မြန်မာနိုင်ငံတွင် မိုးမျှော်သီး၊ ကုလားအော်သီးဟု အထောင်လိုက်သီးတတ်သော ငရုတ်ကိုခေါ်ကြသည်။ ပုံမှန်သမရိုးကျ သီးပြီး အလွန်စပ်သော အသီးတောင့်သေးသေးနှင့် ငရုတ်ကို ထိုင်းငရုတ်ဟုခေါ်ကြသည်။ အလှစိုက်ကြသည့် ငရုတ်ဖြစ်သကဲ့ အရောင် အနီတစ်မျိုးတည်းသာ သီးသောငရုတ်တစ်မျိုးဖြစ်သည်။ အပင်၏ အမြင့်မှာ သုံးပေသာသာ ရှိပြီး အလွန်ပူသော စပ်သောမျိုးဖြစ်သဖြင့် ခူးဆွတ်ကိုင်တွယ်ရာတွင် လက်အိတ်များ အသုံးပြု၍ ခူးဆွတ်ရသည်။ အနီ၊ အဝါ အရောင်စုံသောမျိုးကို ခရစ်စမတ်ငရုတ်ဟုခေါ်ပြီး အလှစိုက်ကြသော မျိုးများထဲတွင် ရေပန်းအစားဆုံးဖြစ်သည်။ အလှစိုက်သောငရုတ်များသည် အစပ်ဆုံး ငရုတ်မျိုးများဖြစ်ပြီး ပုတိုတိုသေးသေးလေးသီးတတ်သော သီးစတွင် အစိမ်းရောင်၊ မှည့်လာသောအခါတွင် အနီဖျော့ အဝါအရောင်သို့ ပြောင်းသွားသော အပင်ပုမျိုး တစ်ခုသာလျှင် အနည်းငယ်ပူသော မျိုးဖြစ်သည်။ စိုက်နည်းစနစ်မှာ အခြားငရုတ်မျိုးနှင့်အနည်းငယ် ကွာခြားမှုရှိသည်။
၁။ မြေပြုပြင်ခြင်း
တစ်ဧကတွင် မျိုးစေ့လေးဆယ်သားခန့် ဝင်ဆန့်သည်။ မျိုးစေ့ကို သဲပါးပါးဖြင့်အုပ်၍ ရေပါးပါးဖျန်းစိုက်ပါ။ စိုက်ခင်းထဲမှမြေကို နွားချေး ဆယ်တန် ထည့်သွင်းပါ။ စိုက်ဘောင်ကို အနံသုံးပေ အရှည်ဆယ်ပေ ဖော်ပါ။ ပျိုးသက်ရက်ပေါင်း သုံးဆယ်တွင် အပင်ရွှေ့ပါ။ ဆယ်ရက်တွင်တစ်ကြိမ် ထမင်းစားဇွန်းဖြင့်တစ်ဇွန်း ဆယ့်ငါးပတ်လည်ကို ပုံမှန်ထည့်ပါ။ စိုက်ပြီးနှစ်ဆယ့်ငါးရက်အကြာတွင် ကိုင်းဖြာများများထွက်ရန် ခွကိုင်းကို နှစ်ကိုင်းသာထားခြင်းက ပိုမိုအုပ်အုပ်ဆိုင်းဆိုင်းဖြစ်စေသည်။ မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းစွာဖြစ်ထွန်း၏။
ကြားပေါင်းလိုက်ခြင်းကို အမြစ်တိမ်သော အပင်ဖြစ်၍ ပေါက်ပြားအသေးဖြင့်သာလိုက်သင့်သည်။ ပေါင်းသတ်ဆေး သုံးလိုကသုံးပါ။ မသုံးလိုပါက ကောက်ရိုးဖြင့်မြေကိုဖုံးအုပ်၍စိုက်ပါ။ ပန်းမပွင့်မီ မြေဘောင်တင်ခြင်းကို ပြုလုပ်ခြင်းသည် အပင်၏အသီးသီးနှုန်းကို ပိုစေသောကြောင့် ပေါင်းနှိမ်ခြင်း ပြုလုပ်ရင်း တစ်ပါတည်း လုပ်သင့်သည်။
၂။ ပိုးမွှားနှင့် ရောဂါများ
ပျပိုး
ပျပိုးသည် ပင်ရည်စုပ်သော ပိုးမွှားဖြစ်ပြီး ဆောင်းတွင်းနှင့် အပင်သက် နှစ်လနောက်ပိုင်းတွင် အကျများသည်။ ပျကျပါက သီးတောင့်များ အရည်အသွေးကျပြီး ရောင်းပန်းမလှဖြစ်တတ်သည်။ ဒိုင်မီသိုအိတ် ၀.၀၅ ရာခိုင်နှုန်း ကိုဖျန်းပါ။
