ငရုတ်စိုက်ပျိုးခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း

01/01/1970 06:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ငရုတ် (Capsicum annuum, 2n=2x=24) သည် အရေးကြီးသော ဟင်းခတ်အမွှေးအကြိုင် သီးနှံတစ်ခုဖြစ်သည်။ ငရုတ်သည် ခြောက်သွေ့သော ရာသီအပူချိန် ၂၁-၃၃ ဒီဂရီစင်တီဂရတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ညအပူချိန်သည် ၃၀ဒီဂရီ စင်တီဂရိတ်ထက် ရှိနေမည်ဆိုလျှင် ငရုတ်ပင်သည် အသီးတင်လိမ့်မည် မဟုတ်ပေ။ မျိုးစေ့ထုတ်လုပ် ရန်အတွက် ရွေးချယ်ထားသော ကွင်းသည်ပြီးခဲ့သော ရာသီက စိုက်ခဲ့သည့် သီးနှံသည် ပဲမျိုးရင်းဝင်အပင်များ (သို့) နှံစားမျိုးရင်းဝင် အပင်များဖြစ်ခဲ့လျှင် ပိုကောင်းသည်။ သို့မဟုတ် ယခင်စိုက်ခဲ့သော သီးနှံသည် ကန်စွန်းဥ (သို့) ခရမ်းမျိုးနွယ်ဝင် အပင်များ(ခရမ်းချဉ် ၊ငရုတ်၊ ခရမ်း စသည့်) ဖြစ်ခဲ့လျှင် ၎င်းကွင်းအား ရှောင်ရှားသင့်သည်။ ထိုစနစ်သည် ရောဂါပိုးများ တိုးပွားများပြား လာခြင်းကို ကြိုတင်ကာကွယ်ပေးသည်။

မျိုးများ

     Pant C-1, Pusa Jwala, Andhra Jyoti, Punjab lal နှင့်မြန်မာ ကျွမ်းကျင်သူ အဖွဲ့အစည်းများမှ ထောက်ခံထားသော ဒေသမျိုးကောင်းများ

မျိုးမရောစေရန် ထားရှိရမည့် အကွာအဝေး

အခြေခံမျိုးအဆင့် (၂)မျိုးစေ့အတွက် - ၂၀၀မီတာ

မျိုးသန့်အဆင့် (၂)မျိုးစေ့အတွက် - ၁၀၀မီတာ

ရာသီဥတုနှင့် မြေအမျိုးအစား

     အပူချိန် ၁၅-၃၅ဒီဂရီ စင်တီဂရိတ် ရှိပြီးရက်၁၃၀-၁၅၀အတွင်း နှင်းခါးကျရောက်မှု ကင်းလျှင်ငရုတ်စိုက်ပျိုး ရန်သင့်တော်သည်။ မြေကြီး၏ အပူချိန်သည် ၁၀ဒီဂရီ စင်တီဂရိတ်နှင့်အောက် လျော့နည်းလျှင် အပင်၏ ကြီးထွားမှုကို တုံ့နှေးစေသည်။ အပူချိန်၄၀ ဒီဂရီစင်တီဂရိတ် အထက် ကျော်လျှင်အသီးတင်မှု ညံ့ရုံသာမက ဆိုးဆိုးဝါးဝါး အသီးကြွေကျမှု ကိုလည်းဖြစ်စေသည်။ ငရုတ်အား မြေအမျိုးအစား အတော်များများတွင် စိုက်ပျိုးနိုင်သော်လည်း ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန် ပေါကြွယ်ဝနေသော နှုန်းမြေသည် ငရုတ်စိုက်ပျိုး ထုတ်လုပ်ရန် အကောင်းဆုံးဖြစ်သည်။ ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိသော အပင်ဖြစ်သည်။သင့်တော်သော မြေချဉ်ငံဓါတ်မှာ ၅.၅-၆.၅ဖြစ်သည်။

