စပါးမြစ်ဖုရောဂါသည် Meloidogyne graminicola ဟုခေါ်သော နီမတုတ်ကြောင့် ဖြစ်ပွားသည်။ ကမ္ဘာပေါ်ရှိ စပါးစိုက်ပျိုးသည့်နိုင်ငံများတွင် ဆိုးရွားစွာကျရောက်သော ရောဂါတစ်ခုဖြစ်ပြီး အထွက်နှုန်းဆုံးရှုံးမှု ၉၀% အထိရှိပါသည်။ ဤနီမတုတ်မျိုးစိတ်ကို အမေရိက၊ ဘရာဇီးလ်၊ ကိုလမ်ဘီယာ၊ ပြင်သစ်၊ အိန္ဒိယ၊ နီပေါလ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ဂျော်ဂျီယာ၊ လစ်ဗျား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ ဗီယက်နမ်၊ တောင်အာဖရိကနိုင်ငံများတွင်တွေ့ကြောင်း မှတ်တမ်းများအရသိရသည်။
ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ
စပါးမြစ်ဖုနီမတုတ်သည် အမြစ်များအတွင်းသို့ ထိုးဖေါက်ဝင်ရောက်စားသောက်ကာ အဖုများဖြစ်ပေါ်စေသည်။ အမြစ်တစ်ခုမှတစ်ခုသို့လည်း ကူးသန်းပြန့်နှံ့နိုင်သည်။ ဤရောဂါသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရေနက်စပါးခင်းများ၌ ကျရောက်ဖြစ်ပွားကြောင်း မှတ်တမ်းများအရသိရပါသည်။ အခြားသော စပါးစိုက်ပျိုးသည့်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ နီပေါလ်၊ ဖိလစ်ပိုင်၊ လာအိုစသောနိုင်ငံများတွင်လည်း ဖြစ်ပွားကြောင်းသိရသည်။ ရေနက်စပါးတွင်သာမက ဆည်ရေသွင်းစပါး၊ မိုးစိုက်စပါး၊ ယာစပါးတို့တွင်လည်း ကျရောက်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ အပင်ရောဂါဗေဒဋ္ဌာနမှ ပါမောက္ခ ဒေါက်တာဒေါ်ရီရီမြင့်နှင့်အဖွဲ့က ၁၉၈၀ ခုနှစ်တွင် လယ်ဝေးမြို့နယ်အတွင်းရှိ မနော်ဟရီစပါးခင်းတွင် စတင်တွေ့ရှိခဲ့သည်။
ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ
ဤရောဂါကျရောက်လျှင် စပါးပင်မြေပေါ်ပိုင်းတွင် အပင်ပုခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ အနှံထွက်နည်းခြင်းတို့ကို မြင်တွေ့ရသည်။ ရောဂါကျရောက်သည့် စပါးပင်သည် ရှည်ထွက်မလာတော့ဘဲ ရေတက်လာသည်နှင့်အမျှ ရေအောက်သို့ မြုပ်သွားသည်။ မြေအောက်ပိုင်းတွင် အမြစ်များ၏ထိပ်ဖျား၌ စတင်ကွေးလာပြီး လွန်းပုံ၊ ရှည်မျောပုံ၊ ပုတီးစေ့ပုံအဖုများ၊ အလုံးလေးများဖြစ်လာပြီး နောက်ဆုံး၌ အပင်ကြီးထွားမှုရပ်တန့်ကာ အထွက်နှုန်းများစွာလျော့နည်းစေသည်။
စပါးခင်း၌ ရေမသွင်းထားသည့် အခြေအနေတွင် မြစ်ဖုရောဂါ ပိုမိုဖြစ်ပွားကြောင်းတွေ့ရသည်။ စပါးပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်တွင် ရောဂါဖြစ်ပွားလျှင် အနှံထွက်ခါနီးအချိန်နှင့် ပန်းပွင့်ချိန်နောက်ပိုင်းတွင် ရောဂါဖြစ်ပွားခြင်းထက် အထွက်နှုန်းဆုံးရှုံးမှု ပိုများကြောင်း သိရသည်။ ယာစပါးများတွင် မြစ်ဖုနီမတုတ်ရောဂါကျလျှင် အပင်ကြီးထွားမှုလျော့နည်းခြင်း၊ ပင်ပွားနည်းခြင်း၊ စပါးစေ့များတွင်အဆန်မတည်ခြင်း၊ အပင်ညှိုးခြင်း၊ အထွက်နှုန်းလျော့နည်းခြင်းတို့ဖြစ်စေသည်။
ရောဂါ၏ အရေးကြီးမှု
ရောဂါကျစပါးခင်းတွင် အပင် ၄၀ မှ ၅၀% အထိ ရေမြုပ်နေပြီး အပင်များကြုံလှီအားနည်းကာ အထွက်နှုန်း များစွာလျော့နည်းသွားသည်။ အထွက်နှုန်းလျော့နည်းမှုသည် ဘင်္ဂလားဒေ့ရှ်တွင် ၉ မှ၂၀ % အထိ၊ ဗီယက်နမ်နိုင်ငံတွင် ၆၅ % အထိရှိကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ယာစပါးစိုက်ခင်းများ၌ မြစ်ဖုနီမတုတ်ရောဂါကြောင့် အထွက်နှုန်းဆုံးရှုံးမှုသည် ၂၀% မှ ၈၀% အထိရှိသည်ဟု ဖော်ပြထားသည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) ရောဂါဖြစ်ကြောင်းနီမတုတ်၏ ယှဉ်ပြိုင်လက်ခံပင်များ၊ လက်ခံလွှဲပင်များဖြစ်သည့် စပါးခင်ထဲရှိ ပေါင်းပင်၊ မြက်ပင်၊ စပါးရိုးပြတ်များကို မီးရှို့ပါ။
(၂) ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများစိုက်ပျိုးပါ။
(၃) လက်ခံပင်မဟုတ်သောသီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
(၄) ပျိုးခင်ထဲတွင် နီမတုတ်သတ်ဆေး - ကာဘိုဖြူရန်ကို တစ်မီတာပတ်လည်တွင် ဝ.၃ ဂရမ်နှုန်း ထည့်ပေးပါ။
(၅) စိုက်ခင်းတွင် တစ်မီတာပတ်လည်၌ တမာကြိတ်ဖတ် ၁၀၀ ဂရမ် ထည့်သွင်းပေးပါ။
(၆) မြေကြီးကို ပလတ်စတစ်စအကြည်အုပ်ပြီး နေလှန်းခြင်း (သို့မဟုတ်) ကာဘိုဖြူရန် ထည့်သွင်းပေးခြင်းဖြင့် အထွက်နှုန်း ၃၀% တိုးလာသည်ကို မှတ်တမ်းများ၌တွေ့ရပါသည်။
ဒေါက်တာခင်နှင်းယု
ကျမ်းကိုးစာရင်း
• R. K. Jain, M. R. Khan, V. Kumar (2011). Rice root-knot nematode (Meloidogyne graminicola) infestation in rice. Archives of Phytopathology and Plant Protection 45(6):1-11
• "အပင်နီမတုတ်ရောဂါများ" သင်တန်းပို့ချစာစဉ်။ အပင်ရောဂါဗေဒဋ္ဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်