ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင်းရှိ စပါးကွင်းတချို့တွင် ယခုနှစ်မိုးစပါးရာသီ၌ ရွှေခရုများစတင်ကျရောက်လျက်ရှိ

26/08/2020 13:45 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

    စပါးအဓိကဖျက်ပိုးတစ်မျိုးဖြစ်သော ရွှေခရုသည် မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြန့်နှံ့လာနေသည်။ အဓိကအားဖြင့် ဧရာဝတီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်တစ်ချို့နှင့် ထားဝယ်ဒေသတချို့တွင် ပြန့်နှံကျရောက်နေသည်။ ပဲခူးတိုင်းတွင် ပဲခူး၊ ဝေါ၊ ကဝ၊ သနပ်ပင်၊ အုတ်တွင်းမြို့နယ်တို့တွင် ယခင်နှစ်မိုးစပါးရာသီမှ စတင်ပြန့်နှံ့ကျရောက် လာသည်။ ယခုနှစ်မိုးစပါးရာသီတွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်လည်း စတင်ကျရောက်လာပီဖြစ်သည်။ 

စပါးတွေကြဲထားတာ ကြာပြီကို အပင်တွေ အကွက်လိုက်မပေါက်လာဘူးဆိုပြီး စောင့်ကြည့်နေတာ။ ရေကလည်း တစ်မိုက်လောက်ကျော်တာကို။ ဒါနဲ့ သေချာဆင်းကြည့်တော့မှ ရေအောက်မှာ စပါးပင်ငုတ်တိုလေးတွေပဲကျန်တာ သွားတွေ့တာ။ ရေထုတ်လိုက်မှ ဘယ်နဲ ့..... ခရုတွေစားလို့ ငုတ်တိုပဲကျန်တာဆိုတာသိတော့တယ်။ အဘတို့ အသက် ၂၀ ကတည်းက ခုအသက် ၆၀ ကျော်ထိ လယ်လုပ်စားလာတာ တစ်ခါမှ ခရုစားလို့ စပါးပျက်တာ မကြုံဖူးဘူးလေ။ အစက တခြားလယ်သမားတွေရော ဘယ်ယုံကြမလဲ။ နောက်မှ ရေခမ်းလာပြီး ခရုတွေအများကြီးပေါ်လာမှ ယုံကြတာဗျာ..။ အဲ့တော့ စပါးခင်းလည်း ကုန်လုနီးပါးဖြစ်နေပြီလေ...။

ဟု ရေတာရှည်မြို့နယ် ဆွာမကွင်းမှ ဆွာရွာမကြီးကျေးရွာနေ တောင်သူ ဦးအောင်ကြီးမှ ပြောသည်။ 

    စပါးကွင်းများ အားလုံးနီးပါးပျက်ဆီးသွားမှုကြောင့် မျိုးစေ့၊ မြေပြင်ခြင်း၊ လုပ်အားများထပ်မံရင်းနှီးစိုက်ထုတ်၍ ပြန်လည်စိုက်ပျိုးခဲ့ကြရသည်။ 

အဲ့ခရုတွေကို တချို့တော့ ကောက်ပြီးရောင်းကြတယ်။ ဒါပေမယ့် ကောက်ရောင်းတာနဲ့ ဘယ်ကုန်မလဲ။ အဘကေတာ့ ဆေးဖျန်းသေးတယ်။ နည်းနည်းတော့သေပြီး ရေပေါ်ပေါ်လာကြတယ်။ တချို့လယ်သမားတွေက ကောက်ပြီး မသတ်ပစ်ချင်လို့ ချောင်းထဲသွားလွှတ်ပစ်ကြတယ်ပြောတယ်။ နောက်တော့ မိုးပြတ်ပြီးရေခမ်းသွားတာနဲ့တိုးတော့ သေကုန်ကြတယ် သိပ်မရှိတော့ဘူး။ ဒါနဲ့ လယ်တွေပြန်ဖျက်၊ သမန်းပြန်လုပ်ပြီး ပျိုးထောင်ပြီးပဲ ပြန်စိုက်လိုက်တော့တာ။ ကုန်းကျတဲ့လယ်ကွက်မှာ ပျိုးထောင်ပြီး ပျိုးသက် ၁ လခွဲ ရင့်မှ စိုက်ရဲတော့တယ်။ စပါးပင်နုရင် ပြန်လာပြီးစားကြမှာစိုးလို့လေ။ ကောက်ပြန်စိုက်တော့ လယ်ကွင်းထဲမှာ ခရုတွေကကျန်နေသေးတော့ ကောက်စိုက်သမတွေကို လုပ်အားခပိုပေးပြီးမှ စိုက်ခိုင်းရတယ်။ ခြေထောက်တွေကို ထိုးခွဲတာကိုး ခရုခွံတွေက ဘယ်သူမှမဆင်းရဲကြဘူးလေ။ အဘတို့ မျိုးဖိုးလည်း နှစ်ဆကုန်၊ စိုက်ခလည်း ပိုကုန်၊ ထယ်ထိုးထွန်ယက်ခလည်း နှစ်ဆကုန်နဲ့ စပါးသိမ်းချိန်ကြရင် အရင်းတောင်ပြန်ရပါ့မလား မသိဘူး။

ဟု တောင်သူဦးအောင်ကြီးမှ ဆက်လက်ပြောသည်။ 

    ယခင်က ရွှေခရုကျရောက်မှု မရှိဖူးသေးသောကြောင့် တောင်သူများ ရွှေခရု၏ ပြန့်နှံ့မှု၊ ဖျက်ဆီးမှုကို မထိန်းချုပ်နိုင်ခဲ့ပါ။ ထို့ပြင် နှိမ်နင်းရာတွင် စနစ်တကျစွန့်ပစ်သင့်သော ဗဟုသုတမရှိသောကြောင့် ချောင်း၊ မြောင်းများတွင် စွန့်ပစ်ခဲ့ကြသည်။ ၎င်းကို မြို့နယ် စိုက်ပျိုးရေးရုံးမှ တာဝန်ယူကွင်းဆင်း၍ ကာကွယ်နှိမ်နင်းနည်း စနစ်များ၊ စွန့်ပစ်နည်းစနစ်များကို ပညာပေးရန်လိုအပ်နေပီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 

သိင်္ဂီလှိုင် (B.Agr.Sc)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်