တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက်(နိုဝင်ဘာ)

31/10/2018 15:39 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နိုဝင်ဘာလသည် ဆောင်းသီးနှံများစိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ရေးအတွက် အထူးအရေးပါသောလ ဖြစ်သည်။ ဆောင်းသီးနှံများကို နိုဝင်ဘာလအတွင်း စိုက်ပျိုးသင့်သည်။ စိုက်ချိန်မှန်ခြင်းသည် သီးနှံအထွက်မြင့်မားရေးအတွက် သော့ချက် ဖြစ်ပါသည်။
၁။ ဆောင်းသီးနှံ
စပါးအပြီး ပဲတီစိမ်းသီးနှံ စိုက်ပျိုးရေး
    ညအပူချိန်လွန်စွာနိမ့်ကျခြင်းမရှိသည့်ဒေသများတွင် စပါးအပြီးပဲတီစိမ်းကိုစိုက်ပျိုးနိုင်သည်။ နုံးမြေနှင့် သဲနုံးမြေ များတွင်ကောင်းစွာ ဖြစ်ထွန်းသည်။ စိုက်ချိန်နောက်မကျသင့်ပါ။ နိုဝင်ဘာလလယ် နောက်ဆုံးထားစိုက်ပျိုးသင့်သည်။
    ပဲတီစိမ်းတွင် အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သည်။ ရောဂါခံနိုင်သောမျိုးကို အသုံးပြု သင့်သည်။ ယခင်နှစ်က ရောဂါကျရောက်သော လယ်မြေကို ယခုနှစ်တွင် စိုက်ပျိုးခြင်းမပြုသင့်ပါ။
စပါးအပြီး မတ်ပဲသီးနှံစိုက်ပျိုးရေး
မိုးကောင်းသောက်ဒေသလယ်မြေများ(Rain-fed Lowland)တွင် မတ်ပဲသီးနှံကို စိုက်ပျိုး၍ နှစ်သီးစားသီးနှုံပုံစံဖြစ်သော စပါး-မတ်ပဲသီးနှံပုံစံကို ဆောင်ရွက်နိုင်သည်။ ဆည်ရေသောက်ဒေသ လယ်မြေများ(Irrigated Lowland)တွင် သုံးသီးစားသီးနှံပုံစံ စပါး-မတ်ပဲ-နွေစပါးသီးနှံပုံစံကို ဆောင်ရွက်နိုင်ပါသည်။
မတ်ပဲကိုစိုက်ပျိုးရာတွင် မိုးစပါးရိတ်သိမ်းအပြီး မြေတွင်းအစိုဓါတ်ကိုချင့်ချိန်၍ နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး စိုက်ပျိုးရန် ဖြစ်သည်။ ပဲတီစိမ်းကဲ့သို့ပင် အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သဖြင့် ကာကွယ်နှိမ်နင်းရေးကို အထူးဂရုပြုသင့်သည်။
စပါးအပြီး ကုလားပဲသီးနှံစိုက်ပျိုးရေး
ကုလားပဲသီးနှံကို နိုဝင်ဘာလအတွင်းစိုက်ပျိုးသင့်သည်။ စိုက်ချိန်နောက်ကျလျင် သီးတောင့်ရင့် မှည့်ချိန်၌ အပူချိန်မြင့်မားမှု ဒဏ်ခံရခြင်း၊ အစိုဓာတ်မလုံလောက်ခြင်းကြောင့် အထွက်နှင့် မျိုးစေ့အရည် အသွေးသိသိသာလျော့ကျခြင်းတို့ ဖြစ်နိုင်သည်။
    နုံးမြေစေး၊ စနယ်မြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေတွင်းအစိုဓာတ်ကို ထိန်းထား နိုင်ပြီး ရေမဝပ်သောမြေမျိုးတွင်စိုက်ပျိုးသင့်ပါသည်။
