ဘိုကိတ်ပဲ စိုက်ပျိုးနည်း

22/06/2020 17:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အခုလိုရာသီမှာ စိုက်ပျိုးလို့ သင့်တော်တဲ့ ဘိုကိတ်ပဲစိုက်ပျိုးနည်းလေးကို ပြောပြပေးချင်ပါတယ်ဗျ။

ရာသီဥတု 

- စိုစွတ်တဲ့မိုးရာသီမှာ စိုက်တာများပြီး ခြောက်သွေ့တဲ့ နွေရာသီမှာလည်း ရေသွင်းစိုက်လေ့ရှိကြပါတယ်။ အလွန်အေးပြီး နှင်းကျတဲ့ရာသီဥတုကိုတော့ နှစ်သက်လေ့မရှိပါဘူးဗျ။

မြေအမျိုးအစား

- ရေစီးဆင်းမှုကောင်းပြီး မြေအချဥ်ငံဓာတ် (၆.၅ - ၇) လောက် ​ရှိတဲ့ နုန်းမြေ၊ သဲနုန်းမြေတွေက အသင့်တော်ဆုံးမြေဖြစ်ပါတယ်။ ဒီ​မြေတွေက ရေမြုပ်တာကိုလည်း ရှောင်လွဲပေးနိုင်မှာဖြစ်ပါတယ်။

စိုက်ပျိုးချိန်

- များသောအားဖြင့်တော့ ဧပြီလမှ ဩဂုတ်လ၊ ဩဂုတ်လမှ စက်တင်ဘာလ အစောပိုင်းလောက်အထိ စိုက်ပျိုးကြပါတယ်။

မြေပြင်ခြင်း

- မစိုက်ခင်မှာမြေကို ထယ်ထိုး၊ ထွန်မွှေပြီး ရိုးပြတ်တွေနဲ့ အမှိုက်မှန်သမျှကို ရှင်းလင်းပေးပါ။ ဒါမှ ပေါင်းမြက်ပေါက်ရောက်မှုကို အနည်းဆုံးအနေအထားထိ လျော့ချနိုင်မှာလည်းဖြစ်ပါတယ်ဗျ။

မြေဩဇာထည့်ခြင်း

- ဘိုကိတ်ပဲကိုယ်တိုင်ကိုက နိုက်ထရိုဂျင်ထုတ်ပေးတာမို့ နိုက်ထရိုဂျင်ကျွေးစရာမလိုပါဘူးဗျ။ တစ်ဧကကို နွားချေး (၇)စီး၊ ပုလဲ(၇) ပြည်၊ ပိုတက် (၁၂)ပြည်၊ တီစူပါ(၂၂) ပြည်ကို မြေခံအဖြစ်ထည့်ပေးပါ။

စိုက်ပျိုးခြင်း

- မစိုက်ခင်မှာ မျိုးစေ့တွေကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ လူးနယ်ထားပေးပါ။

- တစ်ဧကကို မျိုးစေ့နှုန်းထား (၆-၈) ပြည်အထိ သုံးနိုင်ပါတယ်ဗျ။

- တိုက်ရိုက်အစေ့ချစိုက်လေ့ရှိပြီး ကျင်းအနက် တစ်လက်မလောက် တစ်ကျင်းကို ၂ စေ့နှုန်းနဲ့ စိုက်ပါ။ တစ်ကျင်းနဲ့တစ်ကျင်း အကွာအဝေးကို ၆ လက်မလောက်ခြားပေးပြီး တန်းခြားကို ၁၂ လက်မလောက်ထားပေးပါ။

ရေသွင်းပေးခြင်း

- မိုးရာသီမှာစိုက်ရင် ရေအရမ်းမလိုအပ်ပေမယ့် နွေရာသီမှာစိုက်ရင်တော့ ရေသွင်းပေးဖို့လိုအပ်ပါတယ်ဗျ။ အထူးသဖြင့် အပင်ပေါက်ချိန်နဲ့ အစေ့ဆံတည်ချိန်တွေမှာ ရေလိုအပ်ပါတယ်။ Sprinkler နည်းနဲ့ ရေပေးမယ်ဆိုရင်တော့ တစ်နေ့ကို (၂-၄) နာရီလောက်ရေပေးပါ။

ပေါင်းမြက်ရှင်းခြင်းနဲ့ ကျရာက်တတ်သောပိုးမွှားရောဂါများ

- ပေါင်းမြက်တွေက အပင်အတွက်ပေးတဲ့အာဟာရတွေကို ဖဲ့ယူစားသောက်ကြတာမို့ ပဲသက်တမ်းတစ်လျှောက်လုံးမှာ (၂-၃) ကြိမ်​ ကြားပေါင်းလိုက်ပေးဖို့ လိုပါတယ်ဗျ။

- အဓိကကျရောက်တတ်တဲ့ပိုးကတော့ လှေးပိုးနဲ့ သီးလုံးဖောက်ပိုးဖြစ်ပြီး ပျ၊ ယင်ဖြူနဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါလည်း ကျရောက်တတ်ပါတယ်ဗျ။

ခူးဆွတ်ရိတ်သိမ်းခြင်း

-​​ ပျမ်းမျှအားဖြင့်တော့ စိုက်ပြီး ရက်ပေါင်း(၉၀-၁၂၀)လောက် အကြာမှာ ခူးဆွတ်ကြပါတယ်။ တစ်နည်းအားဖြင့် သီးထောင့်ရဲ့ ၉၅ % က ဝါညိုရောင်ပြောင်းလာတဲ့အချိန်မှာ ခူးဆွတ်ကြပါတယ်။ အများအားဖြင့် လက်နဲ့ခူးဆွတ်ကြပြီး ခူးပြီးသားသီးတောင့်တွေကို အရိပ်အောက် အေးတဲ့နေရာမှာ သိုလှောင်ထားလေ့ရှိကြပါတယ်ဗျ။

ထွန်းရာဇာ

Ref; https://blog.agrihomegh.com/keys-to-high-yields-in-cowpea-cultivation/

 https://cropgenebank.sgrp.cgiar.org/index.php/regeneration-guidelines-of-crops/cowpea-mainmenu-401

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်