ဖရဲသီးများတွင် အသီးအက်ကွဲခြင်းကို အနည်းနှင့်အများ တွေ့ရပါသည်။ အသီးအက်ကွဲရခြင်း ဆိုသည်မှာ အသီး၏ အပြင်ဖက် အခွံသားကွဲအက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အသီးကွဲအက်ရခြင်း အကြောင်းအရင်းများမှာ အသီးဖွံ့ဖြိုးချိန်တွင် ရေပမာဏ မြောက်မြားစွာကို လျင်မြန်စွာ စုပ်ယူခြင်းသည် ပထမအချက်ဖြစ်ပါသည်။ အသီးဖွံ့ဖြိုးချိန်တွင် ရေပမာဏများစွာ စုပ်ယူခြင်းကြောင့် အသီးမအက်ကွဲလျှင်ပင် အသီးအရည်အသွေး လျော့ကျခြင်းနှင့် အသီးရင့်မှည့်ချိန် နှောင့်နှေးတတ်သည်။ ပုံမမှန်သော မိုးရွာသွန်းမှု သို့မဟုတ် ရေသွင်းခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ အသီးဖွံ့ဖြိုးချိန်၌ နိုက်ထရိုဂျင်မြေသြဇာကို အလွန်အကျွံအသုံးပြုခြင်း၊ အသီးကို ပုံမှန်မဟုတ်ဘဲ ကြီးထွားစေခြင်း၊ စိုထိုင်းဆများခြင်း၊ အသီးခွံပါးသောမျိုးများစိုက်ပျိုးခြင်း၊ နေ့အပူချိန်နှင့်ညအပူချိန် ကွာဟမှုများခြင်း စသော အချက်များသည် အသီးအက်ကွဲခြင်းကို ဖြစ်စေသည်။
ကုစားခြင်း
အသီးဖွံ့ဖြိုးချိန်နောက်ပိုင်းတွင် ရေအလွန်အကျွံသွင်းခြင်းကို ရှောင်ပါ။ အသီးအက်ကွဲခြင်းကို ကာကွယ်ရာတွင် အရေးကြီးသော အာဟာရဓာတ် (၃) မျိုး ရှိသည်။ ၎င်းတို့မှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် ဘိုရွန်တို့ဖြစ်ကြသည်။
ပိုတက်ဆီယမ်
အသီးအခွံကို ထူထဲစေပြီး အသီးအက်ကွဲခြင်းကို လျှော့ချပေးနိုင်သလို သယ်ယူပို့ဆောင်ရာတွင် ထိခိုက်ပျက်စီးနိုင်တာကိုလည်း လျှော့ချပေးပါသည်။
ကယ်လ်ဆီယမ်
အသီးအက်ကွဲခြင်းကို ကာကွယ်ရန် ဘိုရွန်နှင့်အတူ ကယ်လ်ဆီယမ်ကိုလည်း လုံလောက်စွာ ကျွေးပေးဖို့လိုသည်။ ကယ်လ်ဆီယမ်ပမာဏများခြင်းသည် ကလပ်စည်းနံရံများကို ထူစေပြီး အသီးကို ကျစ်လျစ်သန်မာစေပါသည်။
ဘိုရွန် (B)
အသီးအခွံပိုမိုကျုံလွယ်ဆန့်လွယ်ဖြစ်စေပြီး အသီးအက်ကွဲခြင်းကိုလျော့ကျစေကာ ကြာရှည် သိုလှောင်နိုင်သည်။ အသီးကြီးထွားချိန်တွင် ဘိုရွန်ဓာတ်ချို့တဲ့ပါက သို့မဟုတ် ရေပမာဏများကို ပုံမှန် မဟုတ်ဘဲ သွင်းပေးခြင်းသည် အသီးအတွင်းပိုင်း အက်ကွဲခြင်းကို ဖြစ်စေသည်။
ဒေါက်တာကိုကို