သီးနှံသိုလှောင်ရုံတွေမှာ ဖျတ်ပိုးတွေမကျရောက်အောင် ဆောင်ရွက်ရတဲ့ သီးနှံကာကွယ်ရေးလုပ် ငန်းတစ်ခုဖြစ်တဲ့ အဆိပ်ငွေ့မှိုင်းတိုက်သည့်လုပ်ငန်းမှာ ဘေးအန္တရယ် ပိုမိုကင်းရှင်းတဲ့ အစားထိုးပစ္စည်းတွေ သုံးစွဲနိုင်အောင် ဆွေးနွေးတာဖြစ်တယ်လို့ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက Green Way ကို ပြောပါတယ်။ ဒီဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့က သီးနှံကာကွယ်ရေးဌာနခွဲရုံးမှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
တတ်နိုင်သလောက် ဒီလို အဆိပ်ငွေ့မှိုင်းတိုက်လုပ်ရတဲ့အခြေအနေ မရောက်အောင် ဘာတွေလုပ်ကြမလဲ၊ ဘာလုပ်ကြမလဲ၊ ဘာတွေလုပ်သင့်လဲဆိုတာကို အဓိကထား ဆွေးနွေးတာပါ
လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။
သိုလှောင်သီးနှံ အင်းဆက်ဖျက်ပိုးများသည် သိုလှောင်သီးနှံများ၏ အလေးချိန်၊ အရည်အသွေး၊ ဈေးကွက်တန်ဖိုးနှင့် မျိုးစေ့၏ ရှင်သန်နိုင်မှုကို လျော့ကျစေတယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားပါတယ်။ သိုလှောင်သီးနှံဖျက်ပိုးတွေကြောင့် သိုလှောင်ထားတဲ့သီးနှံတွေရဲ့ ဆယ်ရာခိုင်နှုန်းမှ လေးဆယ်ရာခိုင်နှုန်းအထိ ဆုံးရှုံးလေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းပါက တစ်ရာရာခိုင်နှုန်းအထိ ပျက်စီးနိုင်တဲ့အတွက် သီးနှံများကို ကောင်းမွန်စွာသိုလှောင်ထားနိုင်မယ့် အစိုဓာတ်ရာခိုင်နှုန်းရောက်ရှိအောင် ခြောက်ခံထားဖို့လိုအပ်တယ်လို့ သိုလှောင်သီးနှံဖျက်ပိုးကျွမ်းကျင်သူ၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာ ကိုကို ကပြောပါတယ်။
စပါးမှာ ကျွန်တော်တို့က တံစဉ်လွတ်တယ်ဆိုတာရှားတယ်။ Postharvest မှာကျွန်တော်တို့က စပါးကို ဂိုဒေါင်ထဲမှာ စနစ်တကျမသိုလှောင်ထားရင် သူက အကုန်လုံး တစ်ရာရာခိုင်နှုန်းလောက်ဆုံးရှုံးသွားနိုင်ပါတယ်။ အဓိက အင်းဆက်ကြောင့်လည်းဖြစ်နိုင်တယ်။ နောက် မှိုတွေပေါ့၊ ကြားဖူးမှာပါ ပင်နယ်စလီယံဆိုတဲ့ မှို ရှိတယ်။ အက်စ်ပါးဂျီးလတ်ဆိုတဲ့ မှို ရှိတယ်။ အဲ့မှို ၂ မျိုးဖျက်ဆီးလိုက်တာ၊ နောက် မွှားတွေပေါ့၊ အဲ့မွှားတွေက ဖျက်ဆီးသွားတာ၊ အဲ့ဖျက်ဆီးတဲ့ အကြောင်းအရင်းက အဓိက ကျွန်တော်တို့က အမြဲတမ်းပဲ သင်တန်းမှာ တောင်သူတွေဖြစ်ဖြစ်၊ ဆန်ကုန်သည်ကြီး များအသင်းဖြစ်ဖြစ် အဓိကအသိပေးတာကတော့ အဲ့တစ်ချက်လုပ်လိုက်ရင်ပြီးပြီ၊ အခု အခြောက်ခံစက်တွေ ပေါ်နေပြီ။ အဲ့အခြောက်ခံစက်နဲ့ အစိုဓာတ် ၁၃၊ ၁၄၊ ၁၂ အထိမထားနိုင်ရင် ၁၃၊ ၁၄ လောက်ထားနိုင်ရင် တော်တန်ရုံပိုးမကျဘူး။ ကျွန်တော်တို့က ၁၅ တို့ ၁၆ တို့ ဖြစ်နေလို့သာ ကျွန်တော်တို့က ပိုးကျတာ။ အဲ့ဒါလေး လိုက်နာလိုက်ရင် ပြီးပြီ။ အစိုဓာတ်ပဲ နိုင်အောင်ထိန်း။ အဓိက အစိုဓာတ်ကို တတ်နိုင်သမျှထိန်းလိုက်ရင် တော်တန်ရုံပိုးမကျဘူး။ နောက် ထပ်ဆင့်ပြောချင်တာက သန့်စင်ဖို့လိုတာပေါ့ဗျာ။ ဖုန်၊ သဲ၊ ခဲ။ နောက် လေဝင်လေထွက်၊ အဲ့ဒါမျိုးဆိုရင် တော်တန်ရုံပိုးမကျဘူး
လို့ ဒေါက်တာ ကိုကိုက အကြံပြုထားပါတယ်။
သိုလှောင်ရုံတွင်ကျရောက်တတ်သော ဖျက်ပိုးများတွင် စိုက်ခင်းကတည်းကပါလာတဲ့ ဖျက်ပိုးတွေပါ ပါဝင်တတ်ပြီး သိုလှောင်ရုံများတွင်သာ ကျရောက်တတ်သည့် ဖျက်ပိုးများလည်း ရှိပါတယ်။ သိုလှောင်ရုံများတွင်ကျရောက်တတ်သည့် ဖျက်ပိုးအမျိုးအစား ၁၈ မျိုးအနက် ၅ မျိုးမှာ စိုက်ခင်းမှာကတည်းက ပါလာသည့်မျိုးဖြစ်ပြီး ၁၃ မျိုးကတော့ သိုလှောင်ရုံတွင်ကျရောက်တတ်သည့် ဖျက်ပိုးများဖြစ်ပါတယ်။
သိုလှောင်ရုံတွင်ကျရောက်တတ်သော ဖျက်ပိုးများမှာ ပဲပြင်းထိုးပိုး၊ ပဲမျိုးစုံ အစေ့ထိုးပိုး၊ မုန့်ညက်ထိုးပိုး၊ သစ်သီးခြောက်ထိုးပိုး၊ ထိုင်းပိုး၊ စီးကရက်ကျိုင်းပိုး၊ မြေထောက်ပဲကျိုင်း၊ ကာပရာကျိုင်း၊ စပါးထွေးဖလံ၊ ကျိုင်းနက်ကြီး၊ ကျိုင်းနီ၊ ဝါးထိုးပိုး၊ သိုလှောင်ရုံပိုးဖလံ၊ အုန်းဆံခြောက်ထိုးပိုး၊ လွှသွားကျိုင်း၊ ခေါင်းလုံးကျိုင်း၊ ပြောင်းစေ့ထိုးပိုး၊ ဂျုံမှုန့်ထိုးကျိုင်းမဲ တို့ပါဝင်ပါတယ်။ သိုလှောင်ရုံဖျက်ပိုးများသည် စပါး၊ ဆန်၊ ပြောင်းဖူး၊ ဂျုံနှင့် နှံစားသီးနှံ ထွက်ကုန်ပစ္စည်းများ၊ အခြားနှံစားသီးနှံများတွင်လည်းကောင်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲပုပ်၊ ပဲလွမ်း၊ ပဲကြီး၊ ပဲတောင့်ရှည်၊ နိုင်လွန်ပဲ၊ ပဲစာဥ၊ ပဲလွမ်းစသည့် ပဲမျိုးစုံများတွင်လည်းကောင်း၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံစေ့များတွင်လည်းကောင်း၊ အခွံချွတ်ထားသော အစေ့အဆံများ၊ ပီလောပီနံ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စပျစ်သီးခြောက်၊ သဖန်းသီးခြောက်၊ အခွံမာသီးများ၊ ကိုကိုးစေ့များ အပြင်ချောကလက်များ၊ ငှက်ပျော၊ ဆေးရွက်ကြီးနှင့် စီးကရက်၊ ဆေးလိပ်၊ ပဲဖတ်များ၊ ဆီကြိတ်ဖတ်များ၊ အမြစ်ခြောက်သီးနှံများ၊ ဝါးများ၊ ကြိမ်များ၊ သစ်သားများ၊ အုန်းဆံခြောက်များ၊ အသားခြောက်များ၊ ငါးခြောက်များ၊ စိုထိုင်းပြီး မှိုတက်နေသော အပင်နှင့် အပင်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်စာများ စသည်တို့တွင် ကျရောက်ဖျက်ဆီးတတ်ပါတယ်။
