ကူညီဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်

22/01/2018 14:44 PM တွင် Myanmar Now Myanmar Now မှ ရေးသား

ရွာငံမြို့ လိမ္မော်စိုက်တောင်သူတို့ အရင်းအနှီး၊ မျိုးစေ့၊ နည်းပညာ အကူအညီ လိုအပ်နေသည်။ ရှမ်းပြည်နယ်၊ ရွာငံမြို့ရှိ လိမ္မော်ခြံ လုပ်ငန်းတိုးတက်ရေးမှာ အရင်းအနှီး၊ မျိုးစေ့၊ နည်းပညာဆိုင်ရာ အကူအညီများ ရရှိမှုအပေါ် မူတည်နေသည်ဟုဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန အရာရှိများက မကြာသေးမီကပြောသည်။

ပြည်တွင်းပြည်ပ အကူအညီပေးရေး အဖွဲ့များ၏ ဦးစားပေးမှုသည် လက်ဖက်၊ ကော်ဖီ ကဲ့သို့သော သီးနှံစိုက်သူတို့ထံ သွားနေသည်ဟု ရွာငံမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးသန့်ကပြောသည်။

“တခြားသီးနှံတွေလောက် လိမ္မော်သီးနှံအပေါ်မှာ စိတ်ဝင်စားမှုမရှိဘူး။ ဒါကလည်း ပြည်ပပို့ကုန် မဟုတ်လို့ ဖြစ်မယ်ထင်တယ်။ လိမ္မော်သီးနှံနဲ့ ပတ်သက်ပြီးတော့ အကူအညီ၊ အထောက်အပံ့တွေ အများကြီး လိုအပ်နေသေးပါတယ်”ဟု ဦးစီးမှူးကဆိုသည်။

လိမ္မော်နှင့် ပတ်သက်၍ သင်တန်း သီးသန့် မပြုလုပ်နိုင်သေးသော ၎င်းတို့၏ ဌာနအနေဖြင့်ကျေးရွာများသို့ သွားရောက်ဆွေးနွေးသည့်အခါ လိမ္မော်စိုက်ပျိုးမှုအကြောင်းကို ထည့်သွင်းပြောကြားဖြစ်သည်ဟု ၎င်းက ဆိုသည်။

သင်တန်း၊ ဆွေးနွေးပွဲတို့ကိုကျေးရွာများသို့ ၃ လ တစ်ကြိမ် သွားရောက် ပြုလုပ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာ ဆိုပါက ၆ လ တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

သွားရောက် ဆွေးနွေးသည့် အကြောင်းအရာများတွင် လိမ္မော်ပင်အိုပင်ဟောင်း ထိန်းသိမ်းနည်း၊ ပိုးသတ်ဆေးကိုင်တွယ် အသုံးပြုနည်း၊ မြေသြဇာသုံးစွဲနည်း၊ ရောဂါပိုး ထိန်းသိမ်းနည်းတို့ ပါဝင်သည်ဟု သိရသည်။

“လိမ္မော်တွေက နှစ်ရှည်သီးနှံပင်တွေ ဖြစ်တဲ့အတွက် မျိုးမှားလို့လည်း မဖြစ်ဘူး။ ရောဂါဒဏ် ခံနိုင်တဲ့မျိုး၊ ပိုးမွှားဒဏ် ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ဂရုစိုက်ပြီးရွေးချယ်သင့်ပါတယ်။ မျိုးမှား၊ ရွေးချယ်မှု မှားသွားတယ်ဆိုရင် တောင်သူတွေအတွက် အချိန်ကုန်၊ ငွေကုန်၊ လူပန်းပါတယ်။ တောင်သူတွေကိုရောဂါဒဏ်ခံနိုင်တဲ့မျိုး၊ စားသုံးသူ ကြိုက်နှစ်သက်တဲ့ မျိုးတွေကိုထောက်ပံ့နိုင်ဖို့အတွက် လိုအပ်နေပါသေးတယ်”ဟု ဦးစီးမှူးကပြောသည်။

စျေးကွက်

စိုက်ပျိုးရေး ဦးစီးဌာန၏ သင်တန်းဆင်းများထဲတွင် မြစေတီကျေးရွာမှ ဦးမောင်မွှေးလည်းပါဝင်သည်။

“စိုက်ပျိုးရေး ဦးစီးဌာန ပို့ချပေးတဲ့ သင်တန်းတွေ ဆွေးနွေးပွဲတွေက ကျွန်တော်တို့လို လိမ္မော်စိုက်ပျိုးသူတွေအတွက် အကျိုးရှိပါတယ်။ ဒါပေမဲ့ သူတို့သင်ကြားပေးသမျှကို ကျွန်တော်တို့ အကုန်မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အရင်းအနှီး လုံလုံလောက်လောက် မရှိလို့ပါ။ နောက်ပြီး ကျွန်တော်တို့က ဒီသီးနှံတစ်မျိုးတည်းကိုပဲ စိုက်ပျိုးနေတာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ဒီသီးနှံကိုပဲ တစ်ချိန်လုံးအချိန် မပေးနိုင်ပါဘူး”ဟု ၎င်းကပြောသည်။

