ရောဂါလက္ခဏာများ
ရောဂါကျစပါးပင်တွေမှာ စပါးရွက်တွေ အညိုရောင်သန်းတာနဲ့ ခြောက်သွားတာကို တွေ့ရပါတယ်။ ဆိုးဝါးပါက အလင်းမှီစုအစာချက်လုပ်တဲ့ဧရိယာ ဆုံးရှုံးသွားတာကြောင့် စပါးအထွက်ကို လျော့နည်းစေပါတယ်။
တွေ့ရှိရသည့်နေရာ
ဒီရောဂါကို အပူချိန်မြင့်ပြီး လေထုစိုထိုင်းဆမြင့်တဲ့ ဧရိယာတွေမှာ တွေ့ရပါတယ်။ ဒီရောဂါဟာ မျိုးစေ့နဲ့ ရောဂါကျရိုးပြတ်တွေကတစ်ဆင့် နောက်စပါးစိုက်ရာသီအထိ ကူးစက်နိုင်ပါတယ်။ ဒီရောဂါကို စပါးရွက်တွေမှာ၊ ရေထဲမှာ ဒါမှမဟုတ် စပါးရိတ်ပြီး ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေမှာ တွေ့ရပါတယ်။
အထူးသဖြင့် ဒီရောဂါကို အာရှတိုက်ရဲ့ သမပိုင်းနဲ့ သမနွေးပိုင်းဒေသတွေ၊ မက်ဒါဂက်စ်တာ အပါအဝင် အာဖရိကတိုက်၊ တောင်အမေရိကတိုက်နဲ့ သြစတေးလျတိုက်တို့မှာ အတွေ့ရများပါတယ်။ ဒီရောဂါဟာ စပါးပင်ပွားအများဆုံးထွက်ချိန်ကနေ စပါးနှံစထွက်ချိန်အထိ အစောပိုင်းအဆင့်တွေမှာ ကျရောက်နိုင်ပါတယ်။ အရွယ်ရောက် စပါးပင်တွေကတော့ ဒီရောဂါကနေ အလွယ်တကူ နလံပြန်ထူနိုင်ပြီး စပါးအထွက် နည်းနည်းသာ ဆုံးရှုံးပါတယ်။
ရောဂါခွဲခြားနည်း
• ရောဂါလက္ခဏာတွေဟာ ကနဦးအနေနဲ့ ရွက်ကြောတွေကြားမှာ သေးငယ်တဲ့ ရေစိုနာကွက်ပုံစံ အတန်းလိုက်ဒဏ်ရာတွေ အဖြစ်ပေါ်လာကြပါတယ်။ ဒီစင်းကြောင်းတွေဟာ ကနဦးက စိမ်းရင့်ရောင်ရှိကြပြီး နောင်မှာ ညိုနုရောင်ကနေ မီးခိုးဝါရောင်ပြောင်းသွားကြပါတယ်။
• ဒဏ်ရာတွေဟာ အလင်းကို ဆန့်ကျင်ပြီး ကိုင်ကြည့်ပါက အလင်းဖောက်နိုင်ပါတယ်။
• စပါးရွက်တစ်ရွက်လုံး အညိုရောင်ပြောင်းသွားနိုင်ကာ ရောဂါပြင်းထန်ရင် သေသွားပါတယ်။
• စိုထိုင်းတဲ့အခြေအနေမှာဆိုရင် ဘက်တီးရီးယားဆဲလ် အစုအဝေးတွေပါနိုင်တဲ့ ဘက်တီးရီးယားစိမ့်ထွက်ရည်ရဲ့ အဝါရောင်အစက်များကို စပါးရွက်တွေရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့ရပါတယ်။
ဒီရောဂါကို ရွက်ညိုပြောက်ရှည်ရောဂါနဲ့ ရောထွေးနိုင်ပါတယ်။ ဒီရောဂါဟုတ်မဟုတ် အတည်ပြုဖို့ အောက်ပါတို့ကို စစ်ဆေးပါ။
• စပါး ဘက်တီးရီးယားရွက်စင်းရောဂါ ဒဏ်ရာတွေဟာ ရွက်ညိုပြောက်ရှည်ရောဂါရဲ့ ဒဏ်ရာတွေထက် ပိုပြီး ပါးလေ့ရှိပါတယ်။