ပျိုးခင်းပြင်ဆင် စိုက်ပျိုးခြင်း

      မြေတစ်ဟက်တာ စိုက်ရန်အတွက် ၂၀၀မီတာ ပတ်လည်ခန့်ရှိသော ပျိုးဘောင်လိုအပ်ပါသည်။ မြေကြီးအတွင်းသို့ နွားချေးများ သမအောင် ရောမွှေပြီးနောက် ပျိုးဘောင်/ပျိုးခင်းအား ထယ်ရေးညက်သည်အထိ ပြင်ဆင်သင့်ပါသည်။ ပျိုးဘောင်/ပျိုးခင်းအား ဓါတုဆေးများဖြင့် စီရင်ပေးခြင်းကို ခရမ်းချဉ်နှင့်ခရမ်းမှာ ကဲ့သို့ပင် အတူတူ ပြုလုပ်သင့်ပါသည်။ အညှောင့်ပေါက်မှု ကောင်းရန် ပျိုးခင်းအား အညှောင့်ပေါက်မှု ကာလပြီးဆုံးသည့် တိုင်အောင်မြက်ခြောက် များဖြင့်ဖုံးအုပ် ပေးလျှင်ပိုကောင်းပါသည်။ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရေဖျန်းပုံးဖြင့် ပုံမှန်ရေခပ်ပါးပါး လောင်းပေးခြင်းကို ပြုလုပ်သင့်ပါသည်။ ကျန်းမာသန်စွမ်းသော ပျိုးပင်ရရှိရန် ပျိုးခင်းအား ၄၀ဇကာနိုင်လွန်ပိုက်ဖြင့် ရောဂါပိုးမွှား သယ်ဆောင်လာသည့် အရာများမှ ကာကွယ်ရန် ဖုံးအုပ်ပေးလျှင် ပိုကောင်းပါသည်။

စိုက်ပျိုးချိန်

အောက်တိုဘာလ

ပြောင်းရွေ့စိုက်ပျိုးခြင်း

ပုံမှန်အားဖြင့် ပြောင်းရွေ့စိုက်ပျိုးခြင်းကို ပျိုးထောင်ပြီးနောက် (၄၀-၅၀)ရက်သားတွင် ပြုလုပ်ကြသည်။ ပြောင်းရွေ့မစိုက်မီ (၁၀)ရက်ခန့်အလိုတွင် ငရုတ်ပျိုးပင်၏ အရွက်များအား ဖြတ်ညှပ်တိပေးလျှင် ပြောင်းရွေ့စိုက်ပျိုးသော ပျိုးပင်အား ပို၍လန်းဆန်းရှင်သန် စေပါသည်။ ပျိုးပင်အား ပိုပြီးခံနိုင်ရည်ရှိလာအောင် လုပ်ပေးခြင်းကို ပြောင်းရွေ့မစိုက်မီ ၁ပတ်ခန့်တွင် ပျိုးခင်းအား ရေလောင်းပေးခြင်းကို ထိန်းညှိပေးခြင်းဖြင့် စတင်သင့်သည်။

မျိုးစေ့နှုန်းထား - တစ်ဟက်တာလျှင် ၅၀၀-၆၀၀ဂရမ်နှုန်း

ပင်ကြားတန်းကြား အကွာအဝေး - ၄၅×၃၀စင်တီမီတာ

သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာများ ထည့်သွင်းပေးခြင်း

     ယေဘုယျအားဖြင့် အာဟာရ ထည့်သွင်းပေးမှုသည် မြေခံအဖြစ် မြေတစ်ဟက်တာလျှင် နွားချေးတန် (၂၀)နှင့်အတူ ယူရီးယာား ၉၀ကီလိုဂရမ်၊ တီဆူပါ၁၅၀ကီလိုဂရမ်၊ ဓါတ်ဆား၁၅၀ ကီလိုဂရမ် ဖြစ်ပြီး ယူရီးယား ၆၉ကီလိုဂရမ်ကို ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တို့တွင် နှစ်ကြိမ်ခွဲ၍ ထပ်မံထည့်သွင်းပေးခြင်းတို့ ဖြစ်သည်။

