မေးခွန်းတွေမေးကြမယ်။ဖြေကြမယ်။ (အော်ဂဲနစ် စိုက်ပျိုးရေးကို ဘာလို့ ကြိုက်ကြတာလဲ)

19/01/2018 12:48 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ကျနော့် အမြင်ကို ချပြရင်း လိုအပ်တာရှိရင် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

အော်ဂဲနစ်စိုက်ပျိုးရေးဟာ ဓာတုဓာတ်ကြွင်းနည်းခြင်း၊ အဆိပ်အတောက် အာနိသင်နည်းခြင်း စတဲ့ အချက်တွေကြောင့် ကျန်းမာရေးအတွက် ညီညွတ်တယ်ဆိုပြီး ပြောနိုင်သလို ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေး၊ မှိုသတ်ဆေး၊ မြေဩဇာ ဆိုးကျိုးတွေကြောင့် ပြောင်းလဲသင့်ပြီးလို့ပဲ အများဆုံးဖြေရပါမယ်။ ဒီလို ဆိုရင် ကျနော်တို့ မြန်မာလူမျိုး အများစုအတွက် ယေဘုယျတော့ ကိုက်ညီတဲ့ အဖြေဆို မမှားဘူးလို့ ဆိုရပါမယ်။ ဒါပေမယ့် စျေးတခုခုမှာ လူတစ်ယောက်ကို စျေးဝယ်ခိုင်းရင် အသီး၊ အရွက်တွေကို အရောင်အဆင်း၊ အနာအဆာနဲ့ပတ်သက်ပြီး ညံ့တာ၊ ကောင်းတာ သူဘယ်လိုရွေးမလဲ။ ကျနော်ဆိုရင်ကော ပိုးပေါက်ဒဏ်ရာများတဲ့ အသီးအရွက်ကို ဝယ်မလား၊ အလှဆုံး အကောင်းဆုံးကို ရှာဝယ်မလား။ ကျနော် ခရီးထွက်တိုင်း စျေးအချို့ကို လျှောက်ကြည့်ဖူးပါတယ်။ ဂေါ်ဖီလှတာလေးပေး ပါလို့ အများဆုံးကြားရပြီး ဂေါ်ဖီကို ဒီဘက်က ပိုးထိုးတာလေးပေးပါ၊ ဘယ်လောက်ပေးရပေးရလို့ တခါမှ မကြားဖူးပါဘူး။ အခု ဒီစာဖတ်သူတိုင်းလဲ အဲလို စကားသံကိုကြားဖူးမယ်လို့ မထင်ပါဘူး။ ဒီလိုဆိုရင် အော်ဂဲနစ်နည်းနဲ့ စိုက်ပါတယ်ဆိုတဲ့ အရွက်တွေ အသီးတွေ ဘယ်ပျောက်ကုန်လဲ။ စူပါမားကတ်တွေမှာလား။ တိုင်းမြို့ကြီးတွေက စျေးတွေမှာလား ရှာကြည့်မယ်ဆိုရင် အော်ဂဲနစ် သီးနှံတွေ မတွေ့ရသလောက် မရှိဘူးပြောရမလောက်ဖြစ်နေတယ်ဗျ။