လိမ္မော်သီးနှံ အရင်းအနှီး များပြားရခြင်းမှာ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာ၊ ရွက်ဖျန်းပိုးသတ်ဆေးမျိုးစုံ အသုံးပြုနေရခြင်းကြောင့် ဖြစ်ကြောင်း ရွာငံမြို့ လိမ္မော်စိုက်ပျိုးရေးအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။

“လုပ်ကွက်ငယ် သမားတွေကျတော့ ဗဟုသုတကလည်းနည်း၊ အရင်းအနှီးကလည်းနည်းတော့ အမြတ်အစွန်း သိပ်မရှိဘူးပေါ့။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေကိုစျေးနှုန်း သက်သက်သာသာနဲ့ တင်သွင်းရောင်းချသင့်ပါတယ်။ ဒါမှ စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အမြတ်ပို ကျန်နိုင်ပါတယ်”ဟု ဦးခင်မောင်ဇော်က ဆိုသည်။

အလုပ်သမား အများအပြား ငှားရမ်းထားသော ဦးခင်မောင်ဇော်သည် ရေဦးကျောက်မြောင်းကျေးရွာရှိ ၁၈ ဧက ခြံတွင် လိမ္မော်ပင်ပေါင်း ၅,ဝဝဝ ကျော် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။
လူဦးရေ ရှစ်သောင်းကျော်နေထိုင်လျက်ရှိသော ရွာငံတွင် လိမ္မော်စိုက်ပျိုးမြေဧက ၃,ဝဝဝ ကျော် ရှိပြီး ဆွတ်ခူးရိတ်သိမ်း ဧရိယာ ၂,၁၄၈ ဧကရှိခဲ့ကြောင်း၊ တစ်ဧက ပျမ်းမျှအထွက်နှုန်း ၁ဝ,၉၈၅ ပိဿာ ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

ရွာငံလိမ္မော်သည် ရန်ကုန်၊ နေပြည်တော်၊ အောင်ပန်းစျေးကွက်သို့ အဓိက စီးဆင်းနေသည်။

ရွာငံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအုန်းမြင့်က ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ဆောင်ရွက်သင့်သည်မှာ တောင်သူတို့အတွက် နည်းပညာ၊ အရည်အသွေးကောင်းမွန်သည့် မျိုးစေ့များထောက်ပံ့ရေး ဖြစ်သည်ဟုဆိုသည်။

“နိုင်ငံတကာ အရည်အသွေး၊ စံချိန် စံညွှန်းနဲ့ကိုက်ညီမှ ပြည်ပကို တင်ပို့လို့ ရမှာပါ။ လိမ္မော်စိုက် တောင်သူတွေအနေနဲ့ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ ကိုယ့်ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးစေ့မျိုးကို အဓိက စိုက်သင့်ပါတယ်”ဟု ဒုတိယ ဦးစီးမှူးက ဆိုသည်။

"ဓာတုဆေးဝါးတွေကို အဓိက သုံးစွဲခြင်းထက် သဘာဝနည်းအတိုင်းလည်း ဂရုစိုက် သင့်ပါတယ်။ ဓာတ်မြေသြဇာထက် သဘာဝမြေသြဇာ၊ နွားချေးတွေကို ပိုအသုံးပြုသင့်ပါတယ်"

တန်ဖိုးမြင့်ထုတ်ကုန်

မြစေတီကျေးရွာတွင် လိမ္မော် တစ်ဧကခွဲကျော် စိုက်ပျိုးနေသည့် ဦးဇော်လင်းထက်ကလည်း အစိုးရ၏ ကူညီမှုကိုမျှော်လင့်နေသည်။

စျေးကွက် လိုအပ်ချက်ပေါ် မူတည်၍ လိမ္မော်စျေးနှုန်း အတက်အကျ ရှိကြောင်း၊ လိမ္မော်ကို ပြည်တွင်းသာမက ပြည်ပစျေးကွက်သို့လည်း တင်ပို့ရောင်းချနိုင်ရန် နိုင်ငံတော်အနေဖြင့် အကူအညီပေးသင့်ကြောင်း ဦးဇော်လင်းထက်ကပြောသည်။

လိမ္မော်သီးကို အလုံးလိုက် တင်ပို့ရောင်းချခြင်းအပြင်၊ ဖျော်ရည်ပြုလုပ်ခြင်း ကဲ့သို့သော တန်ဖိုးမြင့် ထုတ်ကုန် ဖြစ်လာလျှင် ပို၍ အကျိုးအမြတ်ရှိမည် ဖြစ်ကြောင်း၊ တောင်သူများ၊ အစုအဖွဲ့များကို တန်ဖိုးမြင့်ထုတ်ကုန် သင်တန်းပေးသင့်ကြောင်း ၎င်းက ဆိုသည်။