ပိုးမွှားရောဂါများ ကာကွယ်နှိမ်နှင်းခြင်း

ရောဂါများ

ခါးရိရောဂါ(Damping Off)

     ဤရောဂါသည် ပျိုးပင်၏ အပင်ခြေနား( Hypocotyl) တွင်ညိုးနွမ်းခြင်း ဖြစ်ကာပျိုးခင်း အဆင့်တွင် ဆိုးဝါးသော ရောဂါတစ်ခုဖြစ်သည်။ မျိုးစေ့အား သီရမ်၊ကက်တန်၊ အဂရိုစန် (Agrosan) နှင့်ဒိုင်ဖိုလတန် (Difolatan) တို့ကိုမျိုးစေ့ ၁-ကီလိုဂရမ် အတွက်၃ဂရမ်နှုန်းဖြင့် လူးနယ်ကာ စိုက်ပျိုးခြင်းမှာ ဤရောဂါအား ကာကွယ်ရာတွင် ထိရောက်မှုရှိသည်။

မှဲ့ပြောက်စွန်းရောဂါ (Anthracnose)

     ဤရောဂါအား အသီးပုပ်နှင့် ကိုင်းဖြားခြောက် ရောဂါဟုလည်း ခေါ်ဝေါ်ကြသည်။ ရောဂါလက္ခဏာသည် အသီးများ ကြီးထွားလာသောအခါ ဗဟိုတူစက်ဝိုင်းကွက်များ (concentric rings) ဖြစ်ကာ ရေစိုနာကွက်များ အဖြစ်ပေါ်လာသည်။ ရောဂါကျနေသော အမှိုက်သရိုက်များအား မီးရှို့ဖျက်ဆီးပစ်ခြင်း၊ ကက်တန်(သို့) သီရမ်ဖြင့် မျိုးစေ့အား လူးနယ်စိုက်ပျိုးခြင်းနှင့် ဘာဗင်စတင် (Bavistin) ၀.၂%(သို့) ဒိုင်သိမ်းအမ်-၄၅တို့အား ၁၅-ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးခြင်းသည် ထိရောက်မှုရှိသည်။

ရွက်ပြောက်ရောဂါ

     ရောဂါလက္ခဏာမှာ အရွက်ပေါ်နှင့် အရိုးတံပေါ်တွင် ဘဲဥပုံသဏ္ဍန် မီးခိုးရောင်ဗဟို အပြောက်များ ဖြစ်လာသည်။ ဤရောဂါအား ကာကွယ်ရန် ပျိုးပင်အား ဘာဗင်စတင် ၀.၂%တွင် ထည့်၍နှစ်ခြင်း (သို့)ပျိုးပင်အား ပက်ဖျန်းပေးခြင်း တို့ကိုပြုလုပ်သင့်ပါသည်။

ရွက်လိပ် ရွက်တွန့် ဗိုင်းရပ်စ် ရောဂါ(Leaf curl virus)

ဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပေါ်သော ရောဂါဖြစ်ပြီး အရွက်များ တွန့်လိမ်ခြင်း၊ ရွက်ကြောများ ကြားတွင်ရှုံ့တွခြင်း၊ အဖုအဖောင်းများ ဖြစ်ပေါ်ခြင်းနှင့် ရွက်ကြောများ ထူလာခြင်းတို့ဖြစ်သည်။ ကနဦးအဆင့်တွင် ကြားအဖူးများသည် အရွယ်အစား သေးပြီးအစုလိုက် ဖြစ်ပေါ်လာသည်။ ၎င်းသည် ယင်ဖြူကြောင့် ကူးစက်ပျံ့နှံ့သည်။ ကာကွယ်နှိမ်နှင်းရန် နည်းလမ်းများမှာ ရောဂါကျနေသော အပင်များအား ဖယ်ရှားပစ်ခြင်း၊ ယင်ဖြူအား မြေတစ်ဟက်တာလျှင် ဖြူရာဒန် (Furadon) ၁.၅ကီလိုဂရမ် နှုန်းဖြင့်ထည့်ပေးခြင်း၊ ရိုဂေါ(Rogor) (သို့)မီတာစန်တော့ (Metasystox) ၀.၂% ပိုးသတ်ဆေးများကို ၁၅ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးခြင်းတို့ ဖြစ်ပါသည်။