ဒါဆို အော်ဂဲနစ်စိုက်ပျိုးရေးကို ဘယ်လိုလူမျိုးတွေ အသက်သွင်းလာတာလဲ။ဘယ်လို အတွက်လဲ တွေးစရာဖြစ်လာပြန်ပါပြီ။
ဆရာမ ဒေါက်တာဒေါ်သန်းသန်းစိန် (မြန်မာအော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်သူများအသင်း) နဲ့ တကွ အော်ဂဲနစ်စိုက်ပျိုးသူများအဖွဲ့စသဖြင့် အင်တိုက်အား တိုက်ဆောင်ရွက်နေတာ တွေ့ရပြီး တခြားလူတွေဆိုရင်တော့ multi level network marketing အဖွဲ့သားများ ဝိုင်းတော်သားများဆိုလျှင် အဖြေလွဲမယ်လို့ မထင်ပါဘူး။ တစ်ခုတော့ ဝန်ခံပါတယ်။ ဒီစာကိုရေးသားခြင်းဟာ အော်ဂဲနစ်စနစ်တည်ထောင်ဖို့အတွက် လိုအပ်တာတွေ ထောက်ပြချင်တဲ့အတွက် ရေးသားတာပါလို့ ဝန်ခံပါရစေ။ အော်ဂဲနစ်စနစ်တွေနဲ့ပတ်သက်ရင် ကျနော်သိတာ အရမ်းကိုနဲပါးပါသေးတယ်။ multi level network marketing အဖွဲ့သားများ ဝိုင်းတော်သားများဟာ တယောက်နဲ့တယောက် အချက်အလက် ဝေမျှမှု အပိုင်းမှာ အရမ်းမြန်လွန်းပါတယ်။သူတို့ကို သင်ပေးနေတဲ့ ဆရာတွေရဲ့ စိုက်ပျိုးရေးအသိတွေကို သင်ပြပို့ချနေပေမယ့် အဓိကအားဖြင့် သူတို့ထုတ်ကုန်ကနေ စျေးရောင်းဖို့ရည်ရွယ်ပြီး အော်ဂဲနစ်ကို ခုတုံးလုပ်နေတယ်လို့ မြင်လာမိပါတယ်။ ဘာလို့လဲဆိုတော့ အော်ဂဲနစ်စနစ်မှာ သူနဲ့ပက်သတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒါတွေမသိပဲ အော်ဂဲနစ်ဆေး တွေ သုံးရုံနဲ့ အော်ဂဲနစ်သီးနှံဖြစ်မလာပါဘူး။ သူတို့လိုတဲ့ဘက် ဆွဲပြီး ရမ်းကောက်ချက်ချ မိမိပါလာ တဲ့ဆေးလေးတွေ ရောင်းဖို့ပဲ ဦးတည်တယ်လို့ မြင်တယ်ဗျ။

တောင်သူတွေ ကြားမှာ အော်ဂဲနစ်စနစ်တွေ ဘာလို့ မှေးမှိန်နေတာလဲ
တောင်သူတွေကို ဓာတုဓာတ်ကြွင်းပြသနာတွေနားလည်အောင် ရှင်းပြနိုင်တဲ့ multi level network marketing အဖွဲ့သားများ ဝိုင်းတော်သားများကို ကျေးဇူးတင်သင့်ပါတယ်။ ဒါပေမယ့် သူတို့ပစ္စည်းသုံး ဖို့လှည့်ချိန်ကျတော့ ပြသနာက စရောဗျ။ နာနို၊ ဆပ်ပြာမှုန့် စသဖြင့် နေရာမရွေး၊ ဒေသမရွေး၊ လူမရွေး ပြောဟောလာပြီး ရောင်းချလာ တာတွေ့ရပါတယ်။ သုံးသူကသုံးပေမယ့် အလွန်အကျူးပြောဆိုမှု တွေကြောင့် တကယ်တန်း အထွက်နှုန်းထက်လဲ လျော့လာရော တောင်သူတွေ ခမျာ ရာသီက တမျိုး အကြွေးကတင် အထွက်ကကျ ဆိုလာတော့ အော်ဂဲနစ်စနစ်ဆိုရင် လူလိမ်တွေလို့မပြော ကံ ကောင်းဖြစ်ရော။

