ငှက်ပျောစိုက်တောင်သူများသတိထားစရာ ငှက်ပျောဖျူစေရီယံပင်ညှိုးရောဂါ (Fusariumoxysporum f.sp. cubense – Foc:TR-4)
ငှက်ပျောဖျူစေရီယံပင်ညှိုးရောဂါသည် ငှက်ပျောပင်တွင်ကျရောက်သောရောဂါများအနက် ဖျက်ဆီး မှု အကြီးမားဆုံးနှင့် ပျက်စီးမှုအများဆုံးဖြစ်စေသော ရောဂါတစ်ခုဖြစ်သည်။ ၎င်းရောဂါသည် မြေဆောင်မှို ဖြစ်သော မှို (Fusarium oxysporum f.sp. cubense: Foc) ကြောင့် ဖြစ်ပြီး ပနားမားရောဂါ ဟုလည်း လူသိများ ကြသည်။
၎င်းရောဂါဖြစ်စေသော (Foc) မှိုတွင် မျိုးကွဲပေါင်း (၄) ခု (Race-1 , Race-2, Race-3, Race-4 ) ရှိ သည်။ မျိုးကွဲ (၄) ခုရှိသော်လည်း ရောဂါလက္ခဏာမှာအားလုံး အတူတူပင်ဖြစ်သည်။ ယခုအခါ Race-4 (Tropical Race 4: TR-4) သည် တစ်ကျော့ပြန် ဖျက်ဆီးမှုစွမ်းအားကြီးမားလာပြီး ငှက်ပျောစိုက်ခင်းများအား ဆုံးရှုံး မှုဖြစ်ပေါ်စေသည်။
ငှက်ပျောဖျူစေရီယံပင်ညှိုးရောဂါ စတင်တွေ့ရှိကြောင်း ဩစတြေးလျားနိုင်ငံက (၁၈၇၆) ခုနှစ်တွင် ကြေညာခဲ့ သည်။ ၎င်းနောက် ကမ္ဘာ့ နိုင်ငံ အသီးသီးသို့ပျံ့နှံ့ခဲ့ပြီး ယခုအခါ အာရှတိုက်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၂၀) ၊ အာဖရိက၊ အမေရိကနှင့် ပစ္စဖိတ်ကျွန်းနိုင်ငံများအထိကူးစက်ရောက်ရှိခဲ့သည်။ ဥရောပတွင် လည်း စပိန်နှင့် ပေါ်တူဂီ နိုင်ငံတို့တွင် ဧရိယာအနည်းငယ် (Restricted distribution) ၌ ကျရောက်နေပြီဖြစ်သည်။
ဖျက်ဆီးမှုစွမ်းအားကြီးမားသော ငှက်ပျောဖျူစေရီယံပင်ညှိုးရောဂါ (Foc: TR-4) အား (၁၉၉၀) ခုနှစ်တွင် အာရှတိုက်တွင် စတင် စစ်ဆေးဖေါ်ထုတ်နိုင်ခဲ့ပြီး ယခုအခါ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ၊ ပါကစ္စတန် တရုတ်နှင့် ဩစတြေးလျားနိုင်ငံမြောက်ပိုင်းအထိပါ ကူးစက်နေပြီ ဖြစ် သည်။ မိုဇမ်ဘစ်နိုင်ငံတွင်လည်း (၂၀၁၃) ခုနှစ်တွင်လည်းကောင်း၊ ဂျော်ဒန်နိုင်ငံတွင် (၂၀၁၄) ခုနှစ်တွင် လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားကြောင်း သိရှိရပါသည်။
ကူးစက်ပျံ့နှံ့ပုံများ
ရောဂါရ ငှက်ပျော သားတက်များ၊ ပျိုးပင်များကို တစ်နေရာမှတစ်နေရာသို့ ကူးသန်းရောင်းဝယ်ပြီး စိုက်ပျိုးကြသဖြင့် မူလ ငှက်ပျောဖျူစေရီယံပင်ညှိုးရောဂါမရှိသေးသော စိုက်ခင်း (သို့) ဒေသတွင် ၎င်းရောဂါ ဝင်ရောက်စွဲမြဲ အခြေချရှင်သန်ပေါက်ပွားသည်။ စိုက်ပျိုးမြေများ၊ သွင်းရေများ၊ စိုက်ပျိုးရေး သုံးပစ္စည်းများ၊ စက်ပစ္စည်းများ မှတစ်ဆင့် တစ်နေရာမှ တစ်နေရာသို့ ကူးစက်ပျံ့နှံ့ စေသည်။ မြေတွင်းရှိ (Foc) မှိုသည် (နားနေစပိုး – Resting Spores အနေဖြင့်) မြေကြီးထဲတွင် နှစ်ပေါင်း ဆယ်စုနှစ်များစွာ အသက်ရှင်နေထိုင်နိုင် သည်။ ရောဂါရပင်ကြွင်းပင်ကျန်များနှင့် အခြားခိုအောင်းနိုင်သော လက်ခံပင်၏ အမြစ်များ တွင် လည်း နှစ်ပေါင်း (၃၀) ခန့်အထိ ရှင်သန်နေထိုင်နိုင်သည်။ နီမတုတ်ကျရောက်သောမြေ (သို့) မြေတွင်းအောင်းအင်းဆက် ပိုးများ ပွားများသော မြေဖြစ်ပါက ရောဂါဖြစ်စေသောမှိုသည် ၎င်းတို့ တိုက်ခိုက်သော အမြစ်၏ ဒါဏ်ရာ များမှ တစ်ဆင့် အပင်တွင်းသို့လွယ်ကူစွာဝင်ရောက်နိုင်ပြီးရောဂါဖြစ်စေသည်။
ရောဂါလက္ခဏာများ
(၁) ပြင်ပလက္ခဏာ
ရောဂါဖြစ်စေသောမှိုများသည် ငှက်ပျောပင်အမြစ်မှတစ်ဆင့် ပင်စည်ကို ဝင်ရောက်တိုက်ခိုက်သဖြင့် အပင်၏ရေပို့ဆောင်သော လမ်းကြောင်း (ရေကြောစံနစ်) ကို ပိတ်ဆို့လာသည်။ ထို့ကြောင့် ငှက်ပျောပင်၏ အရွက်ရင့်၊ အောက်ဆုံးအရွက်များ၏ ရွက်နားများဝါလာပြီး နောက်ပိုင်းတွင် အရွက်အလယ်အထိ ကျယ်ပြန့် လာသည်။ ၎င်းအရွက်များအသည် တစ်ဖြည်းဖြည်း အဝါရောင် မှ အညိုရောင်ပြောင်းကာ ခြောက်သွေ့လာပြီး နောက်ဆုံးတွင် အရွက်ရိုးတံအရင်းမှ ကျိုးကျ၍ အပင်တွင် တွဲလောင်းဖြစ်နေတတ်သည်။ ရောဂါပြင်း ထန်လာပါက အောက်ရွက်မှတစ်ဆင့် အပေါ်ရွက် (ရွက်နု) များအထိပါဝါ၍ ခြောက်လာပြီး ထွက်ကာစ အရွက်နုအနည်းငယ်သာအစိမ်းရောင်ဖြစ်ပြီး ထောင်မတ်နေ တတ်သည်။ တစ်ချို့သော ငှက်ပျောမျိုးများတွင် ရောဂါရ အပင်များ၏ မြေပြင်နှင့်ကပ်လျှက် ပင်စည်ပိုင်းသည် အထက်အောက် ဒေါင်လိုက် ကွဲနေတတ်သည်။
(၂) ပင်စည်အတွင်းပိုင်းလက္ခဏာ
ရောဂါရငှက်ပျောပင်၏ ပင်စည်အားကန့်လန့်ဖြတ် ပိုင်းကြည့်ပါက ပင်စည်အသားများသည် အဝါရောင်၊ အညိုရောင်၊ အနီရောင်မှအမည်းရောင်အထိပြောင်းလဲနေသည်ကိုတွေ့ရှိနိုင်သည်။ နောက်ပိုင်းတွင် ငှက်ပျောပင် ၏ မြေပေါ်မြေအောက်ပိုင်းအားလုံးသေဆုံးကာ ပုပ်ကုန်တော့သည်။ ရောဂါရ မိခင်ပင်၏ သားတက်များတွင်လည်း ၎င်းလက္ခဏာများ ကို တွေ့နိုင်သည်။
ရောဂါကာကွယ်နှိမ်နင်းနည်းလမ်းများ
(၁) စိုက်ခင်းအတွင်းရောဂါကျရောက်ပြီးပါက ရောဂါအားအမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် နည်းလမ်းမရှိသေးပါ။
(၂) သို့သော်ရောဂါမကျရောက်စေရန် (သို့) မိမိစိုက်ခင်းတွင်ရောဂါဝင်ရောက်လာမှုမရှိစေရန် ကြိုတင် ကာကွယ် ရေးနည်းလမ်းများ ဆောင်ရွက်နိုင်ပါသည်။
– ရောဂါဒါဏ်ခံနိုင်ရည်ရှိသော ငှက်ပျောမျိုးများကို စိုက်ပျိုးပါ။
– ရောဂါကျရောက်မှုမရှိသော စိုက်ခင်း (သို့) ဒေသမှ သားတက်များကိုစိုက်ပျိုးပါ။
– ရောဂါလက္ခဏာရှိသော အပင်မှ သားတက်များကို စိုက်ပျိုးရန် မသုံးပါနှင့်။
– ငှက်ပျောဖျူစေရီယံ ကျရောက်ဖူးသည်ဟု သိရသော မြေကွက်တွင် ငှက်ပျောပင်မစိုက်ပျိုးပါနှင့်။