ပိုးမွှားများ

သရစစ်လှေးပိုး(Thrips)

     လောက်ကောင်နှင့် အရွယ်အရောက်ကောင်များသည် အရွက်နုများကို ကျရောက်ပြီး အရွက်လိပ်တွန့်ခြင်းများ ဖြစ်ပေါ်စေကာ အပင်၏အရည်များကို စားသုံးသည်။ ပန်းပွင့်နှင့် အဖူးများကိုလည်း ဖျက်ဆီးသည်။ ရိုဂေါ (Rogor) သို့မဟုတ် မီတာစန်ေ မီတာစန်တော့ (Metasystox) ၀.၂%ကို ၁၅ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးခြင်းဖြင့် ထိရောက်မှုရှိသည်။

ပ်ပိုး( Ahpids)

     အရွက်နု အရွက်ငယ်များကို အများအပြား ဖျက်ဆီးစားသောက်ခြင်းဖြင့် များစွာသော ဆုံးရှုံးမှုကို ဖြစ်စေသည်။ မီတာစန်တော့ (Metasystox) ၀.၂%ကို ၃-၄ကြိမ်ပက်ဖျန်း ခြင်းသည်အကျိုးရှိ ထိရောက်သည်။

မွှားပင့်ကူ (Mites)

     ဤသေးငယ်သော ပင့်ကူအမျိုးအစား ဖျက်ပိုးများသည် အရွက်၏ အောက်ဖက်တွင် ပိုးမျှင်အိမ်များ ဖွဲ့လျက်အများအပြား တွေ့ရသည်။ အင်ဒိုဆာဖန်(၀.၂%) သို့မဟုတ် ရိုဂေါ(၀.၂%) ပက်ဖျန်းပေးခြင်းကို ပြုလုပ်ပါ။

မလိုလားအပ်သော အပင်များအား ထုတ်နုတ်ဖယ်ရှားပေးခြင်း

     မလိုလားအပ်သော အပင်များအား ဖယ်ရှားခြင်းကို သီးတောင့်များအား အခြေခံခြင်းထက် အပင်တစ်ပင်လုံးကို အခြေခံပြီး ပြုမူဆောင်ရွက်သင့်သည်။ မျိုးကွဲအပင်များအား တွေ့တွေ့ချင်း ထုတ်နုတ်ဖယ်ရှား ပစ်သင့်သည်။ အရွက်ကြီးများနှင့် အပင်များကြားတွင် အရွက်ငယ်သော အပင်များကို သိရှိနိုင်သလို အရွက်ငယ်များနှင့် အပင်များကြားတွင် အရွက်ကြီးအပင်များကို သိရှိနိုင်သည်။ ပထမဆုံး အသီးတင်သော အသီးတောင့်များသည် စားသုံးနိုင်သော ရည့်မှည့်မှုကို ရောက်ရှိလာသော အခါမလိုလားအပ်သော အသီးပုံသဏ္ဍာန်နှင့် အပင်များအား ဖယ်နှုတ်ပစ်ရမည်။ ဤသို့ ဆောင်ရွက်ခြင်းမှာ မလိုလားအပ်သော အစေ့များကို ဖယ်ထုတ်ပြီးသလို ပုံမှန်ကပ်လျက် ရှိနေသော အပင်များနှင့် ပင်ခြားဝတ်မှုံ ကူးခြင်းကိုလည်း တားဆီးပေးရာ ရောက်သည်။ အသီးတောင့်များသည် ရင့်မှည့်ချိန် အရောင်များ (အနီရောင်၊ အဝါရောင်)စတင်ပြလာသော အခါတစ်ခါတစ်ရံ အရောင်ကွဲနှင့် အသီးတောင့် အပင်များကိုဖယ်ရှားပစ်ရမည်။ မျိုးကွဲအပင်များအပြင် ရွက်ခြောက်ရောဂါ၊ မှဲ့ပျောက်စွန်းများကို ဖယ်ရှားပစ်ရမည်။ မျိုးကွဲအပင်များအပြင် ရွက်ခြောက်ရောဂါ၊ မှဲ့ပျောက်စွန်း ဗိုင်းရပ်(စ်) ရောဂါကျနေသော အပင်များကို အခင်းမှဖယ်ရှား ပစ်ရမည်။