နောက်တချက်က အော်ဂဲနစ်စနစ်မှာ တခြားရေရှည်ခံနည်းစနစ် ခေတ်မီစိုက်ပျိုးရေးစနစ်လောက် အပင်အလုပ်လုပ်နှုန်းမမြန်သလို အထွက်နှုန်းလဲ လျော့နည်းတတ်ပါတယ်။ တောင်သူတွေဘက်က ကြည့်မယ်ဆိုလျှင် အရင်က ဘေးကြားစပါး တင်း၈၀၊၁၀၀ကြား ထွက်ပေမယ့် အခုလက်ရှိမှာ တင်း၈၀ဆိုတာ အမြင့်ဆုံးဖြစ်နေပါတယ်။ မတ်ပဲ တစ်ဧက တင်း၁၅ ၂၀ ယခင်ကရှိပေမယ့် လက်ရှိ မှာ ၅ တင်း၊ ၁၀ တင်းဆိုတာ အထွက်နှုန်းမြင့်တယ် ဆိုနေရတာ တောင်သူတွေဘက်က အခြေနေတစ်ခုပါ။ ဒါဟာ မျိုးအရည်အသွေး ထိန်းသိမ်းမှုညံ့လာလို့ ရာသီဥတုပျက်စီးမှု မြေဆီလွှာခန်းခြောက်မှုစတဲ့ပြသနာ တွေကြောင့် ဖြစ်လာတဲ့အရာတွေပါ။ ဒီတော့ မျိုးစေ့အရည်အသွေးမြင့်တင်တဲ့အနေနဲ့ မျိုးကောင်း မျိုးသန့်လဲခြင်း မြေဆီလွှာထိန်းသိမ်းမှုတွေ ပတ်ဝန်းကျင်ရာသီဥတု micro climate ကို ကနဦးပြောင်းလဲ ပြီးမှ တခြားရေရှည်ခံ စိုက်ပျိုးရေးစနစ် ထိုမှတဆင့် အော်ဂဲနစ်စနစ် အဆင့်ဆင့်ပြောင်းလဲရမှာပါ။

ဒီလိုဆို အော်ဂဲနစ်စနစ်က အသုံးမကျဘူးလား။အသုံးမတည့်တော့ဘူးလား
အဲလိုမေးခဲ့ရင် ဒီလိုဖြေချင်ပါတယ်။ အော်ဂဲနစ်သီးနှံက နိုင်ငံတကာမှာ စျေးမြင့်ပါတယ်။  ကျနော်တို့နိုင်ငံမှာလဲ အသက်သွင်းနေပါပြီ။ ကျနော့်အနေနဲ့ အမြင်ကတော့ တောင်သူတွေ အများစု အတွက်ပြောမယ်ဆို ဓာတု အာနိသင်နည်းသော ထုတ်ကုန်ဆိုလျှင် အဆင်ပြေပါလိမ့်မယ်။ နိုင်ငံခြားပို့ကုန် ဖြစ်တဲ့ စပါး၊ပဲ၊နှမ်းကအစ ခြံထွက်သီးနှံအဆုံး ဓာတုဓာတ်ကြွင်းနည်းမှ စျေးကွက်မှာ မျက်နှာပန်းလှသလို တောင်သူတွေ အနေနဲ့ အထွက်နှုန်းထိခိုက်မှု နည်းစေတာကြောင့် နှစ်ဘက်စလုံးမှာ အဆင်ပြေပါလိမ့်မယ်။လက်ရှိအနေအထားမှာတော့ အော်ဂဲနစ်စနစ် စိုက်ပျိုးရေးကို လူတန်းစားတခု လူနည်းစုအစုအတွက်ပဲ အဆင်ပြေပါလိမ့်မယ်။ငွေကြေးအနေနဲ့တော့ ကုန်ကျမှုတွေ ရှိနေပါလိမ့်မယ်။

