ပြည်ပဝယ်လိုအားများလာသဖြင့် ငရုတ်သီးဈေးကွက် ကောင်းမွန်နေသော်လည်း အရည်အသွေးပြည့်မီသည့်ငရုတ်သီးရရှိရန် ခက်ခဲနေ

10/12/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်ပဝယ်လိုအားများလာသဖြင့် ငရုတ်သီးဈေးကွက် ပြန်လည်ကောင်းမွန်နေသော်လည်း အရည်အသွေးပြည့်မီသည့် ငရုတ်သီးများရရှိရန် ခက်ခဲနေကြောင်း မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

ငရုတ်သီးအမှည့် (အနီ)တွေ ဈေးတက်လာတယ်။ တရုတ်ပြည်ကလည်း ဝယ်လက်တွေဆင်းဝယ်လာတယ်။ ယိုးဒယားဘက်မှာလည်း ဈေးတက်နေတယ်။ ဘာကြောင့်ဈေးတက်တာလဲဆိုတော့ ဗီယက်နမ်နိုင်ငံမှာက ငရုတ်သီးတွေ ပြည်ပထွက်ခွင့် ပိတ်ထားတယ်။ ဗီယက်နမ်ကလည်း ငရုတ်သီးအရမ်းစိုက်တဲ့နိုင်ငံလေ။ ဟိုးတလောကဆိုရင် ဗီယက်နမ်ကနေ ထိုင်းကို ငရုတ်သီးတွေသွင်းတာကြောင့် မြန်မာနိုင်ငံရဲ့ငရုတ်သီးဈေးကွက် ကျဆင်းမှုရှိခဲ့တယ်။ အခု ဗီယက်နမ်က ပြည်ပကို ငရုတ်သီးထွက်ခွင့် ပိတ်လိုက်တာကြောင့် ငရုတ်သီးလိုအပ်ချက်က ပြန်ရှိလာတာ။ ဈေးကွက်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင်တော့ မြန်မာ့ငရုတ်သီးတွေ အခုထက်ပို အရည်အသွေးပြည့်မီလာဖို့ လိုအပ်နေပါတယ်။

ဟု မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောသည်။

    ပြည်တွင်း၌ထွက်ရှိသည့် ငရုတ်သီးအများစု Export အရည်အသွေး စံချိန်စံညွှန်းမပြည့်မီရခြင်းမှာ မြေ၊ ရေ၊ ရာသီဥတုတို့အပြင် မျိုးကောင်းမျိုးသန့်၊ စိုက်နည်းစနစ် စသည့် အကြောင်းရင်းအမျိုးမျိုးရှိနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

ဖြစ်ချင်တော့ မြန်မာ့ငရုတ်သီးတွေက ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ နတ်မောက်တို့ဘက်မှာ အထွက်များတယ်။ ထွက်ပေမယ့် တချို့တောင်သူတွေက ငရုတ်သီးတွေ စိုက်ထားတာ F1 မျိုးတွေကို ပြန်ပြီးတော့ မျိုးခံပြီးတော့ စိုက်ထားတာဖြစ်နေတယ်။ တကယ်တော့ F1 မျိုးကို မျိုးခံစိုက်ပျိုးမယ်ဆိုရင် အရည်အသွေးပိုင်းမှာ စံချိန်စံညွှန်းမပြည့်မီဘူး။ ဒီတော့ ဈေးကွက်ကကောင်းနေတော့ ငရုတ်တွေကို အသည်းအသန်လိုက်ဝယ်ပေမယ့် အရည်အသွေးကောင်းတဲ့ငရုတ်သီးရရှိဖို့ ခက်ခဲနေတယ်။ ထိုင်းနိုင်ငံကို တင်ပို့မယ်ဆိုရင်တော့ နီးတဲ့အတွက် အခုလောက် အရည်အသွေးစစ်ဆေးဖို့မလိုပေမယ့် တရုတ်နိုင်ငံကိုကျတော့ ပို့ရတာဝေးတဲ့အတွက် ငရုတ်သီးအရည်အသွေးညံ့တယ်ဆိုရင် လမ်းခရီးမှာ ဒဏ်မခံနိုင်လောက်ဘူး ဖြစ်နေတယ်။

ဟု ငရုတ်သီးကုန်သည်တစ်ဦးက ပြောသည်။ 

    ဈေးကွက်လိုလားမှုရှိသည့် မျိုးကောင်းမျိုးသန့်များ ရရှိပြီး စိုက်ပျိုးနိုင်စေရန်၊ Post-harvest Technology (ရိတ်သိမ်းချိန်လွန် နည်းပညာ)၊ GAP-Good Agricultural Practices (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) စသည့် စိုက်ပျိုးစနစ်များကို တောင်သူများ နားလည်သိရှိပြီး ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သည့်သီးနှံများ ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာပေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးစရိတ် ပံ့ပိုးကူညီထောက်ပံ့ပေးမှုများ လိုအပ်နေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်