– မိမိစိုက်ခင်းတွင် အသုံးပြုသော စိုက်ပျိုးရေးခွင်သုံး ပစ္စည်းများအား သန့်ရှင်းအောင်ထားပါ။ ပစ္စည်းများ မသုံးစွဲမီ ၁၀ % ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ်ဆေးရည်တွင် (၁) မိနစ်ခန့်စိမ်ပြီးမှ အသုံးပြုပါ။
– အခြားရောဂါရ ငှက်ပျောခင်းမှ စီးဆင်းလာသောရေများ မိမိစိုက်ခင်းအတွင်းဝင်ရောက်လာမှုမရှိစေရေး ဆောင်ရွက်ပါ။
– ရောဂါလက္ခဏာရှိသော စိုက်ခင်းမှ ပစ္စည်းများအား မသုံးစွဲပါနှင့်။
– စိုက်ပျိုးမည့် သားတက်များအား ပင်လုံးပြန့်အာနိသင်ရှိသည့်မှိုသတ်ဆေး (Hymexazol, Thiophanate Methyl, Carbendazim) ကို ၁ - ၂ ကျပ်သားကို ရေ ၁၀ ပိဿာနှင့်ဖျော်၍ ၅ မိနစ်ခန့်စိမ်ပြီးမှ စိုက်ပါ။
– ဇီဝမှိုသတ်ဆေးဖြစ်သော ထရိုင်ကိုဒါးမားမှိုသတ်ဆေးကို စိုက်ကျင်းတစ်ကျင်းလျှင် ထမင်းစားဇွန်း ၂ ဇွန်းမှ ၃ ဇွန်းထည့်သွင်းစိုက်ပျိုးပါ။ ငှက်ပျောပင်စိုက်ပျိုးပြီး ၃လသား၊ ၅လသား၊ ၇လသား အရွယ်တွင်ထမ်မံထည့်သွင်းပါ။
– ဖြစ်နိုင်ပါက မိမိစိုက်ခင်းအား အကာအရံများဆောင်ရွက်ထားပါ။
(၃) မိမိစိုက်ခင်းအား ရောဂါလက္ခဏာ ရှိ/မရှိ တစ်ပတ် တစ်ကြိမ် စစ်ဆေးကြည့်ရှုပါ။
(၄) မိမိစိုက်ခင်းတွင် ရောဂါလက္ခဏာများဖြစ်သော အပင်အောက်ရွက် အရွက်ရင့်များဝါလာခြင်း၊ အညိုရောင် ပြောင်းပြီးခြောက်သွေ့ခြင်း၊ အရွက်ရိုးတံအရင်းမှ ကျိုးကျခြင်း၊ မြေပြင်နှင့်နီးစပ်သော ပင်စည်ပိုင်းတွင် ကွဲအက် ဒဏ်ရာ စသည်တို့ကိုတွေ့ပါက အောက်ပါ အတိုင်းလိုက်နာဆောင်ရွက်ပါ။
– ၎င်းရောဂါရအပင် ၏အပင်ခြေရင်းမှ ငှက်ပျောခေါင်း၊ အမြစ် များအပါအဝင် သားတက်များ အားလုံး တူးထုတ်၍ ၎င်းနေရာတွင် လျှင်မြန်စွာခြောက်စေရန်ဆောင်ရွက်ပြီးမှ မီးရှို့ဖျက်ဆီးပါ။
– မီးရှို့ဖျက်ဆီးပြီးသောနေရာတွင် အခြားငှက်ပျောပင် ထပ်မံစိုက်ပျိုးခြင်းမပြုရပါ။
– အနီးပတ်ဝန်းကျင်ရှိအပင်များပါ ၎င်းလက္ခဏာများတွေ့ရှိရပါက အထက်ပါအတိုင်းနှုတ်ယူဖျက်ဆီးမီးရှို့ ဖျက်ဆီးပစ်ပါ။
– စိုက်ခင်းဝင်ရောက်သောလုပ်သားများ၏ ဖိနပ်များမှ တစ်ဆင့် ရောဂါဖြစ်စေသောမှိုများ အခြားနေရာသို့ ကူးစက်မှုမရှိစေရန် ရောဂါကျနေရာအား အကာအရံများပြုလုပ်ထားပါ။ အနီးတစ်ဝိုက်တွင် ထုံးဖြူးထားပါ။
– ရေစီးကြောင်းအား ၎င်းရောဂါရ နေရာမှ ဖြတ်သန်းစီးဆင်းမှုမရှိစေရန်ဆောင်ရွက်ထားရှိပါ။
– ရောဂါကျရောက်မှုသည် တစ်ခင်းလုံးဖြစ်နေပါက ငှက်ပျောနှင့်မျိုးရင်းမတူသည့်အခြားသီးနှံ (ဥပမာ- စပါး၊ နာနတ် ၊ ကြံ၊ ကြက်သွန်၊ ပီလောပီနံ၊ ဂေါ်ဖီမျိုးရင်းဝင်အပင်များ) များဖြင့် (၃-၄) နှစ်ခန့် သီးလှည့် စိုက်ပျိုးပါ။
ဒေါက်တာဝင်းသန်း (PPD)
စိုက်ပျိုးရေးဉီးစီးဌာန
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