အင်္ဂလိပ်အမည် - Jute
သိပ္ပံအမည် - Corchorus olitorius ,capsularis
ဂုန်လျှော်ပင်၏ မူရင်းဒေသများမှာ အာရှ၊ အာဖရိကနှင့် အမေရိကတိုက်ရှိ အပူပိုင်း ဒေသများဖြစ်ပါသည်။ ဂုန်လျှော်ပင်အား အများဆုံးစိုက်ပျိုးကြသော နိုင်ငံများမှာ အိန္ဒိယ၊ ထိုင်း၊ တရုတ်နှင့် အာဖရိကနိုင်ငံများ ဖြစ်ပါသည်။ ဂုန်လျှော်ပင်များအား အိတ်နှင့် ကြိုးများ ပြုလုပ်ရာတွင် အများဆုံး အသုံးပြုကြပြီး ရွှေရောင်အမျှင်များဟူ၍လည်း တင်စား ခေါ်ဝေါ်ကြပါသည်။ ဂုန်လျှော်ဖြင့် ဆန်အိတ်ခွံများ၊ ကြိုးများ၊ အခင်းများ၊ ဆေးဆိုး ဂုံလျှော်ထည်များ၊ လက်ဆွဲအိတ်များ၊ ကော်ဇော၊ စက္ကူညို စသည်တို့ ထုတ်လုပ်ကြပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဂုန်လျှော်စိုက်ပျိုး ထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသ၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့တွင် စိုက်ပျိုးကြပါသည်။
ရာသီဥတုနှင့် မြေဆီလွှာ
ဂုန်လျှော်ပင်သည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အပူချိန် အနေဖြင့် ၂၄ ဒီဂရီ စင်တီဂရိတ် နှင့် ၃၇ ဒီဂရီ စင်တီဂရိတ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ မိုးများခြင်းနှင့် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်ခြင်း မရှိပါ။ ဂုန်လျှော်ပင်သည် နုန်းမြေဆန်သော မြေအမျိုးအစားကို ကြိုက်နှစ်သက်ပြီး သဲနုန်းနှင့် ရွှံ့စေးမြေများတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ ဂုန်လျှော်ပင်အတွက် သင့်တော်သော မြေချဥ်/ငံ ကိန်းမှာ ၄.၈ မှ ၅.၈ အတွင်းဖြစ်ပါသည်။
စိုက်ပျိုးခြင်းနှင့် ပြုစုခြင်း
ဂုန်လျှော်ကို မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးမည့်နေရာအား ပေါင်းမြက်ကင်းစင်အောင် ပြုလုပ်ရမည် ဖြစ်ပြီး မြေသားမှုန့်ညက်အောင် ထွန်ယက်ရမည် ဖြစ်ပါသည်။ မစိုက်ပျိုးခင် နောက်ဆုံးထယ်ထိုးချိန်တွင် ကောင်းစွာဆွေးမြေ့နိုင်သော သစ်စိမ်းမြေသြဇာများ ထည့်သွင်းနိုင်ပါသည်။ မြေခံအနေဖြင့် ယူရီးယား၊ တီစူပါ၊ ပိုတက် မြေသြဇာများအား ၁ ဧကလျှင် ၈ ကီလိုဂရမ် (၄.၈ ပိဿာ) ခန့် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ ထို့နောက် စိုက်ခင်းအား ကြောင်းဆွဲရန် လိုအပ်ပါသည်။ စိုက်ကြောင်း တစ်ခုနှင့် တစ်ခုမှာ ၁ ပေခန့် ခြားရန်လိုအပ်ပါသည်။ စိုက်ပျိုးမည့် ဒေသ၏ ရေရရှိမှုအပေါ်မူတည်ပြီး စိုက်ကြောင်း အကွာအဝေးကို ပြောင်းလဲနိုင်ပါသည်။ စိုက်ကြောင်းဆွဲပြီးပါက စိုက်ကြောင်းအတွင်းသို့ မျိုးစေ့များ ချစိုက်နိုင်ပြီ ဖြစ်ပါသည်။ မျိုးစေ့ နှုန်းထားမှာ ၁ ဧကလျှင် ၁ ပြည် အသုံးပြုနိုင်ပါသည်။ အပင်အမြင့် ၆ လက်မမှ ၈ လက်မသို့ရောက်ရှိချိန်တွင် အပင်မှုန်းပေးရမည် ဖြစ်ပါသည်။ အပင်မှုန်းသည့်ကာလ ပြီးပါက ပေါင်းမြက်များ ကင်းစင်အောင် ကြားပေါင်းလိုက်ပေးရန် လိုအပ်ပါသည်။
