မြေဆီအဟာရတွေ လိုအပ်တာထက်ပိုထည့်မိတဲ့အခါ ဘာဆက်လုပ်ကြမလဲ

19/03/2020 11:30 AM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အားလုံးပဲမင်္ဂလာပါ

    ကျွန်တော်တို့ စိုက်ပျိုးရေးသမားအများစုဟာ အပင်မစိုက်ပျိုးမီ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုထည့်ဖို့ကို အားသန်ကြပါတယ်။ သို့ပေမယ့် လိုတာထက်ပိုထည့်မိတဲ့အခါ ကျွန်တော်တို့ ထည့်တွက်မထားမိကြတဲ့ နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာအားဖြင့် သဘာဝမြေသြဇာဖြစ်တဲ့ ကြက်ချေးမြေသြဇာကို မြောက်များစွာထည့်ခြင်းက စိုက်ပျိုးသီးနှံကို ပူပြီးလောင်စေနိုင်ပါတယ်။ ထို့အတူပါပဲ သဘာဝမြေသြဇာမှာလည်း တစ်မျိုးတည်းခွဲကျွေးတဲ့ အလေ့အထအများစုက လက်ဆပိုသွားတာမျိုးဖြစ်တတ်ပါတယ်။ မိမိရဲ့စိုက်ပျိုးမြေဟာ ဘာတွေအဓိကလိုအပ်နေလဲဆိုတာ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ထားမှသာ  သိရှိနိုင်တဲ့အတွက် တစ်မျိုးတည်းခွဲကျွေးတာမျိုးတော့ သီးနှံရဲ့လိုအပ်ချက်များအပေါ် မူတည်ပြီး စိုက်ပျိုးရေးကျွမ်းကျင်ဝန်ထမ်းတစ်ဦးဦးနဲ့ တိုင်ပင်ပြီးမှ ကျွေးတာ အကောင်းဆုံးဖြစ်ပါတယ်။

    အဲ့တာကြောင့် ယခုဆောင်းပါးရဲ့ အဓိကခေါင်းစဉ်ဖြစ်တဲ့ “မြေဆီအဟာရတွေ လိုအပ်တာထက်ပိုထည့်မိတဲ့အခါ ဘာဆက်လုပ်ကြမလဲ’’ ဆိုတာက စိုက်ပျိုးရေးလောကမှာ လွန်စွာအရေးကြီးပါတယ်၊ ဘယ်သူကမှ အဟာရမျှမျှတတကျွေးဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ သို့ပေမယ့် မိတ်ဆွေက မြေသြဇာအလွန်အကျွံထည့်လိုက်လို့ ပြသနာတစ်ခုခုရှိနေတဲ့အခါ အောက်ပါနည်းလမ်းအချို့က ဖြေရှင်းရန် အသုံးဝင်စေပါလိမ့်မယ်။

(က) ရေသွင်းပြီး ဖေါက်ချလိုက်ပါ

    ရေများများသွင်းပြီး ပျော်ဝင်စေခြင်းဖြင့် ပိုကျွေးမိထားတဲ့ မြေဆီအချို့ကို မျောပါစေနိုင်ပါတယ်။

    ဥပမာ ဆိုဒီယမ်က မြေကြီးထဲမှာ ပါဝင်မှုများနေခဲ့ရင် ရေမသွင်းမီမှာ မြေကြီးထဲကို ပထမဦးစွာ ဆာလဖာ သို့မဟုတ် ဂျစ်ပဆန် ထည့်ထားဖို့ လိုအပ်ပါတယ်။ ထို့နောက် ရက်သတ္တပတ် ၃ ပတ်ခန့်ကြာတဲ့အခါမှာ ထိုမြေများကို ရေသွင်းခြင်းဖြင့် ဆိုဒီယမ်ပိုလျှံမှု (ဆားပေါက်မှု) ပြသနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ရေသွင်းရန် ရေအလုံအလောက်မရှိတဲ့ အညာဒေသမှာတော့ မိုးရာသီမှာ ချိန်ညှိပြီးပြုလုပ်နိုင်ပါတယ်။

(ခ)မြေသြဇာစားသုံးမှုနှုန်းများတဲ့ အပင်တွေစိုက်ပါ

    ဒီနည်းကတော့ အဓိကအားဖြင့် နိုက်ထရိုဂျင် (သို့) ပုလဲမြေသြဇာ များစွာထည့်မိခဲ့ရင် ဒီနည်းနဲ့ဖြေရှင်းတာ အထိရောက်ဆုံးဖြစ်ပါတယ်။ စိုက်ပျိုးမြေထဲမှာ နိုက်ထရိုဂျင်ဓာတ်များပြားနေခဲ့ရင်တော့ စားသုံးနှုန်းမြင့်မားတဲ့ အစိမ်းရောင်သီးနှံအများစုကို တစ်ရာသီ စိုက်ပျိုးခြင်းဖြင့် ဖြေရှင်းနိူင်ပါတယ်။ အစိမ်း​ရောင်အရွက်စား၊ အသီးစား သီးနှံအများစုဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီစိမ်း၊ မုန်လာဥ စတဲ့သီးနှံတွေက အပေါ်ယံမြေဆီလွှာပေါ်က နိုက်ထရိုဂျင်အမြောက်အများကိုစားသုံးပြီး ကြီးထွားကြပါတယ်။ ဒါ့ကြောင့် ပိုလျှံတဲ့ နိုက်ထရိုဂျင်တွေကို မြေကြီးထဲကဖယ်ရှားရာမှာ ဒီနည်းလမ်းက အကျိုးရှိပြီး ထိရောက်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။

(ဂ)  မြေဖုံးသီးနှံများနှင့် သီးထပ်စိုက်ခြင်း

    မြေဖုံးသီးနှံများစိုက်ပျိုးခြင်းဖြင့် ပိုမိုကျွေးထားတဲ့ ဓာတုမြေသြဇာ ပိုလျှံမှုပြဿနာကို ​ဖြေရှင်းပြီးသားဖြစ်စေပါတယ်။ အဓိကစိုက်ပျိုးထားတဲ့ သီးနှံရဲ့ အဓိကမြေဆီလိုအပ်ချက်ကိုလည်း ဖြည့်တင်းပေးပါတယ်။ ပဲသီးနှံကို သီးထပ်စိုက်ခြင်းက မြေဆီလွှာရဲ့နိုက်ထရိုဂျင်ကို မပြတ်လတ်တဲ့ အကျိုးကျေးဇူးကို ပေးပါတယ်။

(ဃ) ၁၅ပတ်လည်မြေသြဇာနဲ့ သဘာဝမြေသြဇာ

    ၁၅ပတ်လည်မြေသြဇာနဲ့ သဘာဝမြေသြဇာများစွာသုံးစွဲခြင်းဖြင့် မြေဆီလွှာရဲ့ လိုအပ်ချက်များကို ပြန်လည်ညီမျှလာစေနိူင်ပါတယ်။ အထက်ပါနည်းလမ်းများအသုံးပြုပြီးတော့ မြေဆီလွှာထဲပိုလျှံနေတဲ့ ဓာတုမြေသြဇာတွေကို ဖယ်ရှားကြည့်ရအောင်လားဗျာ၊၊

ပြည့်ဖြိုးသော်

  (ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်