လက်ရှိမှာတော့ သိုလှောင်ရုံဖျက်ပိုးများမှာ ကျရောက်တတ်တဲ့ ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းဖို့အတွက် အဆိပ်ငွေ့မှိုင်းတိုက်လုပ်ငန်းများ လုပ်ကိုင်ဖို့အတွက် အသုံးပြုတဲ့ ဓာတုဆေးဝါးများအနေဖြင့် မီသိုင်းဘရိုမိုက်နဲ့ အလူမီနီယံဖော့စဖိုက်တို့ကို ဆက်လက်သုံးစွဲခွင့်ပေးထားပေမယ့် လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ အဆိပ်ငွေ့မှိုင်းတိုက်သည့် လုပ်ငန်းများတွင် အပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။
နောင်ကျရင် တစ်ချို့သောကိစ္စတွေက ဘယ်လိုဖြစ်လာမလဲဆိုတော့ ပိုးသတ်တဲ့လုပ်ငန်းကို ဆောင်ရွက်ပေးမယ့်ကုမ္ပဏီက သူ့ကိုယ်ပိုင်သိုလှောင်ရုံ ရှိရမယ်။ ရှိပြီးတော့မှ သူတို့အသုံးပြုတဲ့ ဓာ တုပစ္စည်းနဲ့ သူတို့တင်ပို့မယ့်ပစ္စည်းကို လာပိုးသတ်ရမယ်။ ပိုးသတ်ပြီးရင် သူက ပိုးသတ်ပြီးကြောင်းဆိုတဲ့ တံဆိပ်ကပ်ပေးလိုက်မယ်။ ဆာတီဖီကိတ်ပေးတာမျိုးနဲ့ နိုင်ငံခြားကို တန်းထွက် ဒါမျိုးဖြစ်မယ်။ အဲ့တော့ အခုလိုမျိုးမဟုတ်ပဲနဲ့၊ အခုလိုမျိုး ရုံးခန်းလေးဖွင့်ထားမယ်။ လူလေးနည်းနည်းနဲ့ လိုက်ပြီးတော့ မိုဘိုင်းလ်လိုက်လုပ်မယ့်ဟာသည် ၂၀၂၅ လောက်ကျရင် အခက်အခဲတွေ ရှိလာလိမ့်မယ်။ မလွယ်တော့ဘူး
လို့ ဦးအောင်ကျော်ဦးက ဖြည့်စွက်ပြောပါတယ်။
သိုလှောင်ရုံမှာကျရောက်တတ်တဲ့ ဖျက်ပိုးများအတွက် အဆိပ်ငွေ့မှိုင်းတိုက်လုပ်ငန်းတွေကို ပြဲပြုင်ပြောင်းလဲဖို့ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက စတင်ပြင်ဆင်လာတာပဲဖြစ်ပါတယ်။ သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် ကုမ္ပဏီ ၁၉ ခုကို ပိုးသတ်မှိုင်းတိုက်ခွင့်ပြုထားကြောင်း သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင် စပါး၊ ဂျုံ စတဲ့နှံစားသီးနှံများ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ စတဲ့ စုစုပေါင်းစိုက်ပျိုးမြေဧကမှာ ဟက်တာပေါင်း သန်း၂၀ ကျော်ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။