ဆည်ရေသောက်ဒေသမှတောင်သူများ ဆည်ရေအားနည်းချိန်တွင် စက်ဖြင့် ရေစုပ်တင်ရသည့်တွက် ကုန်ကျစရိတ်များပြားနေ

28/11/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ဆည်ရေသောက်ဒေသမှတောင်သူများ ဆည်ရေအားနည်းချိန်တွင် စက်ဖြင့် ရေစုပ်တင်ရသည့်တွက် ကုန်ကျစရိတ်များပြားနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

    သဖန်းဆိပ်မှ ဆည်ရေရရှိမှုအပေါ်  အားပြုစိုက်ပျိုးနေကြသည့် ဆည်ရေသောက်ဒေသများမှ တောင်သူများမှာ ဆည်ရေရရှိမှုအားနည်းချိန်တွင် စက်ဖြင့် ရေတင်ရသည့်အတွက် စက်ဖိုးကုန်ကျခြင်း၊ ပိုးမွှားရောဂါကျရောက်မှုကြောင့် စိုးရိမ်ပူပန်ရခြင်းများကို မကြာခဏဆိုသလို ခံစားနေရခြင်းဖြစ်သည်။

ဆည်ရေလွှတ်ရမယ့်အချိန် နောက်ကျတော့လည်း ဆည်ရေရဖို့မျှော်နေရတယ်။ ရလာတဲ့ဆည်ရေက အားနည်းနေပြန်တော့လည်း ဆည်ရေရဖို့ ဆီဖိုးထပ်ကုန်ရတယ်။ မူး (ရေသွင်းလက်တံ) အပြည့် ရေရဖို့အတွက် စက်နဲ့တင်နေရတာပါ။ မူးကနေမှ ပြွန်ထဲရောက်၊ ပြွန်ကထွက်ရင် ဝါတာထဲရောက်၊ ဝါတာကနေမှ မြောင်းကနေတဆင့် လယ်ထဲကို ရေရောက်နိုင်တာပါ။ ရွှေဘိုကမှ ကျွန်တော်တို့ဘက်ကိုခွဲလွှတ်တဲ့ ဆည်မြောင်းကပေးတဲ့ရေက အားနည်းတော့ ရေတင်ရရတဲ့အတွက် ဆီဖိုးတွေ အပိုကုန်ကျနေတယ်။ စိုက်ပျိုးရေကို ငွေနဲ့ဆက်ဝယ်နေရသလို ဖြစ်နေပါတယ်။ ရေသွင်းလက်တံကနေသာ ရေအပြည့်လာရင် စက်နဲ့စုပ်တင်စရာ မလိုတော့ဘူးပေါ့။

ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ တောင်သူ ဦးလှဝင်းဆွေက ပြောသည်။

    ယခုကာလသည် မိုးအကုန်-ဆောင်းဦးကာလဖြစ်သဖြင့် စပါးခင်းများအတွင်း ပိုးမွှားရောဂါကျရောက်မှု များပြားနေချိန်လည်း ဖြစ်သည်။

အခုလည်း ဖြုတ်တွေကျလို့ ဆေးဖိုးက ကုန်ဦးမှာ။ တောင်သူလယ်သမားဘဝ မလွယ်ပါဘူး။ တောင်သူတွေခမျာ ရာသီဥတုကြောင့်ပြောရမလား။ ဒီနှစ် အတော်ဆိုးနေပါတယ်။ စပါးခင်းတွေထဲမယ် ဖြုတ်ပိုးတွေလည်း ကျနေတယ်။ ရွက်ဖုံး၊ ရွက်ပုပ်ရောဂါနဲ့ ဘက်တီရီးယားရွက်ခြောက်ရောဂါတွေလည်း တွေ့နေရတယ်။ မဂျမ်းတော၊ ဧရာမင်း စတဲ့ စပါးခင်းတွေမှာ တွေ့နေရတာပါ။ ဧရာပဒေသာစိုက်ပျိုးတဲ့သူတွေလည်း ပိုးနဲ့ရောဂါတွေ့နေရပါတယ်။

ဟု ဦးလှဝင်းဆွေက ဆက်လက်ပြောသည်။

    စပါးခင်းအတွင်း ဖြုတ်ပိုးကျရောက်ပါက စပါးတစ်ခင်းလုံးနီးပါး ပျက်စီးဆုံးရှုံးသွားနိုင်ပြီး၊ သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ထောက်ပံ့ကြေးငွေပေးခြင်းတို့မှာလည်း တောင်သူများ၏ နစ်နာဆုံးရှုံးမှုများအတွက် မကာမိကြောင်းသိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်