အော်ဂဲနစ်စနစ်မှာ ဓာတုဆေး လုံးဝသုံးလို့မရဘူးလား
ဒီကိစ္စက  နိုင်ငံအလိုက် အမျိုးမျိုးပြောင်းလဲမှုတွေရှိပါတယ်။ အမေရိကန်၊ ဂျပန်တို့မှာ ဓာတုဆေးသုံးစွဲမှုကို သိသိသာသာတင်းကြပ်လေ့ရှိပေမယ့် ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဓာတုဆေးသုံးစွဲမှုကို တင်းကြပ်လို့ လုံးဝအဆင်မပြေပါဘူး။ စနစ်တကျ သုံးစွဲမှုကနေ အစပြုမှသာ အဆင်ပြေပါလိမ့်မယ်။ အချို့လူတွေက အော်ဂဲနစ်စနစ်ကို သုံးပြီး အောင်မြင်နေပြီ။ အော်ဂဲနစ်လက်မှတ်(certificate)တောင် ကျပြီဆိုတဲ့ အဖြေတွေကြားရပါတယ်။ ဒါပေမယ့် ဒီလက်မှတ် ဆိုတာ အစိုးရမဟုတ်သောအဖွဲ့အစည်း  သုံးဖွဲ့လောက်မှာ  အခကြေးငွေ အချို့နဲ့လျောက်လို့ရပါတယ်။ လုပ်ငန်းအောင်မြင်မှုကို တကယ်အတိအကျဆောင်ရွက်မှုနဲ့သာ တိုင်းသင့်ပါ့်တယ်။

အော်ဂဲနစ်သီးနှံပါလို့ အော်ဂဲနစ်စနစ်ကဆေးသုံးတိုင်း ပြောလို့ရမလား
လုံးဝမရပါဘူး။ လိမ္မော်လို အပင်မျိုးကို အော်ဂဲနစ်အသီးလို့ခေါ်မရသလို အာမခံလို့ကိုမရပါဘူး။ အပင်မှာကျတတ်တဲ့ ရောဂါပိုးမှန်သမျှ အားလုံးကျတတ်ပြီး heavy feeder ခေါ်မယ့် အစားအစာလိုအပ်ချက်အရမ်းမြင့်ပါတယ်။ ဓာတုကိုင်တွယ်ဖြေရှင်းမှုမရှိပဲ လုံးဝမဖြစ်နိုင်ပါဘူး။ ထိုနည်းအတူ မြန်မာ့စိုက်ပျိုးရေးနယ်ပယ်အရ ဆိုရင်လည်း ဖရဲ၊ သခွားမွှေး၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ် စတာတွေကို အော်ဂဲနစ်စနစ်မှာကိုင်တွယ်ဖို့ခက်သလို ဓာတုဓာတ်ကြွင်းနည်းနိုင်သမျှနည်းအောင် လုပ်နိုင်ရင်ပဲ အတော်ဟုတ်နေပြီ။ ဘယ်လောက်ကောင်းတဲ့ အော်ဂဲနစ်ဆေးတွေဖြစ်ဖြစ် အခုလိုသီးနှံတွေအတွက် အော်ဂဲနစ်ဆိုတာ မြန်မာပြည်အတွက် မဖြစ်နိုင်သေးပါဘူး။ ကြိုးစားရအုံးမှာပါ။ စပါး၊ နဂါးမောက်လို သီးနှံတွေတော့ အော်ဂဲနစ်က ဖြစ်နိုင်ပါသေးတယ်။