လှေးပိုး
အရွက်များကို တွန့်လိမ်ကောက်ကွေးစေပြီး အပွင့်များကို ကြွေစေသော အဖျက်ပိုး ဖြစ်သည်။ ပန်းပွင့်ချိန်တွင် အများဆုံးကျရောက် ဖျက်ဆီးတတ်သည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ်ကိုလည်း ပြုလုပ်သင့်သည်။
စိုက်ထားသော မျိုးစေ့ ခြောက်ဆယ်သားကို အေမီဒါကလိုပရစ် ၇၀ ရာခိုင်နှုန်း ၈ ကျပ်သား ရေဖျော်၍ ဖျန်းပါ။ ကာဘိုဖြူယမ် ရှစ်ပိဿာ သို့မဟုတ် ပိုရိတ် ဆယ်ရာခိုင်နှုန်း အခဲကို နှစ်ပိသာခွဲ သုံးနိုင်သည်။
သီးလုံးဖောက်ပိုး
ပိုးလောက်ကောင်များသည် အရွက်များကိုစားပြီး ဖျက်ဆီးပြီးနောက် သီးတောင့်များကိုဖောက်စားသည်။ သီးတောင့်များ၏ အရည်အသွေး ကျဆင်းသည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ သီးလှည့်စနစ် ကိုလည်း ပြုလုပ်သင့်သည်။ ဘက်ဆလပ်သူရီဂျင်နမ်းစစ် ကို ရေတစ်လီတာတွင် ထမင်းစားဇွန်း ငါးပုံပုံ တစ်ပုံထည့်ဖျော်၍ ဖျန်းပါ။
မွှားပိုး
အရွက်အောက်ဖက်ရှိ ရွက်ကြောများတွင် နေထိုင်ကာ ပင်ရည်များ စုပ်ယူစားသုံးကြ၍ အရွက်များကော့၍ တွန့်လိမ်လာသည်။ ပေါင်းနှိမ်ပေးပါ။ ခံနိုင်ရည်ရှိသော မျိုးကို စိုက်ပျိုးပါ။ သီးလှည့်စနစ်ကိုလည်း ပြုလုပ်သင့်သည်။ ဒိုင်မီသိုအိတ် ၀.၀၅ ရာခိုင်နှုန်း ကိုလည်း ဖျန်းပါ။
ရွက်လိပ်ပိုး
အရွက်နှင့်အညွန့်များဆီက ပင်ရည်များကို စုပ်စားသည်။ အရွက်များတွန့်ကုတ်စေသည်။ ထို့အပြင် အသီးများကိုလည်း ပြုတ်ကျစေသည်။ ဒိုင်ကလိုဗော့ (၀.၀၂ ) ရာခိုင်နှုန်း သို့မဟုတ် ကွီနာဖော့(၀.၀၂၅) ရာခိုင်နှုန်း ကို ငါးအဆီ သို့မဟုတ် ဆပ်ပြာရည်နှင့် ရော၍ဖျန်းပါ။
မြစ်ထုံးနီမတုတ်
အမြင်တွင်းမှဝင်၍ ပင်ရည်စုပ်စားသော သန်ကောင်ကဲ့သို့ ကပ်ပါးတစ်မျိုးဖြစ်သည်။ အမြစ်များကို ဖုထစ်ဖြစ်စေပြီး အပင်ကိုသာ၍ ညိုးသေစေသည်။ ပူနွေးသော ရာသီဥတုနှင့် သဲဆန်သောမြေတွင် အဖြစ်များသည်။
ခံနိုင်ရည်ရှိသော မျိုးကို စိုက်ပျိုးပါ။ သီးလှည့်စနစ်ကိုလည်း ပြုလုပ်သင့်သည်။ တစ်ခါတစ်ရံတွင် ရေလွမ်း၍ ထားခြင်းသည် နီမတုတ်ကိုလျော့ပါးစေသည်။
ခါးရိပင်ညိူးရောဂါ
