ကမ္ဘာ့ဒေသအချို့တွင် အင်းဆက်ပိုးမွှားများ ထက်ဝက်နီးပါး လျော့နည်းလာ

26/04/2022 15:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ရာသီဥတုပြောင်းလဲလာမှုနဲ့ စိုက်ပျိုးရေး အကြီးစားလုပ်ကိုင်မှုတွေကြောင့် ကမ္ဘာ့အချို့ဒေသတွေမှာ အင်းဆက်ပိုးမွှားကောင်ရေ ထက်ဝက်နီးပါး လျော့နည်းသွားခဲ့ရတယ်လို့ လေ့လာမှုသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

အင်းဆက်တွေဟာ ဂေဟစနစ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပြီး ဝတ်မှုန်ကူးတာနဲ့ ဖျက်ပိုးထိန်းချုပ်ရာမှာ အသုံးဝင်ပါတယ်။

လယ်ယာစိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်တဲ့ဒေသတွေနဲ့ ရာသီဥတုပူနွေးမှု မြင့်မားတဲ့နေရာတွေဟာ ရာသီဥတုပူနွေးမှု မှတ်တမ်းမရှိသေးတဲ့ သဘာဝတောတောင်အဖုံးလွှမ်းဆုံးဒေသတွေနဲ့ယှဉ်ရင် အင်းဆက်ကောင်ရေ ၄၉ ရာခိုင်နှုန်း ပိုမိုလျော့နည်းနေပြီး အင်းဆက်အမျိုးစုံလင်မှုကလည်း ၂၉ ရာခိုင်နှုန်း လျော့နည်းနေတယ်လို့ သုတေသနက တွေ့ရှိခဲ့ပါတယ်။

မြေယာအသုံးချမှု၊ ရာသီဥတုပြောင်းလဲမှုတို့နဲ့ ဆက်စပ်ပြီး အပူပိုင်းဒေသတွေမှာ အင်းဆက်အမျိုးအစားတွေအများဆုံး လျော့နည်းလာတာ တွေ့ရတယ်လို့ လေ့လာမှုက ဆိုပါတယ်။

"အင်းဆက်များစွာဟာ လူတွေပေးတဲ့ ဖိအားဒဏ်ကို အလွန်ပဲ ခံနိုင်ရည် နည်းပါးကြပါတယ်။ ဒါဟာ ရာသီဥတု ပိုမိုပြောင်းလဲလာတာနဲ့ စိုက်ပျိုးရေးဧရိယာတွေ ဆက်လက်ချဲ့ထွင်လာတာတို့နဲ့ သက်ဆိုင်နေပါတယ်" လို့ သုတေသနကို ဦးဆောင်ရေးသားခဲ့သူ UCL ဇီဝမျိုးကွဲစုံလင်မှုနှင့် သဘာဝပတ်ဝန်းကျင်သုတေသနစင်တာမှ ဒေါက်တာ  ချာလီအော့ဝိတ်က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေက သဘာဝတောတောင်အသိုက်အမြုံတွေကို ထိန်းသိမ်းဖို့၊ အကြီးစားလယ်ယာလုပ်ငန်း ချဲ့ထွင်တာတွေကို နှေးကွေးစေဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ဖို့ အလျင်အမြန် လုပ်ဆောင်သင့်နေပြီဆိုတာကို မီးမောင်းထိုးပြနေပါတယ်"

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ဟာ တိမ်မြုပ်နေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားစွန်းလောက်သာ ဖြစ်နိုင်ပါတယ်။ တချို့ဒေသတွေမှာက သက်သေအထောက်အထား ရနိုင်မှု နည်းပါတယ်။ အထူးသဖြင့် အပူပိုင်းမှာဆိုရင်  အဝေးလံဆုံးဒေသတွေမှာ အင်းဆက်အမျိုးအစား ကျဆင်းနှုန်း အမြင့်ဆုံးကို တွေ့ရှိခဲ့ရပါတယ်" လို့ ၎င်းက ပြောပါတယ်။

အင်းဆက်တွေ လျော့နည်းလာတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အပြင် ပိုးတောင်မာ၊ ယင်ကောင်၊ ပျား၊ လိပ်ပြာနဲ့ ဓားခုတ်ကောင်တွေ ပျက်စီးကုန်တာက လူသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

"ကျွန်တော်တို့အနေနဲ့ လူသားကျန်းမာရေးနဲ့ သုခချမ်းသာအပြင် ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အင်းဆက်တွေ အရေးပါတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံကြရပါမယ်။ ကျွန်ုပ်တို့က သူတို့အပေါ် ဖြစ်ပေါ်စေတဲ့ ခြိမ်းခြောက်မှုတွေကို မျိုးစိတ်များစွာ ထာဝရ ပျောက်ဆုံးမသွားခင် ဖြေရှင်းကြရပါမယ်" လို့ လေ့လာမှုကို ပူးတွဲရေးသားခဲ့သူ မဟာကျောင်းသား ပီတာမက်ကန်းက ပြောပါတယ်။

သဘာဝတောတောင်တွေ ၇၅ ရာခိုင်နှုန်းလောက်အထိ ဖုံးလွှမ်းနေတဲ့ ဒေသတွေမှာ အင်းဆက်ကောင်ရေ လျော့ကျနှုန်း ၇ ရာခိုင်နှုန်းသာ ရှိပြီး သဘာဝတောတောင်ရိပ်မြုံ ၂၅ ရာခိုင်နှုန်းသာ ဖုံးလွှမ်းနေတဲ့ ဒေသတွေမှာတော့ ကောင်ရေလျော့နှုန်း ၆၃ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ နှိုင်းယှဉ်သိရှိရပါတယ်။

လူတွေကြောင့် အင်းဆက်ပိုးကောင်တွေ ဆုံးရှုံးရမှုဟာ ယခုလေ့လာတွေ့ရှိချက်ထက်တောင် ပိုများနိုင်ကြောင်း သုတေသနပညာရှင်တွေက သတိပေးပါတယ်။ သူတို့ရဲ့ လေ့လာမှုကာလမတိုင်ခင်ကတည်းက လူသားဒဏ်ခံရမှုများတဲ့ နေရာဒေသတွေမှာ အင်းဆက်မျိုးကွဲ လျော့ကျမှုတွေ ကြုံခဲ့ရပြီးဖြစ်နိုင်ကြောင်း ၎င်းတို့က ထောက်ပြပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Climate change and intensive agriculture have halved number of insects in worst-hit areas

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်