စပါးအပြီးပဲပုပ်သီးနှံစိုက်ပျိုးရေး
    သဲဆန်သောမြေအမျိုးအစားမှအပ မြေဆီသြဇာအသင့်အတင့်မှ ထက်သန်သည့်မြေတို့တွင် စိုက်ပျိုးနိုင်သည်။ နိုဝင်ဘာလ သည် ပဲပုပ်စတင်စိုက်သင့်သောလဖြစ်သည်။ အသက်လျင်အထွက် ကောင်းသောမျိုးဖြစ်ရုံမက စပါးအပြီးသီးထပ်စိုက်ပျိုးရန် သင့်တော်သောမျိုးဖြစ်သင့်သည်။
    မတ်ပဲသီးနှံအစားထိုးစိုက်ပျိုးရန် စိုက်ပျိုးသင့်သောသီးနှံဖြစ်သည်။ အဟာရရှုထောင့်မှ ကြည့်ပါက ပဲပုပ်တွင် အသားဓာတ် ပါဝင်မှုမြင့်မားသည်။ ထိုမျှမက ဆီပါဝင်မှုလည်း မြင့်မားပါသည်။
စပါးအပြီးဆောင်းသီးနှံများကို စိုက်ပျိုးရာတွင် မိုးစပါးရိတ်သိမ်းပြီးသည့်နေ့မှ ထိုဆောင်းသီးနှံ စိုက်ပျိုးသည့်နေ့ထိ ကြားကာလ (Turn around time)ကို တိုနိုင်သမျှတိုအောင်ကြိုးစားသင့်သည်။ ထိုကာလတိုလေ ဆောင်းသီးနှံကို အလျင်အမြန် စိုက်ပျိုးနိုင်လေ၊ ဆောင်းသီးနှံအတွက် အစိုဓါတ်ပိုမို ရရှိလေ၊ ဆောင်းသီးနှံဖြစ်ထွန်းချိန် ကောင်းစွာရရှိစေ၊ ဆောင်းသီးနှံ၏ အထွက်စွမ်းရည် ပိုမိုမြင့်မားလေ ဖြစ်ပါသည်။
    စပါးပြီးစိုက်ပျိုးသည့်ဆောင်းသီးနှံသည် ပဲမျိုးစုံသီးနှံ တစ်မျိုးမျိုးဖြစ်ပါက မျိုးစေ့ကို သက်ဆိုင်ရာ ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်တတ်သည်။ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ပင်စည် ထိုးပိုး(Stem Fly)ကျရောက်တတ်သည်။ ကြိုတင်ကာကွယ် သည့်အနေဖြင့် မျိုးစေ့ကိုသင့်တော်ရာဆေးဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။
ထို့ပြင်အသုံးပြုမည့်မျိုးသည် အသက်လျင်သင့်သည်။ ဈေးကွက်အမြင့်ဆုံးရနိုင်သည့်မျိုး ဖြစ်သင့်သည်။ စိုက်စနစ်မှာ လုပ်သားလုပ်အား သုံးစွဲမှုအနည်းဆုံး၊ ကုန်ကျစရိတ်အနည်းဆုံးဖြင့် စိုက်ပျိုးမှု လွယ်ကူစေသင့်ပါသည်။
၂။ နွေစပါးသီးနှံ
    နွေစပါးဟုဆိုသော်လည်း အများစုမှာသီးထပ်စပါးဖြစ်သည်။ မိုးစပါးရိတ်ချိန်နှင့် မိုးစပါးအပြီး မတ်ပဲကဲ့သို့ ဆောင်းသီးနှံ တစ်မျိုးမျိုးကိုစိုက်ပျိုးခဲ့ပါက အဆိုပါသီးနှံရိတ်သိမ်းချိန်ပေါ်မူတည်၍ နွေစပါး ကိုစိုက်ကြပေရာ နွေစပါးစိုက်ချိန်သည် အမျိုးမျိုးကွဲပြားနေသည်။ မိမိဒေသ မိမိအခြေအနေနှင့် ကိုက်ညီ သည့်စိုက်ချိန်သည် စိုက်ချိန်မှန်ဟု ဆိုရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသနွေစပါးများအတွက် မိုးစပါးရိတ်သိမ်းပြီးသည်နှင့် နွေစပါးကို စတင်စိုက်သင့်သည်။ စပါးပင်ကြီးထွားကာလတွင် ဆောင်းရာသီကိုဖြတ်သန်းသည်ဆိုသော်လည်း ဆောင်းရာသီက အထက်ပိုင်းဒေသများလို အပူချိန်များစွာနိမ့်ကျခြင်းမရှိသဖြင့် စပါးပင်ကို ထိခိုက်ခြင်း မရှိနိုင်ပါချေ။