ရေသွင်းခြင်း
စစိုက်သည့်နေ့တွင် ပထမဆုံးအကြိမ် ရေသွင်းပေးရန် လိုအပ်ပါသည်။ ထို့နောက်စိုက်ပျိုးပြီး ၄ ရက်အကြာတွင် တစ်ကြိမ် ရေသွင်းပေးရမည် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ၁၅ ရက်တစ်ခါ ရေသွင်းပေးရမည်ဖြစ်ပါသည်။ ဂုန်လျှော်သီးနှံသည် ရေ ၂၀ လက်မ အထိသွင်းပေးရန် လိုအပ်ပါသည်။
ကျရောက်တတ်သော ပိုးနှင့် ရောဂါများ
ဂုန်လျှော်ပင်တွင် ပိုးအနေဖြင့် ဂုန်လျှော် ခူမွှေးရှည်၊ ပင်စည် ထိုးကျိုင်း၊ ဖလံပိုးများ ကျရောက်ဖျက်စီးလေ့ရှိပါသည်။ စိုက်ခင်းအား ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပြီး တွေ့ရှိပါက လက်ဖြင့်ကောက်ယူ ဖျက်ဆီးခြင်း၊ မီးထောင်ခြောက်များ ထွန်းခြင်း စသည့် နည်းလမ်းများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ရောဂါများ အနေဖြင့် ပင်စည်ပုပ်ရောဂါနှင့် မှဲ့ပြောက်စွန်းရောဂါများ ကျရောက်လေ့ရှိပါသည်။ ရောဂါကျရောက်သော စိုက်ခင်းများအား စပါး၊ ဂျုံ စသည့်သီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ စိုက်ပျိုးသော ရာသီတွင် ပိုးနှင့် ရောဂါများ ဆိုးဆိုးရွားရွားကျရောက်ပါက ရိတ်သိမ်းပြီးစီးချိန်တွင် သီးနှံပင် အကြွင်းအကျန်များအား မီးရှို့ဖျက်စီးခြင်းဖြင့် သုတ်သင်ရှင်းလင်းနိုင်ပါသည်။
ရိတ်သိမ်းခြင်း
ဂုန်လျှော်ပင်အား စိုက်ပြီး ၄ လခန့်အကြာ ဇွန်လမှ စက်တင်ဘာလအတွင်း ရိတ်သိမ်းကြပါသည်။ စောစောရိတ်သိမ်းခြင်းအားဖြင့် အရည်အသွေးကောင်းသော ဂုန်လျှော်အမျှင်များကို ရရှိနိုင်မည် ဖြစ်ပါသည်။ ရိတ်သိမ်းရာတွင် မြေပြင်နှင့်ကပ်ကာ အမြင့် ၈ ပေမှ ၁၂ ပေအထိ ဖြတ်ပေးနိုင်ပါသည်။ ဖြတ်ထားသော အပင်များအား အရွက်အားလုံး ကြွေသည်အထိ စိုက်ခင်းထဲတွင် ၃ ရက်ခန့်ထားရမည် ဖြစ်ပါသည်။ ထို့နောက် အပင်ရိုးတံ အကြီးနှင့် အသေးကို အမျိုးအစားခွဲကာ သင့်တော်သော ပမာဏဖြင့် အစည်းများစည်းကာ ထားနိုင်ပါသည်။
လျှော်ထုတ်လုပ်ခြင်း
စိုက်ခင်းထဲတွင် ၃ ရက်ခန့်ထားပြီးနောက် ကြွင်းကျန်နေသေးသော အရွက်တို့ကို ခါချပြီးလျှင် အစည်းများကို ရေစိမ်ရန် ရေကန် သို့မဟုတ် ချောင်းသို့ သယ်ယူရပါသည်။ ရေစိမ်သောအခါ အစည်းများကို အလေးချိန်များသော အရာများဖြင့် ဖိထားရပါမည်။ ၎င်းအစည်းများကို ၁ဝ ရက်ခန့် သို့မဟုတ် ထို့ထက်ကြာအောင် ရေစိမ်ထားပြီးနောက် အမည်းရောင်သန်းလာသောအခါတွင် ရေမှဆယ်ယူရပါမည်။ ရေစိမ်ထားစဉ် အစည်းများကို နေ့စဉ်စစ်ဆေးကြည့်ရှုရပါမည်။