• ရွက်ညိုပြောက်ရှည်ရောဂါဒဏ်ရာတွေဟာ အလင်းမဖောက်နိုင်သလို ဘက်တီးရီးယားစိမ့်ထွက်ရည် မထွက်ပါဘူး။
ရောဂါတိုးနေတဲ့ ရွက်စင်းကြောင်းတွေကို ဖြတ်ကြည့်ပြီး ဖန်ခွက်ထဲထည့်ကြည့်တဲ့အခါ စပါးရွက်ကနေ စိမ့်ထွက်လာလေ့ရှိတဲ့ ဘက်တီးရီးယားဆဲလ် အစုအဝေးကို တွေ့မြင်နိုင်ပြီး နောက် ငါးမိနစ်အကြာမှာ ၄င်းတို့ဟာ ရေကို နောက်ကျိစေပါတယ်။
စပါးဘက်တီးရီးယားရွက်စင်းရောဂါကို စပါးဂုတ်ကျိုးရောဂါနဲ့လည်း ရောထွေးနိုင်ပါတယ်။
စပါးဂုတ်ကျိုးရောဂါနဲ့ စပါးဘက်တီးရီးယားရွက်စင်းရောဂါတို့ဟာ အထူးသဖြင့် ဒဏ်ရာတွေဟာ စပါးရွက် တစ်ရွက်တည်းမှာတွေ့ရရင် အစောပိုင်း ရောဂါကျတဲ့ အဆင့်တွေမှာ တူညီပုံပေါက်ပါတယ်။ ရောဂါကိုခွဲခြားဖို့ ဇီဝဓါတုနည်း၊ ရောဂါဗီဇနည်း ဒါမှမဟုတ် ရောဂါဖြစ်စေသက်ရှိရဲ့အရည်ကို စစ်ဆေးနည်း စတဲ့ စမ်းသပ်ချက်တွေနဲ့ ခွဲခြားနိုင်ပါတယ်။
စီးပွားရေးအရ အရေးပါပုံ
ဒီရောဂါကြောင့် စွတ်စိုတဲ့ရာသီမှာ စပါးအထွက် ၈ − ၁၇% နဲ့ ခြောက်သွေ့ရာသီမှာ ၁ − ၃% ဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
• ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးကို စိုက်ပါ။
• စပါးမျိုးစေ့များကို ရေနွေးနဲ့ စိမ်ပါ။
• လက်ခံပေါင်းပင်တွေကို ဖယ်ရှားပြီး စပါးခင်းကို သန့်ရှင်းနေပါစေ။ စပါးရိုးပြတ်တွေ၊ ကောက်ရိုးတွေ၊ ရောဂါ တစ်ဆင့်လက်ခံပင်တွေကို ထယ်ထိုးမြေမြှုပ်ပါ။
• အထူးသဖြင့် နိုက်ထရိုဂျင်မြေသြဇာကို အချိုးညီသုံးစွဲပါ။
• စပါးခင်းနဲ့ ပျိုးခင်းမှာ ရေထုတ်ကောင်းမွန်ပါစေ။
• ဆိုးဝါးစွာရေလွှမ်းခံရပါက စပါးခင်းထဲက ရေကို ထုတ်ပစ်ပါ။
• မြေကြီးနဲ့ စပါးပင်ကြွင်းပင်ကျန်က ဒီဘက်တီးရီးယားကို သေစေဖို့ ပလပ်ကာလအတွင်း စပါးခင်းကို အခြောက်ခံထားပါ။
• ဒီရောဂါ ဆိုးဆိုးဝါးဝါးကျပါက အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
• ကာစူဂါမိုက်ဆင် (Kasugamycin)
• ဗစ်စ်မာသိုင်ယာဇိုးလ် (Bismerthiazol)
• ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride)
• ကော့ပါးဟိုက်ဒြောက်ဆိုဒ် (Copper hydroxide)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်