သီးနှံအန္တရာယ်ကင်းရှင်းရေး

12/06/2018 10:32 AM တွင် internews internews မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

အဆိပ်ငွေ့မှိုင်းတိုက်ခြင်း

အဆိပ်ငွေ့မှိုင်းတိုက်ခြင်းဆိုတာကတော့ သိုလှောင်ပစ္စည်းများအတွင်း ထိုးဖောက်ဝင်ရောက်မှုကောင်းပြီး အဆိပ် ငွေ့ထွက်နိုင်တဲ့ ဓာတုဆေးပစ္စည်းတွေကို အသုံးပြုခြင်းအားဖြင့် အင်းဆက်ပိုးတွေရဲ့ အသက်ရှူစနစ်ကို ထိခိုက်၍ အဆိပ်သင့်ကာ သေစေခြင်းဖြစ်ပါတယ်။

အဆိပ်ငွေ့မှိုင်းတိုက်ရာမှာ လုံခြုံစိတ်ချရေးအတွက် သိထားသင့်တဲ့ အချက်တွေ....

၁။ အဆိပ်ငွေ့မှိုင်းတိုက်ဆေးရဲ့ အညွှန်းစာကို သေချာစွာဖတ်ပြီး ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာပါ။

၂။ အဆိပ်ငွေ့မှိုင်းတိုက်ခြင်းလုပ်ငန်းကို တစ်ဦးတည်းဆောင်ရွက်ခြင်း မပြုရပါ။

၃။ တရားဝင်လုပ်ကိုင်ခွင့် ရရှိပြီးသူတွေသာ လုပ်ဆောင်ရပါမယ်။

၄။ အကယ်၍ ဖော့စဖင်း (phosphine) ဆေးပြားဖြင့် ဆောင်ရွက်စဉ်မှာ ဆေးပြားအား ရေနဲ့လုံးဝ မထိတွေ့ရ။

၅။ လုပ်ငန်းဆောင်ရွက်ထားစဉ် အချိန်အတွင်း “အန္တရာယ်ရှိသည်” ဆိုင်းဘုတ် မဖြစ်မနေကပ်ထားပါ။

၆။ အရေးပေါ်အန္တရာယ်အတွက် လုပ်ငန်းဆောင်ရွက်သူ ဝန်ထမ်းအားလုံးဟာ အဆိပ်ငွေ့မှိုင်းတိုက်ဆေးတွေရဲ့ အသေးစိတ် အကြောင်းအချက်အလက်များကို သိရှိနားလည်နေရပါမယ်။ (ဥပမာ - ဖော့စဖင်းဆေးကို လေမဲ့အ ဆိပ်ငွေ့ မှိုင်းတိုက်ရန်အတွက် မသုံးရ)

၇။ အဆိပ်ငွေ့မှိုင်းတိုက်ထားသော ကုန်ပစ္စည်းတွေကို စားသုံးသူထံမပို့မီ အနည်းဆုံး (၄၈) နာရီကြာ လေသလပ် ထားရပါမယ်။ လေသလပ်ခံခြင်းမဆုံးမီ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ခြင်းလုံးဝ မပြုလုပ်ရပါ။

၈။ လေလုံသော အခြေအနေရှိမှသာ အဆိပ်ငွေ့မှိုင်းတိုက်ခြင်းလုပ်ငန်း အောင်မြင်နိုင်မှာဖြစ်ပါတယ်။ (ဥပမာ - လေလုံသော အိတ်များအတွင်း ဆေးပြားများထည့်ခြင်းဟာ လုပ်ငန်းအောင်မြင်မှု မရရှိရုံသာမက လူနဲ့ပတ်ဝန်း ကျင်ကိုပါ အန္တရာယ် ဖြစ်စေနိုင်ပါတယ်)

၉။ အဆိပ်ငွေ့မှိုင်းတိုက်ခြင်း လုပ်ငန်းသုံးလေစစ်တွေဟာ အဆိပ်ငွေ့မှိုင်းတိုက်ဆေးရဲ့ အမျိုးအစားကိုလိုက်ပြီး ပြောင်းလဲ အသုံးပြုနိုင်တာကို သိရှိထားရပါမယ်။ (ဥပမာ - ဖော့စဖင်းဓာတ်ငွေ့ ကာကွယ်ရန်အတွက် အသုံးပြု သောလေစစ်ဟာ မီသိုင်းဘရိုမိုဒ်ဓာတ်ငွေ့အား လုံးဝကာကွယ်နိုင်မှာ မဟုတ်ပါ)

သက်ဆိုင်ရာဌာနများက သတ်မှတ်ချက်ထားသော ပိုးသတ်ဆေး (သို့) အဆိပ်ငွေ့အသုံးပြုခြင်း ပမာဏများ အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခြင်း (သို့) အလွန်အကျွံအသုံးပြုမိပါက ကျန်းမာရေးအရ ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။

