အာလူးဥများ ကွဲအက်ခြင်းပြဿနာ

19/01/2018 13:05 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

အာလူးစိုက်ပျိုးသူတောင်သူများအနေဖြင့် မိမိတို့၏ အာလူးစိုက်ခင်းများတွင် အာလူးဥများ ကွဲအက်လာခြင်းပြဿနာကို ရံဖန်ရံခါ ကြုံတွေ့ရတတ်ပါသည်။ ယင်းပြဿနာသည် ရောဂါကျမှု (Infectious diseases) ကြောင့်မဟုတ်ဘဲ အပင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဇီဝကမ္မဗေဒဆိုင်ရာ ချို့ယွင်း မူမမှန်မှုလက္ခဏာ (Physiological disorder) တစ်ခုမျှသာ ဖြစ်ပါသည်။ အလားတူပြဿနာမျိုးကို ခရမ်းချဉ်၊ ဖရဲနှင့် သခွားမွှေးသီးတို့တွင်လည်း ဖြစ်လေ့ရှိကြောင်းတွေ့ရပါသည်။

ကွဲအက်မှုလက္ခဏာသည် ယေဘုယျအားဖြင့် အာလူးဥများ၏ အဖျားပိုင်းမှစ၍ အလျားလိုက် ကွဲအက်ကြောင်း ဖြစ်လာပြီး ခူးဆွတ်ချိန်တွင် ၎င်းကွဲအက်ကြောင်းများသည် ဥများပေါ်တွင် အက်ကြောင်းဒဏ်ရာများ (healed fissures) အဖြစ် ကျန်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းကြောင့် စျေးကွက်တင် ရောင်းချသည့်အခါ မျက်နှာပန်းမလှဘဲ စျေးနှုန်း လျော့နည်းတတ်ပါသည်။

အာလူးဥများ ကွဲအက်မှုလက္ခဏာ
အဓိကဖြစ်စေသောအကြောင်းအရင်းမှာ အာလူးဥများကြီးထွားနေချိန်တွင် မြေတွင်း အစိုဓာတ် (Soil moisture) နှင့် မြေတွင်းအပူချိန် (Soil temperature) တို့ အတက်အကျများပြီး ဟန်ချက်မညီခြင်းတို့ကြောင့် ဖြစ်ပါသည်။ စိုက်ပျိုးရာသီချိန်အတွင်း အပူချိန်မြင့်မားပြီး မြေအတွင်းမှ ကာလအတန်ကြာ အစိုဓာတ်ပြတ်နေပြီးနောက် ရုတ်တရက် မိုးရွာသွန်းမှုကြောင့်ဖြစ်စေ၊ ရေပေးသွင်းမှုကြောင့်ဖြစ်စေ အာလူးဥများ ကွဲအက်မှုကိုဖြစ်စေတတ်ပါသည်။ ထို့အပြင် အပင်များအား ပင်ကြားတန်းကြားအကွာအဝေးကို လိုအပ်သည်ထက်ပို၍ ကျဲကျဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေအတွင်း ဘိုရွန်ဓာတ်လျော့ကျနေခြင်း၊ နိုက်ထရိုဂျင်ဓာတ်ပါသောမြေသြဇာများကို အလွန်အကျွံကျွေးမိခြင်းနှင့် ကျွေးမှုမညီမညာခြင်းတို့သည်လည်း အာလူးဥများကွဲအက်ခြင်းကို ပိုမိုဖြစ်စေသော အကြောင်းအရင်းများပင်ဖြစ်ပါသည်။
အာလူးဥများ ကွဲအက်ခြင်းပြဿနာသည် အပင်စိုက်ပျိုးရာပတ်ဝန်းကျင်အခြေအနေများကြောင့်သာမကပဲ မိမိရွေးချယ်သောမျိုးကြောင့်လည်း ဖြစ်စေနိုင်ပါသည်။ မြန်မာပြည်တွင် စိုက်ပျိုးနေသော အာလူးမျိုးများနှင့်ပတ်သက်၍ မျိုးအလိုက် အာလူးဥများ ကွဲအက်မှု ခံနိုင်ရည် ရှိမှု/မရှိမှုများကို သုတေသနပြုဆောင်ရွက်ထားမှု မရှိသေးပေ။ သို့သော်လည်း မကြာသေးမီ နှစ်များအတွင်းက မြန်မာပြည်တွင်း စတင်စိုက်ပျိုးနေပြီဖြစ်သော “Atlantic” မျိုးသည် အာလူးဥကွဲအက်မှုဒဏ်ကို ခံနိုင်ရည်မဲ့သောမျိုးဖြစ်ကြောင်း စာပေများမှတစ်ဆင့် တွေ့ရပါသည်။
အာလူးဥများကွဲအက်မှုပြဿနာကို လျော့ပါးသက်သာစေရန် ပညာရှင်များအကြံပြုကြသည်မှာ

  • အာလူးဥများ ကြီးထွားနေစဉ်ကာလအတွင်း မြေအစိုဓာတ်ကို သင့်တင့်မျှတစွာ ရှိနေအောင်ဆောင်ရွက်ရန်
  • သင့်တော်သော ပင်ကြားတန်းကြားအကွာဝေးဖြင့် အပင်များကို ညီညီညာညာစိုက်ပျိုးရန်
  • သွင်းရေကို မြေအစိုဓာတ်ရှိနေရုံမျှသာ ညီညီမျှမျှပေးသွင်းရန်နှင့်
  • နိုက်ထရိုဂျင်ဓာတ်ပါသောမြေသြဇာများကို တိကျသောနှုန်းထားဖြင့် ကျွေးပေးရန် တို့ဖြစ်ကြောင်း စာပေများမှတစ်ဆင့် တွေ့ရပါသည်။ 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ကျမ်းကိုး
၁။ Potato Physiological Disorders – Growth Cracks (IFAS Extension, University of Florida)
၂။ Photos from Kyaw Htay’s Facebook (ဦးကျော်ဌေး၏ ခွင့်ပြုချက်ဖြင့် အသုံးပြုခြင်းဖြစ်ပါသည်) 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်