ဂေါ်ဖီထုပ်(မုန်လာထုပ်)မှာ ကျရောက်တဲ့ရောဂါများ

14/10/2020 20:45 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား

    ကမ္ဘာအနှံ့အပြားတွင် ဂေါ်ဖီထုပ်ဟာ အရေးကြီးဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဂေါ်ဖီထုပ်ဟာ အမျိုးအစား (၃) မျိုးရှိပါတယ်။

  • ဂေါ်ဖီထုပ်စိမ်း
  • ခရမ်းရောင်သမ်းသောဂေါ်ဖီထုပ်
  • ရွက်နားတွန့်ဂေါ်ဖီထုပ် တို့ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စီးပွားဖြစ်စိုက်ပျိုးသောမျိုးမှာ အစိမ်းရောင်ရွှေသရဖူမျိုးဖြစ်ပါတယ်။

ကျရောက်သောရောဂါများ

အနက်ပုပ်ရောဂါ

    ပျိုးပင်နှင့် အပင်ကြီးနှစ်မျိုးစလုံးတွင် ကျရောက်တတ်ပါတယ်။ ဂေါ်ဖီထုပ်တွင် အဓိကကျရောက်သောရောဂါဖြစ်ပြီး ပူနွေးသောရာသီဥတုတွင် အရည်အသွေးကောင်းမွန်သောဂေါ်ဖီထုပ်များရရှိဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။

ရောဂါလက္ခဏာ - ဒဏ်ရာများ၊ ရွက်နားရေဝင်ပေါက်များမှတစ်ဆင့် အရွက်များပေါ်တွင် ကျရောက်ဖျက်ဆီးပါတယ်။ ဘတ်တီးရီးယားဟာ ရွက်ကြောများမှတစ်ဆင့် ပင်စည်သို့ရွေ့လျားပြီး အခြားအရွက်များကို ဖျက်ဆီးပါတယ်။ ဘတ်တီးရီးယားဖျက်ဆီးထားသော အရွက်ဟာ ဝါလာပြီးနောက် အညိုရောင်ပြောင်းကာ ၎င်းအရွက်သည် လုံးဝခြောက်သွေ့သွားပါတယ်။ အရွက်တွင် ဗွီပုံစံကိုတွေ့နိုင်ပါတယ်။ အစေ့၏အတွင်းအပြင်နှင့် သီးနှံအ ကြွင်းအကျန်များဟာ ဘတ်တီးရီးယားများကို သယ်ဆောင်ပေးပြီး ​တစ်နှစ်ပြီးတစ်နှစ် မြေကြီးထဲနှင့် ရောဂါကျအရွက်များ​ပေါ်တွင် ရှင်သန်နိုင်ပါတယ်။ ရောဂါဖြစ်နေသော အပင်ဟောင်းများမှ အပင်ငယ်များသို့ ကူးစက်နိုင်ပါတယ်။ 

ကာကွယ်နှိမ်နင်းခြင်း - မျိုးစေ့ကို မစိုက်မီ ရေနွေးစိမ်ပါ။ ပျိုးပေါင်ကို ပိုးသန့်ပါ။ မုန်ညင်း၊မုန်လာများစိုက်ပျိုးခဲ့သော ပျိုးပေါင်များကို အသုံးမပြုရပါ။ စိုက်ခင်းထဲမှ ရောဂါကျအပင်များကို ဖယ်ရှားပါ။ သီးနှံရိတ်သိမ်းပြီးလျှင် အပင်အကြွင်းအကျန်များကို မြေနက်နက်တွင်မြှုပ်ပါ။ ဘတ်တီးရီးယားကိုသယ်ဆောင်တဲ့ ကိုက်စားအင်းဆက်များနှင့် စုပ်စားအင်းဆက်များကိုကာကွယ်ပါ။