မျိုးစေ့ထုတ်ယူခြင်း

     အနီရင့်မှည့်ရောင် အချိန်တွင် အသီးတောင့်များအား ခူးဆွတ်ခြင်းသည် မျိုးစေ့အညှောင့်ပေါက် ခက်ခဲမှု အခြေအနေကို ဖြစ်စေသည်။ အစိုမျိုးစေ့ထုတ်ယူခြင်းနှင့် ခြောက်မျိုးစေ့ ထုတ်ယူခြင်းဟူ၍ မျိုးစေ့ထုတ်ယူခြင်း (၂)နည်းရှိသည်။ အစိုမျိုးစေ့ ထုတ်ယူခြင်းကို ခရမ်းချဉ်မှာ ကဲ့သို့ပင် အပုပ်ခံ အချဉ်မဖောက်ပဲ ပြုလုပ်နိုင်သည်။ မျိုးစေ့ကို အသီးတောင့်မှ ရေအဆင့်ဆင့် ဆေးကြောခြင်းဖြင့် ထုတ်ယူနိုင်သည်။ ဆေးကြောပြီးနောက် မျိုးစေ့များအား ဇကာပေါ်တွင် ဖြန့်ကာအရိပ် အောက်တွင်၂-၃ရက်ကြာ အခြောက်ခံရမည်။ အခြောက်မျိုးစေ့ ထုတ်ယူရာတွင် အနံ့စူးရှသော မျိုးများအား မျိုးစေ့မထုတ်ခင် နေရောင်အောက်တွင် အခြောက်ခံရမည်။ သို့သော်လည်း မှတ်သားရမည်မှာ အခြောက်မျိုးစေ့ ထုတ်ယူခြင်းသည် အလုပ်သမားများအတွက် နှစ်သက်စရာ တော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် မျက်စိနှင့် သလိပ်ချွဲ အမြှေးပါး ယားယံခြင်းကို ကြုံတွေ့ရသောကြောင့် ဖြစ်သည်။

မျိုးစေ့အထွက်နှုန်း

     တစ်ဟက်တာလျှင် မျိုးစေ့၁၀၀-၂၀၀ ကီလိုဂရမ်သည် ကျေနပ်လက်ခံစရာ ဖြစ်သည်။ အသီးတောင့် အရေအတွက် အနည်းငယ် အတွက်အသုံးပြု သောလက်သုံးဖြတ်လမ်း နည်းမှာသေးပြီး အနံ့စူးရှသော သီးတောင့်၁ ကီလိုဂရမ်လျှင် မျိုးစေ့၅-၅၀ဂရမ် ထွက်လိမ့်မည်။ အနံ့စူးရှသော မျိုးများအတွက်မျိုးစေ့၁၀၀၀၏ အလေးချိန်မှာ ၃.၅ဂရမ်ဖြစ်ပြီး ငရုတ်ချို/အပွ မျိုးများအတွက် ၅ဂရမ်ဖြစ်သည်။

စိုက်ကွင်းစံချိန်စံညွန်းများ

မျိုးမရောရန် ထားရှိရမည့် အကွာအဝေး -FS -၄၀၀မီတာ (CS-၂၀၀မီတာ)

ကွင်းဆင်း စစ်ဆေးခြင်း အကြိမ်ရေ -၃ကြိမ်

မျိုးစေ့ စံချိန်စံညွန်းများ

အညှောင့်ပေါက်မှု ရာခိုင်နှုန်း -၆၀%

သန့်စင်မှု ရာခိုင်နှုန်း -၆၈%

 ရေးသားပြုစုသူ - ကောင်းမြတ် (၂၀၀၂၊ ရေဆင်း)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်