လျှော်ရရှိစေရန် ရေစိမ်ထားပြီးသော အပင်ရိုးစည်းကို လက်တစ်ဖက်နှင့်ကိုက်လျက် လက်တစ်ဖက်က လက်ရိုက်နှင့် ဖြစ်စေ၊ တုတ်ပြားနှင့်ဖြစ်စေ၊ အစည်း၏ အောက်ပိုင်းကို ရိုက်ရပါသည်။ ရိုက်နေစဉ်တွင် အစည်းကို ရေ၌မြှုပ်ထားရပါသည်။ ထိုအခါ အပင်ရိုးသည် ကြေမွထွက်သွားပြီးလျှင် ဂုန်လျှော်သာ ကျန်ရစ်ခဲ့ပေမည်။ ကျန်ရစ်ခဲ့သော လျှော်မျှင်ကို ပြောင်းပြန်လှန်၍ အထက်ပိုင်းကို ရေစိမ်ပြီးလျှင် လျှော်ချည်းသာ ကျန်သည့်တိုင်အောင် ထုလိမ်ချေမွရပါမည်။ နောက်ဆုံး၌ ထုတ်ယူပြီးသော လျှော်ကို ရေမျက်နှာပြင်တွင်ရိုက်လျက် စင်ကြယ်အောင် ဖွပ်ရပါသည်။
ထိုသို့ဖွပ်ပြီးနောက် ရရှိသောလျှော်ကို ရေကုန်စင်အောင်ညှစ်၍ အစိုအတိုင်း တစ်ရက်ခန့် ပုံလျက်ထားရပါသည်။ ထိုနောက် လုံးဝ ခြောက်သွေ့သည့်တိုင်အောင် ၂ ရက်မှ ၃ ရက်ခန့် နေလှန်းပေးရသည်။ ကောင်းစွာ ခြောက်သွေ့လာသောအခါ လျှော်များကို ကျစ်လျစ်စွာ စည်းရပါသည်။ လျှော်များကို စနစ်တကျပြုပြင်၍ ရှင်းခဲ့လျှင် ၅ ပေမှ ၈ ပေ ထိ ရှည်သော လျှော်ပင်များကို ရနိုင်သည်။ လျှော်၏အထွက်မှာ တစ်ဧကလျှင် ပေါင် ၉ဝဝ မှ ပေါင် ၁၆ဝဝ လောက်အထိ ဖြစ်ပါသည်။ အပွင့်ကြွေ၍ သီးတံများ ပြူစအချိန်၌ ရိတ်သိမ်းသော လျှော်တို့သည် အရည်အသွေး အကောင်းဆုံးဖြစ်ပါသည်။ ၎င်းထက်စော၍ ရိတ်သိမ်းသောလျှော်တို့မှာ မခိုင်ခံ့ပါ။ ထို့ပြင်နောက်ကျ၍ အစေ့များ ရင့်မှည့်ချိန်မှ ရိတ်သိမ်းသောလျှော်တို့မှာ အသားကြမ်းပြီး အရည်အသွေးအားဖြင့် ညံ့ဖျင်းပါသည်။
ဂုန်လျှော်အား အသုံးပြုခြင်း
ဂုန်လျှော်နှင့်ပြုလုပ်သော ဂုန်နီများမှာ အသားထူသဖြင့် ဆန်စပါး၊ သကြား စသည်တို့ထည့်ရန်အတွက် ကောင်းပါသည်။ အာလူး၊ ကြက်သွန်ထည့်ရန်အတွက် အသားကျဲသောဂုန်နီအိတ်များကို အသုံးပြုကြသည်။ ဂုန်လျှော်ဖြင့် ပြုလုပ်သော ဂုန်နီအိတ်ဖျင်ကို ဝါးနှင့်အိမ်ထောင်ပရိဘာဂများကို ထုပ်ပိုး သယ်ယူရာ၌ အသုံးပြုကြသည်။ ဂုန်လျှော်ကြိုးကြီး၊ ကြိုးကလေးနှင့် စက္ကူကြမ်းများကိုလည်း ဂုန်လျှော်ဖြင့် လုပ်ကြသည်။ ဂုန်လျှော်၏အမျှင်မှာနု၍ ပိုးခြည်မျှင်ကဲ့သို့ ပျော့ပျောင်းသဖြင့် ဆံပင်အတုလုပ်ရာတွင်လည်း အသုံးဝင်ပါသည်။ ဂုန်လျှော်သည် ဆိုးဆေးတင်ရန် လွယ်ကူပါသည်။ ဈေးချိုချိုဖြင့် ရောင်းချနိုင်သော ကော်ဇောမျိုးကိုလည်း ဂုန်လျှော်ဖြင့် ရက်လုပ်နိုင်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
https://en.wikipedia.org/wiki/Jute
http://agritech.tnau.ac.in/agriculture/agri_cropproduction_fibre_jute.html
Plants for a Future, retrieved 21 May 2015
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)