ဒီလိုဆို ဘယ်စနစ်က မြန်မာတောင်သူတွေ အများစုအတွက် အဆင်ပြေဆုံးလဲ
ဒီအကြောင်းကိုမပြောခင် အော်ဂဲနစ်စနစ်ဆိုတာ ဓာတုဓာတ်ကြွင်းအာနိသင်နည်းပြီး ပတ်ဝန်းကျင်နှင့် လူတို့ကျန်းမာရေးကို မထိခိုက်အောင် ထုတ်လုပ်ထားသော စနစ်ဖြစ်တယ်ဆိုတာ သိစေချင်တယ်။ ရေရှည်ခံစိုက်ပျိုးရေးဆိုတာ အော်ဂဲနစ်စနစ်နဲ့ ဓာတုစိုက်ပျိုးရေးကို အချိုးညီညွတ်အောင်သုံးပြီး အထွက်နှုန်း မထိခိုက်ပဲ လူတွေ ကျန်းမာရေးမထိခိုက်သည့်အပြင် ပတ်ဝန်းကျင် ရေ၊ မြေကို ရေရှည်အသုံးပြုနိုင်အောင်ပါ ထည့်သွင်းစဉ်းစားအကောင်အထည်ဖော် ဆောင်ရွက်ရတဲံ့စနစ် တစ်ခုဖြစ်ပါတယ်။ ဒီလိုဆိုရင် အခုအကြောင်းအရာ နှစ်ခုဖြစ်တဲ့ အော်ဂဲနစ်စိုက်ပျိုးရေး နှင့် ရေရှည်ခံ စိုက်ပျိုးရေးစနစ် တွေမှာ မြန်မာတောင်သူတွေအတွက် ဘယ်အရာ အသုံးတည့်မလဲ စဉ်းစားနိုင်ပြီလို့ ထင်ပါတယ်။ အမှန်တော့ အများစုသော တောင်သူတွေအတွက် အထွက်လဲကောင်းမယ် အရင်းလဲနည်းရမယ်ဆိုရင် ရေရှည်ခံစနစ်ဟာ အသင့်တော်ဆုံးပါ။ နောက်ပိုင်း အော်ဂဲနစ်စျေးကွက် ဖွံ့ဖြိုးမှသာ အော်ဂဲနစ်စနစ်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဖြေးဖြေးချင်းတောင်သူ တွေ နားလည်အောင် ပြောင်းလဲအောင် ကာလတစ် ခုစောင့်သင့်သေးတယ် (အချိန်လိုသေးတယ်)လို့ ယူဆတယ်ဗျ။

အော်ဂဲနစ်ဆေးတွေ ပစ္စည်းတွေဟာ ဝယ်သုံးရတာလား။ကိုယ်တိုင်ကော လုပ်လို့မရဘူးလား
လူတိုင်းဟာ အလွယ်ရတဲ့ ပစ္စည်းကို အလွယ်တကူဖြေရှင်းလေ့ရှိပါတယ်။ အော်ဂဲနစ်ဆေးဆိုပြီး စိုက်ပျိူးရေးနယ်ပယ်တွေမှာ တော်တော်လေးတွေ့ရပါတယ်။ နာနိုတွေ ဘိုင်အိုအင်ဇိုင်းခေါ်တဲ့ ဆပ်ပြာတွေ အပင်အားဆေးစသဖြင့် အတော်စုံလင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ အော်ဂဲနစ်ဆေးစစ်မှန်ပါတယ်ဆိုတာ နိုင်ငံတကာ အသိမှတ်ပြုစာတမ်းတွေ မြန်မာအစိုးရအသိမှတ်ပြုတဲ့ အော်ဂဲနစ်ဆေးဖြစ်ကြောင်းစတာတွေ မတွေ့ရပဲ အော်ဂဲနစ်ဖြစ်ပါတယ်လို့ လုံးဝလက်မခံသင့်ပါဘူး။
လက်ရှိ အနေအထားမှာ ကိုယ်တိုင်ပြုလုပ်အသုံးပြုဆေးသာလျှင် ရာနှုန်းပြည့် အာမခံချက်ပေးနိုင်ပါလိမ့်မယ်။

ဘိုကာရှီမြေဆွေး EM5 ဝါးပေါင်းခံရည် ဂျင်းကြက်သွန်ဖြူဆေးတွေ အသီးအချဉ်ဖောက်ရည်တွေ ကြက်ဥခွံတွေ ကြက်ချေး နွားချေးတွေ စတာတွေ လုပ်နည်းကိုင်နည်းတွေ အများကြီးရှိပါတယ်။ တကယ်လဲ အသုံးတည့်သလို တန်ဖိုးလဲ အလွန်နည်းပါးတာကြောင့် တောင်သူတွေ သွင်းအားစုတွေမှာ လျော့ကျပြီး အကျိုးရှိစေပါတယ်။မိမိကိုယ်တိုင် လုပ်ယူဖို့နဲ့ လုပ်ကိုင်ဖို့ အချိန်တစ်ခုပဲ လိုတာပါ။ ဝယ်သုံးမှ ကောင်းတာမဟုတ်ပါဘူး။

