပ်ပါတဲ့ ချည်ထည်စစ်စစ်ပါလို့ ပြောကြတာကိုမှ ဝယ်နေကြသလိုပေါ့။ ပျံကျစျေးမှာရောင်းတဲ့ဆီထက် ဒေါ်ပုမဆီစက်က ကြိတ်တဲ့ဆီကိုမှ စားချင်တာမျိုး၊ ဒီလယ်ယာမြေက ထွက်တုန်းက တော့စျေးမရဘဲ အဆင့်မြင့်ကုန်တိုက်ကြီးတွေပေါ်မှာ တံဆိပ်ကပ်ပြီးရောင်းလိုက်တဲ့အခါ ဒီဟင်းရွက်ကိုမှ ယုံယုံကြည်ကြည် ဝယ်စားချင်သလိုမျိုး။ ဂုဏ်တွေ၊ ပကာသဏတွေမက်မောကြတဲ့ လောကီလူသားတွအတွက် ကျွန်မတို့ ပါးပါးနပ်နပ်နဲ့ မြင်တတ်ဖို့ပါပဲ။
ခေတ်ကာလက ပြောင်းလဲလာပြီး ကျန်းမာရေးအတွက် အလေးထားနေကြတဲ့အခါ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ သီးနှံတွေကို လူတွေက ပိုမိုတောင်းတလာကြပါပြီ။ သန့်ရှင်းလတ်ဆတ်မှုကအစ သတိပြုလာနေကြတာ ဝမ်းသာစရာပါ။ ဒါပေမယ့်လည်း ကျွန်မတို့တောင်သူတွေ မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲနဲ့တော့ စျေးကွက်ထိုးဖောက်ဖို့ဆိုတာ ခက်ပါတယ်။ ဒါကြောင့်လည်း စိုက်ပျိုးရေးလောကမှာ GAP တို့လို လက်မှတ်မျိုးတွေရအောင် ကြိုးစားသူတွေ ရှိနေကြတာပေါ့။ လုပ်ကွက်ငယ်တောင်သူတွေအတွက်လည်း လက်မှတ်တစ်ခု ကိုယ်ပိုင်တံဆိပ်တစ်ခုရအောင် လုပ်နိုင်မယ့် (PGS) လိုမျိုး အစုအဖွဲ့နဲ့စုပေါင်းအာမခံကြတဲ့ စနစ်မျိုးတွေလည်း ရှိနေပြီဖြစ်ပါတယ်။ (ဒီလိုလက်မှတ်တွေရအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို နောက်ထပ်ဆောင်းပါးတွေနဲ့ ဆက်လက်ဖော်ပြပေးသွားပါမယ်။) ဒီလိုမျိုး ထောက်ခံချက်၊ အာမခံချက်ပေးနိုင်တဲ့ ကုန်ပစ္စည်းတွေအဖြစ် အဆင့်မြင့်ပြီးထုတ်လုပ်ကြမယ်ဆိုရင် ကျွန်မတို့ တောင်သူတွေအတွက် အကြပ်ရိုက်နေရတဲ့ စျေးကွက်ပြဿနာကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါရှင့်။
အားလုံးကို အနှစ်ချုပ်ပြီး စပ်ဆက်တွေးကြည့်ကြမယ်ဆိုရင် ကျွန်မတို့ကုန်ပစ္စည်းတွေကို ကုန်ကြမ်းအတိုင်း စျေးနှိမ်ခံပြီး ဘာလို့ရောင်းနေတော့မှာလဲ။ ပုံစံပြောင်းသင့်တာ ပြောင်းမယ်။ အချိန်တစ်ခုရင်းနှီးမယ်။ နေရာဒေသအလိုက် စျေးကွာတာတွေကို ပါးပါးနပ်နပ် အသုံးချမယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်တွေရအောင်လဲ ကြိုးစားကြမယ်။ လိုအပ်တဲ့ပံ့ပိုးမှုတွေကိုလည်း ပေးချင်တဲ့ပညာရှင်တွေ အများကြီးပါ။ ဆက်သွယ်ပါ၊ မေးမြန်းပါ၊ ကြိုးစားကြပါလို့ တိုက်တွန်းရင်း ကျွန်မတို့ရဲ့တောင်သူဦးကြီးများအတွက် ရေးသားတင်ပြလိုက် ရပါတယ်ရှင့်။
ကြိုးစားပါအုံးမည်.....
သိမ့်ဇာ