ရိုင်ဇိုတိုးနီးယားရောဂါ

    အပင်ကြီးထွားမှုအဆင့်တိုင်းကို ဖျက်ဆီးတတ်ပါတယ်။ 

ရောဂါလက္ခဏာ - ပျိုးပင်ငယ်များတွင် ပင်​ခြေပုပ်ရောဂါဖြစ်စေပါတယ်။ အပင်၏ကြီးထွားမှုကို ရပ်တန့်ပြီး မြေပြင်ညီရှိ တစ်ရှူးများကို သေစေနိုင်ပါတယ်။ ပင်စည်နှင့် အမြစ်များပုပ်သွားပြီး အရွက်အရောင်ဟာ ခရမ်းနီရောင်ပြောင်းသွားပါတယ်။ အေးပြီးစိုစွတ်ပါက ၎င်းရောဂါဖြစ်စေပါတယ်။ လေသယ်ဆောင်သော မှိုစပိုးများဖြင့် ပျံနှံ့ပါတယ်။

ကာကွယ်နှိမ်နင်းခြင်း - ပျိုးပေါင်အား ပိုးသန့်ပေးပါ။ ပျိုးဘောင်ပေါ်ရှိ ဒဏ်ရာရပင်စည်များကို ဓာတုဆေးတစ်မျိုးဖြင့် အပင်ခြေ၌ စိုရွဲအောင်ဖျန်းပေးပါ။ ၄ နှစ်တစ်ကြိမ် သီးနှံစိုက်စနစ်ကိုသုံးပါ။ 

အမြစ်တင်းပုတ်ရောဂါ

    မုန်ညင်း၊ မုန်လာသီးနှံများမှာ ဆိုးရွားတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

ရောဂါလက္ခဏာ - အပင်ရေသောက်မြစ်ဟာ စတင်ဖောင်းကားပြီး ၎င်းမှတစ်ဆင့် အမြစ်နှင့် မြေအောက်ပင်စည်အစိတ်အပိုင်းများ ဖောင်းကားလာပါတယ်။ အမြစ်ရဲ့အလယ်ပိုင်းတွင်ထူပြီး အဖျားပိုင်းများရှူးကာ ရစ်ဘီးပုံဖြစ်လာပါတယ်။ ရောဂါကျအမြစ်များဟာ မရိတ်သိမ်းမီမှာပင် ဆွေးမြေ့ပျက်စီးသွားပါတယ်။ မြေအစိုဓာတ်များခြင်းနှင့် အချဉ်ပေါက်နေခြင်း အပူချိန် ၁၈.၅ နှင့် ၂၅.၅ ဒီဂရီစင်တီဂရိတ်အတွင်းရှိပါက ရောဂါကျရောက်စေပါ တယ်။ ၎င်းရောဂါဟာ ရောဂါကျပျိုးပင်များ၊ လေနှင့်အတူပါလာသော မြေမှုန်များ၊ မသန့်ရှင်းသော လယ်ယာသုံးစက်ကိရိယာများမှတစ်ဆင့် ပျံ့နှံ့ပါတယ်။ 

ကာကွယ်နှိမ်နင်းခြင်း - ရောဂါကင်းပျိုးပင်များကို စိုက်ပျိုးပါ။ တစ်နေရာထဲတွင် မုန်ညင်းမုန်လာမျိုးများအား ၃-၄ နှစ်မစိုက်ဘဲ သီးနှံလွှဲ၍စိုက်ပါ။ ရောဂါအနည်းအကျဉ်းကျရောက်နေသောမြေကို ထုံးထည့်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရွေ့စိုက်ချိန်တွင် အမြစ်ကျင်းတူးပြီး မှိုသတ်ဆေးထည့်ပေးပါ။ 