ရေတက်ရေကျရှိသည့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ရေငန်ဝင်ရေကို ရှောင်ရှားဖို့ လိုသည်။ ဇန်နဝါရီလတွင် ရေငန်စတင်နိုင်ပြီး ဖေဖေါ်ဝါရီလတွင် ရေပိုမိုငန်လေ့ရှိကြောင်း ကြားဖူးသည်။ အဆိုပါ ဒေသများအဖို့ နိုဝင်ဘာလတွင် နွေစပါးစတင်သင့်သည်၊
မုတ်သုန်ဝင်တော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများက စတင်ဝင်ရောက်သည်။ မေလတွင် မုတ် သုန် စတင်ဝင်ပြီး မိုးမလှိုင်မီ နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းဖို့လိုသည်။ ဤသို့ဆိုလျင် နွေစပါး စိုက်ချိန် စောကိုစောရပါမည်။
ဒါ့အပြင် မြန်မာနိုင်ငံအောက်ပိုင်းဒေသလယ်သမားကြီးများ၏ လယ်ယာမြေပိုင်ဆိုင်မှုက အထက်ပိုင်းဒေသနှင့်မတူ။ ဧရိယာ များများပိုင်ဆိုင်သူများသည်ဟုသိရသည်။ အချိန်မီပြီးစီးဖို့ စောစော ကြိုတင်စိုက်ရပါမည်။
၃။ ကြံသီးနှံ
ကြံသီးနှံကို မြေတွင်းလက်ကျန်အစိုဓာတ်အပေါ် မူတည်ပြီး စိုက်ရမှာဖြစ်သည်။ မြေတွင်း လက်ကျန်အစိုဓာတ်သည် ဒေသ အများစုတွင် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလပထမပါတ်အထိလောက်သာ ရှိနေတတ်သည်။ မြေတွင်းအစိုဓာတ်ကျန်ရှိမှုအရ နိုဝင်ဘာလတွင်   ကြံသီးနှံကို စတင်စိုက်ပျိုးသင့် သည်။
ကြံသီးနှံသည် ကြီးထွားချိန်ကာလတွင် ပူအိုက်စွတ်စိုသောရာသီကို ကြိုက်နှစ်သက်သည်။
နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင်စိုက်မှသာ ကြီးထွားချိန်အကြိုက်ရာသီဥတုနှင့် ကြုံတွေ့ရပေသည်။ သို့ဖြစ်၍ ကြံပင် များသည် အဆစ်ကြဲသည်။အပင်မြင့်သည်။ အထွက်အမြင့်ဆုံးပေးရခြင်းဖြစ် ပါသည်။
အချိန်အခါမီ ရာသီမှန်စိုက်ခြင်းကြောင့် ကြံပင်ပေါက်ညီညာကောင်းမွန်ခြင်း၊ သတ်မှတ် အပင်ဦးရေ ပြည့်မီခြင်း၊ ကြီးထွားနှုန်း မြန်ဆန်ခြင်းစသည့် အကျိုးများရရှိစေပါသည်။
    စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တွေ့ရှိချက်ကလည်း နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့ တွင်စိုက်သောကြံသည် တစ်ဧကအထွက်နှုန်းကောင်းသည်ဟုဖေါ်ပြထားပါသည်။
ဆင်းသီဟ



East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်