နွားချေး - နွားသေး - မြေကြီးဖျော်ရည် (IMO)

01/09/2020 15:00 PM တွင် U Thein Su U Thein Su မှ ရေးသား ပြီး ဆုဆွေဖောင်ဒေးရှင်း ဆုဆွေဖောင်ဒေးရှင်း မှ ပေးပို့ထားပါသည်။

    ဒေသတွင်းအဏုဇီဝသက်ရှိဖျော်ရည်ဆိုသည်မှာ မိမိဒေသတွင်ရှိနေသည့် အဏုဇီဝသက်ရှိများကို မွေးမြူ၍ ပွားများရယူခြင်းဖြစ်သည်။ ဤနည်းစနစ်ကို ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများတွင် အများဆုံးအသုံးပြုကြသည်။ ဤအရည်ကို မြေဩဇာအဖြစ်ထည့်သွင်းသည်မဟုတ်ဘဲ အကျိုးပြုအဏုဇီဝသက်ရှိများကို ပွားများအောင်မွေးမြူပြီး မြေကြီးအတွင်းထည့်ပေးခြင်းဖြစ်သည်။ ထိုအဏုဇီဝသက်ရှိများက မြေကြီး၏ သဘာဝဂေဟစနစ်နှင့် မြေဆီဩဇာဓာတ်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးသည်။

ပါဝင်သောပစ္စည်းများ

) နွား (ကျွဲ) ချေးလတ်လတ်ဆတ်ဆတ် ၆ ပိဿာ

) နွား (ကျွဲ) သေးလတ်လတ်ဆတ်ဆတ် ၁၀ လီတာ

) ပဲမှုန့်အစိမ်း ၁.၅ ပိဿာ

) ထန်းလျက် ၁.၅ ပိဿာ

) ဝါးရုံပင် (သစ်ပင်) အောက် (-) လက်မအနက်မှ မြေကြီး ၀.၅ ပိဿာ

) ရေ ၅၀ ဂါလံ

    ရေဂါလံ (၅၀) ထဲမှ ရေအချို့နှင့် နွားချေးများကိုဖျော်၍ အမှိုက်များကိုဆယ်ယူပစ်ပြီး ရေဂါလံ (၅၀) ပုံးထဲသို့ ထည့်ပါ။ ပဲမှုန့်ကိုလည်း ရေအချို့နှင့် ဖြည့်ဖြည့်ချင်းဖျော်၍ အားလုံးပျော်ဝင်သွားသည့်အခါ ရေပုံးထဲသို့ထည့်ပါ။ ဝါးရုံပင်(သစ်ပင်)အောက်မှ မြေကြီးကိုယူရာတွင် မြေကြီးအပေါ်ယံမှအမှိုက်များကိုဖယ်ပစ်ပြီး အနက် (-) လက်မမှမြေသားကို ငါးဆယ်သားတူးယူရသည်။ မြေကြီးများကို ရေအချို့နှင့်ဆေးကြောပြီး ပါလာနိုင်သည့်အမှိုက်များကို ဖယ်ပစ်၍ ရေပုံးထဲသို့ထည့်ပေးပါ။ နွားသေးကိုလည်း ရေပုံးထဲသို့ထည့်ပေးပြီး အားလုံးသမသွားအောင်မွှေပေးပါ။ ရေပုံးကြီးကို ဇကောဗန်းကြီးဖြင့် ဖုံးအုပ်ပြီး ဗန်းပေါ်မှအဝတ်ပိတ်စဖြင့်ဖုံးကာ နှုတ်ခမ်းသားပတ်ပတ်လည်ကို ကြိုးဖြင့်ချည်နှောင်ထားပေးပါ။ ဖျော်ရည်ပုံးကြီးကို အရိပ်ထဲတွင်ထားပြီး တစ်နေ့တစ်ကြိမ်မွှေပေးပါ။

    ငါးရက်ခန့်ကြာပါက မျက်နှာပြင်တွင် မှိုမျှင်များတက်လာပြီး တစ်ပတ်ဆယ်ရက်ခန့်ရှိလျှင် ပုံးကြီး၏မျက်နှာပြင်အပြည့် မှိုမျှင်ပေါင်းစုံ ဖုံးလွှမ်းသွားသည်။ ဖျော်ရည်သည် ပယင်းရောင်ပြောင်းလာပြီး ကဇော်နံ့သင်းလာသည်။ ပူအိုက်သောရာသီတွင် (၁၂) ရက်ခန့်ကြာပါက စတင်သုံးစွဲနိုင်ပြီး အေးသောရာသီတွင် သုံးပတ်ခန့်ကြာလျှင် သုံးစွဲ၍ရသည်။ ကဇော်နံ့မထွက်ဘဲ အပုပ်နံ့ထွက်ပါက လုပ်ဆောင်မှုမအောင်မြင်၍ သုံးစွဲရန်မသင့်ပါ။

အသုံးပြုပုံ

     အိုင်အမ်အိုကို အပင်ပေါ်သို့ ဆေးဖျန်းပုံးဖြင့်ဖြစ်စေ တိုက်ရိုက်ပက်ဖျန်းနိုင်သည်။ ဆေးရည်ကို စစ်ပြီးမှ ဆေးဖျန်းပုံးထဲသို့ ထည့်ပေးရသည်။ လယ်ကွက်များတွင် ထည့်သွင်းလိုပါက ရေသွင်းပေါက်မှ အစက်ချစနစ်ဖြင့် သွင်းပေးသည်။ မြေပြင်ချိန်မှစတင်ပြီး သီးနှံစိုက်ပျိုးတစ်ရာသီတွင် ခြောက်ကြိမ်အထိ ပက်ဖျန်းပေးနိုင်သည်။ အိုင်အမ်အိုဖျော်ရည်သည် အာဟာရဖျော်ရည်မဟုတ်ပါ။ အရည်ထဲတွင် အကျိုးပြုအဏုဇီဝသက်ရှိ အမျိုးအစားပေါင်း (၇၅၀၀၀) ကျော်ပါရှိပြီး ဤသက်ရှိများက မြေဆီလွှာ၏ သဘာဝဂေဟစနစ်ကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုပေးသည်။ သီးနှံပင်အတွက် အာဟာရဓာတ်များရလွယ်အောင် လုပ်ဆောင်ပေးကြသည်။ ဟင်းသီးဟင်းရွက်များတွင် အသီးအနှံများ ပိုမိုကြီးထွားကြပြီး လယ်ယာသီးနှံများတွင် အထွက်တိုးကြသည်။

ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး တောင်သူလက်စွဲစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

ဆရာကြီးဦးသိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်) ၏ စာအုပ်ကို တန်ဖိုးငွေ ၂၀၀၀ ကျပ်ဖြင့် ၀၉-၄၅၀၀၆၁၉၄၇/ ၀၉-၉၇၇၄၀၀၃၆၃ ကို ဆက်သွယ်မှာယူနိုင်ပါသည်။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်