မုန်လာမိုစေ့ဗိုင်းရပ်စ် သို့မဟုတ် စက်ဝိုင်းပြောက်ဗိုင်းရပ်ရောဂါ

    ၎င်းရောဂါဟာ မျိုးစေ့နှင့် အစိမ်းရောင် မက်မွန်သီးပျများမှ ကူးစက်ခြင်းဖြစ်ပါတယ်။ 

ရောဂါလက္ခဏာ - အရွက်ငယ်များပေါ်တွင် စက်ဝိုင်းပုံ အဝါရောင်အပြောက်စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အစိမ်းဖျော့ အစိမ်းရင့်စက်ဝိုင်းပုံများ အစွန်းကွက်များဖြင့် ရောင်မညီကွက်ကျားများ ဖြစ်ပေါ်လာပါတယ်။ အပူချိန်မြင့်သောအခါတွင် ပိုမိုထင်ရှားပြီး အပူချိန်နိမ့်သောအခါ အပြင်ရွက်များ၌ အနက်ရောင်စက်ဝိုင်းပြောက်များကို ထင်ရှားစွာတွေ့မြင်ရပါ တယ်။ ၎င်းရောဂါဟာ ရောဂါကျရောက်နေ​သောအပင်များ ပေါင်းပင်များကို ပျများကျရောက်ရာမှ ကျန်းမာသောအပင်များကို ရောဂါပျံ့နှံ့ကူးစက်ခြင်း ဖြစ်ပါတယ်။ 

ကာကွယ်နှိမ်နင်းခြင်း - ရောဂါကင်းမျိုးများကို စိုက်ပျိုးပါ။ ရောဂါကျအပင်များနှင့် ဝေးသောနေရာများတွင် ပျိုးပင်များကို ထုတ်လုပ်ပါ။ ရောဂါကျသီးနှံပင်များ၊ အပင်အကြွင်းအကျန်များအနီး၌ စိုက်ပျိုးခြင်းကိုမပြုရန်။

စလာရိုတီးနီးယားရေနာရောဂါ (Sclerotinia)

    ၎င်းရောဂါဟာ ဂေါ်ဖီထုပ်ပင်များ ကြီးရင့်လာလေလေ ဆုံးရှုံးမှုများလေလေဖြစ်ပါတယ်။

ရောဂါလက္ခဏာများ - အညိုဖျော့ရောင် ရေနာကွက်သည် လျင်မြန်စွာပြန့်ပွားပြီး ကြီးထွားလာပါတယ်။ စိုစွတ်သောအခြေအနေတွ င်ရေနာကွက်ဟာ အဖြူရောင်မှိုမျှင်များဖုံးအုပ်ပြီး ၎င်းအတွင်း၌ အစေ့နှင့်သဏ္ဍန်တူသော ပုံမမှန်အစိတ်အပိုင်းများကို တွေ့ရပါတယ်။ ၎င်းတို့ဟာ စခရိုးရှားဟုခေါ်သော မှိုအိမ်များဖြစ်ပါတယ်။ ၎င်းဟာ မြေထဲတွင်နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပါတယ်။ ၎င်းရောဂါဟာ ဟင်းသီးဟင်းရွက်များနှင့် အခြားပင်များကိုပါ ကျယ်ပြန့်စွာ ဖျက်ဆီးနိုင်ပါတယ်။

ကာကွယ်နှိမ်နင်းခြင်း -ရောဂါကျရောက်နေသော အပင်များကို ဖယ်ရှားခြင်းဖြင့် ၎င်းမှိုရောဂါပျံ့ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။ မြေကြီး၌ ရောဂါဝင်ရောက်မှုများ အေးမြစိုစွတ်နေပါက ၁၄ ရက်တစ်ကြိမ် ဆေးဖျန်းပေးပါ။

    ဗိုင်းရပ်စ်သယ်ဆောင်သော မုန်ညင်းမုန်လာပေါင်းပင်များကို ဖယ်ရှားပေးပါ။ ပုံမှန်ပိုးသတ်ဆေးဖျန်းခြင်းအားဖြင့် ပျစိမ်းအရေအတွက်တိုးပွားခြင်းကို ကာကွယ်နိုင်ပြီး ဗိုင်းရပ်စ်ပျံ့ပွားမှုကို လျော့နည်းစေပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်