လုပ်ငန်းရှင်တို့အနေဖြင့် စက်ရုံ အလုပ်ရုံများ တည်ထောင်ကာ ရင်းနှီးမြုပ်နှံသင့်ကြောင်း၊ လိမ္မော်ဖျော်ရည် ထုတ်လုပ်ရေး စက်ရုံများပေါ်ပေါက်လာပါက စျေးကွက်ပုံမှန် လိုအပ်ချက်ရှိလာပြီး စျေးငြိမ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“စျေးကွက်ထဲမှာ လိမ္မော်သီးတွေ ပုံနေလို့ စိုက်ပြီးသား လိမ္မော်သီးတွေကို မတင်ပို့လိုက်ရတဲ့ နှစ်တွေရှိတယ်။ အဲ့ဒီလိုအချိန်တွေကျတော့ ကျွန်တော်တို့က လိမ္မော်ပုပ်မယ့်အချိန်ကို ထိုင်ကြည့်နေရသလို ဖြစ်တာပေါ့။ ပုပ်တာကို မကြည့်ချင်ဘူး၊ စျေးကွက်ထဲ ပို့မယ်ဆိုရင်လည်း မမြတ်တဲ့အပြင် သယ်ယူစရိတ်က ကိုယ်အိတ်ထဲက ပြန်စိုက်ရမယ့် သဘောရှိတယ်" ဟုဦးဇော်လင်းထက်က ဆိုသည်။

"ဖျော်ရည်စက်ရုံတွေ ပြည်တွင်းမှာသာ ရှိမယ်ဆိုရင် စျေးကွက်မှာ အသီးတွေ ပုံနေရင် ကျွန်တော်တို့က အဲ့ဒီစက်ရုံံတွေကို အသီးတွေ ပို့လို့ရတယ်”

ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် လိမ္မော်စိုက်ပျိုးမှုနှင့် ပတ်သက်၍ အော်ဂဲနစ် လက်မှတ်ရရှိအောင် ပြုလုပ်သင့်ပြီဖြစ်ကြောင်း ၎င်းက ယူဆသည်။

သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ လိုအပ်သော လိမ္မော်ပင်သည် တခြားသီးနှံများထက် ရောဂါကျရောက်မှု များခြင်းကြောင့် ရွက်ဖျန်းမြေသြဇာ၊ ရွက်ဖျန်းပိုးသတ်ဆေး၊ ရွက်ဖျန်းမှိုသတ်ဆေးတို့ကို ပိုမိုအသုံးပြုကြရသည်။ ဓာတုဆေးသုံးစွဲမှု များပြားခြင်းကြောင့် ပြည်ပပို့သည့်အခါ အခက်တွေ့နိုင်ကြောင်းလေ့လာမှု အားကောင်းသည့် တောင်သူများက သဘောပေါက်နေသည်။

“နိုင်ငံတကာစျေးကွက်ကို တင်ပို့ရောင်းချချင်တယ်ဆို အဓိကကတော့ ပိုးသတ်ဆေးတွေ မသုံးဘဲ သဘာဝစိုက်ပျိုးနည်းအတိုင်း စိုက်ပျိုးသင့်တယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ ပိုးသတ်ဆေးတွေ အသုံးပြုထားရင် ဘယ်လောက်ပဲ ဟိုဘက်ကိုပို့ပို့၊ ဟိုဘက်က ဓာတ်ခွဲကြည့်လိုက်လို့ ဓာတ်ကြွင်းကျန်ရင် ပြန်ပို့ခံရမှာပဲ။ အရင်ဆုံး စိုက်ပျိုးမှုစနစ်ကိုပြောင်းလဲဖို့ လိုပါတယ်”ဟု မြိုင်ကျေးရွာမှ တောင်သူဦးမျိုးဝင်းဦးကဆိုသည်။

စိုက်ပျိုးရေး လုပ်ကိုင်သူများ အနေဖြင့် မိမိ ကုန်ပစ္စည်းကို ပြည်ပစျေးကွက်သို့ တင်ပို့ခြင်း မပြုနိုင်ပါက ပြည်တွင်းစျေးကွက်ကိုသာ အားကိုးနေရမည် ဖြစ်ကြောင်း မြိုင်ကျေးရွာမှတောင်သူ ဦးမျိုးဝင်းဦးကဆိုသည်။

“တောင်သူတွေက သီးနှံတစ်ခုကို စိုက်ပျိုးပြီးရင် ပြီးပြီးရောဆိုပြီး ပစ်မထားသင့်ဘူး။ ကိုယ့်သီးနှံ အထွက်နှုန်းကောင်းအောင်၊ အရည်အသွေးကောင်းအောင် ဂရုတစိုက် လုပ်ကိုင်သင့်တယ်”ဟု ဦးမျိုးဝင်းဦးကပြောလိုက်သည်။

အိချယ်ရီအောင်/Myanmar Now


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်