စိုက်ပျိုးသီးနှံတွေ ကျန်းမာသန်စွမ်းဖို့၊ ဘေးအန္တရာယ်ကင်းရှင်းဖို့ဆိုတာ သီးနှံပြင်ဆင်တဲ့အချိန်နဲ့ သီးနှံသိုလှောင် တဲ့ အချိန်တွေကလည်း အဓိကကျပါတယ်။

သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အဆိပ်ငွေ့များကို သတ်မှတ် ပမာဏထက် ကျော်လွန်မသုံးမိပါစေနဲ့။ ထိုသို့ သုံးစွဲမိပါက ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဓာတ်မ တည့်ရောဂါဖြစ်ခြင်းမှ စတင်ကာ ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ချေရှိပါတယ်။

ဆေးဖြင့်လူးနယ်ခြင်း

ဆေးဖြင့်လူးနယ်ရာမှာ စိုက်ပျိုးရန်မျိုးအဖြစ် သတ်မှတ်ထားတဲ့ အစေ့အဆန်တွေမှာ သုံးစွဲရာမှာ အရေးမကြီးပေ မယ့်လည်း ရောင်းဝယ်ဖောက်ကားစားသုံးမယ့် အစေ့အဆန်တွေကိုမူ အထူးဂရုပြုသုံးစွဲဖို့ လိုအပ်ပါတယ်။ အောက်တွင် ဖော်ပြထားသော ပိုးသတ်ဆေးနဲ့ သိုလှောင်သီးနှံတွေကို လူးနယ်၍ရကြောင်း ပိုးသတ်ဆေးရဲ့ အညွှန်းဖော်ပြထားသော ဆေးများမှအပ အခြားဆေးတွေနဲ့ လူးနယ်ခြင်းလုံးဝမပြုလုပ်သင့်ပါ။

ဆေးဖြင့်လူးနယ်ခြင်းနည်းလမ်းအတွက် ထောက်ခံထားသောဆေးများမှာ ......

၁။ အက်တဲလစ် (Actellic 2% dust)

၂။ ကေ-အိုဘိအို (K-Obi 2D.P)

၃။ ဆူမီသိုင်ယွန် (Sumithion 2% dust)

အာဟာရဓာတ်ကြွယ်ပြီး ကျန်းမာသန်စွမ်းဖို့ဆိုတာ စိုက်ပျိုးသီးနှံ ကျန်းမာသန်စွမ်းရေးအတွက် သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံတွေဖြစ်ဖို့ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။

မီးခိုးမှိုင်းတိုက်ခြင်း

မီးခိုးမှိုင်းတိုက်ခြင်းဟာ သိုလှောင်ရုံအတွင်း ပျံသန်းနေတဲ့ပိုးမွှားတွေ ဆေးရည်ပက်ဖျန်း၍မရောက်နိုင်သော အကြိုအကြားများ အခင်းများမှာခိုအောင်နေတဲ့ ပိုးမွှားတွေကိုသုတ်သင်ဖို့ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သီးနှံအိတ် အပုံများကြား မှုတ်သွင်းပေးခြင်းဖြင့်လည်း အိတ်အကြိုအကြားတွေမှာ ခိုအောင်းနေတဲ့ပိုးတွေကို သေစေနိုင်ပါ တယ်။

သို့သော်လည်း သီးနှံအိတ်အတွင်း အစေ့အဆန်တွေကြာထဲမှာ ခိုအောင်းနေတဲ့ ပိုးမွှားလောက်ကောင်နဲ့ ဥတို့ကို လုံးဝ သေစေနိုင်ခြင်းမရှိပါ။

မီးခိုးမှိုင်းတိုက်ခြင်းကို အဆိပ်ငွေ့မှိုင်းမတိုက်မီ တစ်ရက်အကြိုတင်ကာ ညနေခင်းမှာ ပြုလုပ်သင့်ပါတယ်။ သိုလှောင်ရုံအတွင်းမှာ လျှပ်စစ်မီးရရှိပါက မှောင်စပျိုးချိန်မီးဖွင့်ပြီး တစ်နာရီခန့်အကြာမှာ မီးခိုးမှိုင်းတိုက်သင့်ပါ တယ်။

မီးခိုးမှိုင်းတိုက်ဖို့အတွက် မီးခိုးမှိုင်းတိုက်စက် လိုအပ်ပါတယ်။ အသုံးပြုရမယ့်ဆေးမှာ ထိတွေ့အာနိသင်ကောင်း သော အီးစီးဆေးရည် (ဥပမာ - ဆူမီဆီဒင်၊ ထရီဘွန်း၊ ဒီစစ် တစ်မျိုးမျိုးသော်လည်းကောင်း Fogging formulation ဆေးတစ်မျိုး မျိုးသော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံမှာ ဆေးပြင်းအား ၅ % ရရှိဖို့ ဒီဆယ်ဆီဖြင့် ရောစပ်အသုံးပြုရပါတယ်)

ကိုးကား - Internews နှင့် စိုက်မွေးဝန်ကြီးဌာန 

ပိုစတာရယူရန် - http://bit.ly/2mSj2Kw

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်