မျိုးစေ့လေးဆယ်ကျပ်သားကို ထရိုင်ဂိုဒါးမား ဗရီဒေ သုံးကျပ်းသားဖြင့်ရောမွှေ၍ မစိုက်မီ လူးနယ်ထားပါ။ ပျိုးပင်များကို ခါးရိရောဂါကို ကာကွယ်ရန်အတွက် ကော့ပါးအောက်ဆီကလိုရိုဒ် ၁ကျပ်သားကို ရေတစ်လီတာတွင်ဖျော်၍ နှစ်ပတ်တစ်ကြိမ်ဖျန်းပါ။ ကာဗိုဖြူရန် ၃(အခဲ) ပျိုးမည့်မြေတစ်ပေပတ်လည်တွင် ခြောက်ကျပ်သားကို အပင်မပျိုးခင် ထည့်ပါ။ ပျိုးပင်ဘဝတွင် အဖြစ်များသောရောဂါဖြစ်၍ ပိုမိုဂရုစိုက်ပါ။ ရေမဝပ်အောင်ဂရုစိုက်ပါ။ မှိုသတ်ဆေးသုံးစွဲပါ။
အရွက်ပြောက်ရောဂါ
အရွက်ပေါ်တွင် အနက်ပြောက်လေးများဖြစ်ပြီး အသီးတောင့်ပေါ်တွင်ရေစိုကွက်ချွဲကျိကျိများ ဖြစ်ပေါ်သည့် ရောဂါ ဖြစ်သည်။ အရွက်များအဆစ်မှပြုတ်ကျခြင်း များလည်းဖြစ်သည်။ အဂရီမိုင်ဆင်းနဲ့ ကော့ပါးအောက်ဆီကလိုရိုက်ကို ဖျန်းပါ။
ရေစိုနာကွက်ရောဂါ
ရေစိုနာကွက်မည်းမည်းများ သီးတောင့်နှင့် အရွက်များပေါ်တွင် ဖြစ်စေသောရောဂါဖြစ်သည်။ အနာကွက်များ မှတစ်ဆင့် သီးတောင့်များ ပုပ်သွားပြီး ကြွေကျကြသည်။ အထွက်နှုန်းကျပြီး ကူးစက်မှု့မြန်သည်။ အစိုဓာတ်ပမာဏ များလွန်းပြီး လေဝင်လေထွက်မကောင်းသောနေရာများတွင် ပိုမိုဖြစ်ကြသည်။
ရောဂါကင်းစင်သော မျိုးစေ့ကိုသုံးပါ။ ကူးစက်ခံထားရသောအကိုင်းအရွက်များကို မီးရှို့ကိုဖျက်ဆီးပါ။ မန်ကိုဇက် ကို ရေတစ်လီတာလျှင် ထမင်းစားဇွန်း တစ်ဝက်စီဖျော်၍ သုံးပါ။
ပေါင်ဒါမှုန်ကဲ့သို့ ဖြူဖွေးသောရောဂါ
အစိုဓာတ်များလျှင်ကျတတ်သည်။ ဆာလဖာ ထမင်းစားဇွန်း တစ်ဝက်ကိုရေတစ်လီတာ သို့မဟုတ် ကာဗင်ဒါဇင် ထမင်းစားဇွန်း လေးပုံပုံတစ်ပုံကိုရေတစ်လီတာဖြင့် ဖျန်းပါ။
၃။ ခူးဆွတ်ရိတ်သိမ်းခြင်း
ခူးဆွတ်ရာတွင် လက်အိတ်များသုံးပါ။ ဆေးဖျန်းပြီးနောက် အာနိသင် မကျန်အောင် ရက်စောင့်ပြီးမှ ခူးဆွတ်ပါ။ ကလိုရင်း ထမင်းစားဇွန်း တစ်ဇွန်းကို ရေဆယ်လီတာတွင် ထည့်၍ ဖျော်ပါ။ ခူးဆွတ်ပြီးသော သီးတောင့်များကို နှစ်မိနစ်ခန့်စိမ်၍ အရိပ်ထဲတွင်ရေစစ်ပြီး လေသလပ်ခံ သိုလှောင်၍ထားပါ။ တစ်ဧကတွင် တန်ပေါင်း ဆယ့်ငါးတန်ထိ ထွက်ရှိနိုင်သည်။
အလှပန်းပင်အဖြစ် ရောင်းချလိုပါက အပင်ပတ်လည်ပေါက်ကြား တစ်ပြားစာကို ပတ်လည်ပေါက်၍ အပင်လိုက် နူတ်ရောင်းနိုင်သည်။ နှစ်ရှည်ကြာမြင့်စွာ စိုက်နိုင်သော သီးနှံဖြစ်၍ တစ်ခါစိုက်ပြီး သုံးနှစ်အထိခူးစားနိုင်သော သီးနှံဖြစ်သည်။
ရွှေရည်လင်း