ခင်ဦးမြို့နယ်က ကွမ်းစိုက်သူတစ်ဦးဆိုရင် သူကိုယ်တိုင် ထုတ်လုပ်ထားတဲ့ အော်ဂဲနစ်  အခြေခံဆေးတွေကို အသုံးပြုလာတာတွေ့ရပြီး တကယ်လဲ အောင်မြင်မှု အသီးအပွင့် အရသာကို ခံစားရတာကို မျက်မြင်ကိုယ်တွေ့ရှိပြီး သူဟာ အော်ဂဲနစ်အပြင် လိုအပ်ပါက ဓာတုဆေးလေးတွေပါ ကိုင်တယ်အသုံးချနေတာကြောင့် သူ့ကွမ်းခြံဟာ နာမည်ရလျက်ရှိပါတယ်။ နောက်တစ်ချက်က အော်ဂဲနစ်ဆေးရောင်းသူတွေအနေနဲ့ ထုတ်လုပ်သူ ဒါမှမဟုတ် မိမိတို့ဆရာဆိုသော ပုဂ္ဂိုလ်တွေကို ထိုထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး တိတိကျကျမေးထားဖို့ လိုပါတယ်။ဒီဆေးကဘာအတွက် ဘယ်ပိုးအတွက် ဘယ်လိုအဆင်ပြေတယ်ဆိုတာမျိုး တိတိကျကျ သတင်းတွေ မှန်ကန်တဲ့ သတင်း တွေကိုပဲပေးသင့်ပါတယ်။ ကုမ္ပဏီတခုမှာ ဖြစ်ခဲ့ဘူးတဲ့ ဥပမာ တခုကိုပြောချင်ပါတယ်။ အော်ဂဲနစ်ပေါင်းသတ်ဆေး ဆိုပြီး တောင်သူတွေ ဆီဖြန့်ပါတယ်။ ပေါင်းက မသေဘူးဆိုပြီး တောင်သူတွေဘက်က ပြသနာ တက်လာတော့ အဲဒီပေါင်းသတ်ဆေးသွင်းတဲ့ ကုမ္ပဏီက မရှင်းတက်ပဲ ကြားက စိုက်ပျိုးရေးအကြောင်း နားလည်တဲ့လူ သူတို့အခေါ် ဆရာသမားက ဝင်ရှင်းပေးတယ်။ ပေါင်းသတ်ဆေးမဟုတ်ဘူး။ ပေါင်းပုပ်ဆေးတဲ့။ ဆေးဖျန်းပြီး ထယ်လုံအောင်မှောက်ရင် ပေါင်းတွေ ပုပ်ကုန်တယ်တဲ့။ဒိကိစ္စမှာ ကျနော့်အမြင်ကတော့ အဲဒီပေါင်းသတ်ဆေး မဖျန်းလဲ ပေါင်းတွေက မြေအောက်ရောက် ရင် ရေနဲ့တွေ့ပြီး မြေ၊ ရေ၊ လေ၊ အပူဓာတ်ကြောင့် ပုပ်ပါတယ်။ အဲလို သတင်းအမှားတွေနဲ့ လွဲမှားတဲ့ ဖြေရှင်းမှုတွေက တောင်သူတွေကို အယုံကြည်ပျက်စေပါတယ်ဗျာ။

အခုဆိုရင် ကျွန်တော်ပြောချင်တဲ့ သတင်းတွေ အချက်အလက်တွေကို အမေးအဖြေသဘောမျိုးနဲ့ တင်ပြထားတာ ပြီးပါပြီ။ ကျနော်ဖြေတာထက်ပြည့်စုံအောင်ထပ်မံဖြေချင်တယ် ဖြည့်စွက် ချင်တယ်ဆိုရင် ဖြည့်စွက်နိုင်ပါတယ်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်